အိမ်ခြံမြေဈေးကွက်သည် ပြီးခဲ့သည့်နှစ်က ထိုက်သင့်သလောက် အရောင်းအဝယ် ရှိခဲ့သော်လည်း ယခုနှစ်လယ်မှစကာ သိသိသာသာ အရောင်းအဝယ် ငြိမ်သက်ခဲ့ပြီး လက်ရှိအချိန်၌လည်း ဈေးကွက်လှုပ်ရှားမှု မရှိသလောက် ဖြစ်နေကြောင်း အိမ်ခြံမြေဈေးကွက်အသိုင်းအဝိုင်းက ပြောဆိုနေကြသည်။
မြို့နယ်အလိုက် တပေပတ်လည် စံနှုန်း သတ်မှတ်ချက် ထုတ်ပြန်မှုများ၊ ပြီးခဲ့သည့်နှစ်တွင် ထွက်ပေါ်ခဲ့သော အခွန်နှုန်းထားထုတ်ပြန်ချက်များ၊ ဆောက်လုပ်ခွင့် မကျသေးဘဲ အဆောက်အအုံ ဆောက်လုပ်ခြင်းကို အရေးယူခြင်းများရှိလာခြင်းကြောင့် ကြိုပွိုင့် အရောင်းအဝယ်များအပေါ် ရိုက်ခက်မှုနှင့် အိမ်ခြံမြေ ဈေးကွက် အတွင်း ငွေကျပ် သိန်းတထောင်ကျော် ရောင်းဝယ်ပါက အကြောင်းကြားရမည်ဆိုသော ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအဖွဲ့၏ သတင်းများက အိမ်ခြံမြေဈေးကွက်အပေါ် သက်ရောက်ကာ အရောင်းအဝယ်များ ငြိမ်သက်စေခဲ့ခြင်း ဖြစ်သည် ဟု ၎င်းတို့က ဆိုသည်။
မြို့နယ်အလိုက် တပေပတ်လည်စံနှုန်း သတ်မှတ်ချက်တွင် နေရာအလိုက် လမ်းမ၊ လမ်းကျဉ်း၊ လမ်းကျယ်၊ လမ်းသွယ် အပေါ်မူတည်၍ ဈေးနှုန်းသတ်မှတ်ရာ ရန်ကုန်မြို့လယ်ကောင်နေရာများတွင် ကျပ်သိန်းဂဏန်းရှိပြီး ခရမ်းသုံးခွ၊ တိုက်ကြီး၊ မှော်ဘီကဲ့ သို့သော နေရာမျိုးတွင် ကျပ် ထောင်ဂဏန်းသာရှိ ကြောင်း သိရသည်။
ယင်းဈေးနှုန်းများသတ်မှတ်လိုက်မှုနှင့် ဆက်စပ် ၍ စမ်းချောင်းမြို့နယ် ပြည်ကြီးတံခွန် အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းမှ အရောင်းနှင့် ဈေးကွက် တာဝန်ခံ မငြိမ်းက “၁ ပေပတ်လည် စံနှုန်းတွေ သတ်မှတ်လိုက်တော့ ရောင်းအားကျသွားတယ်၊ အရင်တုန်းက အတိအကျမရှိတော့ လျှော့လို့ ညှိလို့ ရတယ်။ အရောင်းဖြစ်တယ်။ အခွန်က ရှိလာတော့ ရောင်းမယ့်ဈေးအပေါ် အခွန်အတွက်ပါ ပေါင်းပြီး ဈေးခေါ်တော့ ဈေးမြင့်တယ်” ဟု ပြောသည်။
ထိုသို့ တပေပတ်လည်စံနှုန်းသတ်မှတ်ချက်ပေါ် အခြေခံ၍ အခွန်နှုန်းပေါင်းကာ ဈေးသတ်မှတ် ရောင်းချကြရာ တွင် အရောင်းအဝယ်ပါးမှုကြောင့် ဈေးလျှော့ရောင်းမှုများရှိသော်လည်း နေရာကောင်းများမှာ လက်ရှိအထိ ဈေးနှုန်းအမြင့်နှင့် ရှိနေသေးကြောင်း သိရသည်။
လပ်ကီးအိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းမှ ဦးမောင်အေးက “အဝယ်မလိုက်တော့ ဈေးလျှော့တာပေါ့။ နေရာကောင်းကတော့ ဈေးမာနေတုန်းပဲ” ဟု ပြောသည်။
အိမ်ခြံမြေ ဈေးကွက်အတွင်း ငွေကျပ် သိန်း ၁ ထောင် အထက် ရောင်းဝယ်ပါက အကြောင်းကြားရမည် ဟူသော ငွေကြေးခဝါချမှု တိုက်ဖျက်ရေး အဖွဲ့မှ ထွက်ပေါ်လာသော သတင်းများကလည်း အရောင်းအဝယ်ဈေးကွက် အပေါ်တွင် များစွာ သက်ရောက်သွားကြောင်း မြန်မာနိုင်ငံ အိမ်ခြံမြေ ဝန်ဆောင်မှုအသင်း (ဗဟို)ဒု ဥက္ကဋ္ဌ ဦးသန်းဦးက ပြောသည်။
၎င်းက “ဒါဟာ ဒီခေတ်ကာလမှာ သာမန် လူတန်းစားအတွက် အရမ်းများတဲ့ ပမာဏဖြစ်ပေမယ့် စီးပွားရေး လောကမှာ ပြောလောက်တာမရှိဘူး၊ ဒီသတင်းလည်း ထွက်ရော လူတွေက အရောင်း အဝယ်လုပ်ရမှာ အရမ်းကြောက်သွားခဲ့တယ်” ဟု ပြောသည်။
ထို့ပြင် ပြီးခဲ့သည့်နှစ်အတွင်းစတင်ပြီး ဆောက် လုပ်ခွင့် မကျသေးဘဲ အဆောက်အအုံ ဆောက်လုပ် ခြင်း များလာမှုကို အရေးယူဆောင်ရွက်ခြင်းများရှိခဲ့ရာ ကြိုပွိုင့်စနစ်ဖြင့် တိုက်ခန်းအရောင်းအဝယ်များတွင် ဂယက်ရိုက်ခက်မှုများ သိသာစွာဖြစ်စေခဲ့ သည်ဟု ၎င်းကဆိုသည်။
ဦးသန်းဦးက “ပြန်ပြီးဖျက်တဲ့ တိုက်ခန်းတွေ ရှိသလို အရေးယူခံရတဲ့တိုက်တွေလည်းရှိတဲ့အတွက် ကြိုပွိုင့် ဝယ်မယ့်သူတွေ နောက်ဆုတ်သွားတာပေါ့၊ အဆိုးဆုံးက ကွန်ဒိုကိစ္စပေါ့။ နိုင်ငံတကာကလည်း အဆင့်မီ ကွန်ဒိုကြီးတွေ ဆောက်မယ့်ဟာမှာလည်း တော်တော်များများ ငွေဝင်ထားတာရှိတယ်။ ငွေတွေ တော်တော် များများ မြုပ်သွားတဲ့အပိုင်းလည်းရှိတယ်” ဟု ပြောသည်။
ထိုအခြေအနေကြောင့် ကြိုပွိုင့် တိုက်ခန်း အရောင်းအဝယ် ဈေးကွက်မှာ ပြီးခဲ့သည့်နှစ် စက်တင်ဘာလမှစ၍ အရောင်းအဝယ်များ အေးစက်ခဲ့ ကြောင်း၊ ယခုနှစ်ဆန်းစတွင် အနည်းငယ် ပြန်လည် ဖြစ်လာကြောင်း၊ ဈေးနှုန်း များမှာ အထပ်မြင့် ၄ လွှာ ၅ လွှာရှိ ၁၈ ပေဝန်းကျင် အခန်းများတွင် ကြိုပွိုင့် ဈေး ကျပ်သိန်း ၄၀ဝ အထက်တွင် ရှိကြောင်း ဈေး ကွက်အတွင်းမှ စုံစမ်းသိရသည်။
ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ထုတ်ပြန်သော လုပ်ငန်းလုပ်ဆောင်ခြင်း မရှိသည့် ဂိုဒေါင်နှင့် စက်မှုလက်မှု မြေကွက်များအား ပိုင်ဆိုင်ကြသည့် လုပ်ငန်းရှင်များအနေဖြင့် Detail Bussiness Plan အား ၂၀၁၄ ဒီဇင်ဘာ ၁ ရက်နေ့ကို နောက်ဆုံးထားပြီး အစိုးရအဖွဲ့သို့ တင်ပြရမည်ဆိုသည့်အချက်က စက်မှုဇုန် မြေကွက်များ အရောင်းအဝယ်အေးမှုကိုဖြစ်စေကြောင်း အကျိုးဆောင်များက ဆိုသည်။
ယင်းအခြေအနေနှင့် ပတ်သက်၍ ဧရာဝတီ စက်မှုဇုန် ရောင်းဝယ်ငှား အကျိုးဆောင်လုပ်ငန်း လုပ်ကိုင်နေသူ တဦးက “အရင်နှစ်က အရောင်း အဝယ် ဖြစ်ခဲ့ပေမယ့် ဒီနှစ်က သိမ်းမယ်ဆိုတဲ့အတွက် အရောင်းအဝယ် သိပ်မလုပ်ရဲကြဘူး။ ငှားရမ်းမှုကလည်း လောလောဆယ်မှာ သီလဝါဘက်တို့ ဇေကမ္ဘာက ဖော်တဲ့ မြေကွက် တို့ပဲ စိတ်ဝင်စားကြတယ်” ဟု ပြောသည်။
ထိုသို့ အကြောင်းအချက် အမျိုးမျိုးကြောင့် အရောင်းအဝယ် နှေးကွေးအေးစက်နေမှုများ ရှိနေသော်လည်း အခွန်နှုန်းထား ပြောင်းလဲကောက်ခံသည့် ပုံစံက အိမ်ခြံမြေဈေးကွက် အေးစက်ခြင်းအပေါ် မရိုက်ခတ်စေ ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနက ပြောဆိုသည်။ အခွန်ပြောင်းလဲကောက်ခံသည့် ပုံစံမှာ ယခင်နှင့် စာလျှင် လျော့ကျသွားသည့် အခြေ အနေလည်း ဖြစ်သည်။
အိမ်ခြံမြေရောင်းဝယ်မှုနှင့်ပတ်သက်၍ အခွန် နှုန်းထားမှာ ယခင်က ဝယ်သူက ဝင်ငွေခွန် ၃၀ ရာခိုင်နှုန်းနှင့် တံဆိပ်ခေါင်း အခွန် ၇ ရာခိုင်နှုန်း စုစုပေါင်း ၃၇ ရာခိုင်နှုန်း ကောက်ခံခဲ့ပြီး ၂၀၁၄ ခုနှစ်မှစကာ အခွန်အကောက် ဥပဒေ ပုဒ်မ ၂၆ အရ စည်းကြပ်မှုမှကင်းလွတ်နေသော ဝင်ငွေအပေါ် ၁ ကျပ်မှ သိန်း ၅၀ဝ အထိ ၃ ရာခိုင်နှုန်း၊ သိန်း ၅၀ဝ မှ သိန်း ၁၅၀ဝ အထိ ၁၀ ရာခိုင်နှုန်း၊ သိန်း ၁၅၀ဝ မှ သိန်း ၃၀ဝ၀ အထိ ၂၀ ရာခိုင် နှုန်း၊ သိန်း ၃၀ဝ၀ အထက် ၃၀ရာခိုင်နှုန်း ပြောင်းလဲကောက်ခံခဲ့သည်။ ထိုအခြေအနေအရ ယခင် ၃၇ ရာခိုင်နှုန်းမှ ယခု ၃၀ ရာခိုင်နှုန်းအတွင်းသာ အခွန်ပေးဆောင်ရမည့် သဘောဖြစ်သည်။
အခွန်ပြောင်းလဲ သတ်မှတ်ခြင်းက အိမ်ခြံမြေ ဈေးကွက် အပေါ်တွင် သက်ရောက်မှုများစွာ ရှိစေမည် မဟုတ် သည့်အကြောင်းကို ပြည်တွင်း အခွန် များ ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှုး ဦးမြင့်နိုင်က “အခွန်ကြောင့် အရောင်းအဝယ်ပေါ် သက်ရောက် မှုရှိလာတယ်လို့ မထင်ပါဘူး အခုဆိုရင် သက်သာခွင့် တွေပေးထား တယ်”ဟု ပြောသည်။
သို့သော် ငှားရမ်းမှုများနှင့် ပတ်သက်၍ ကျပ် သိန်း ၂၀ အထိသာ အခွန်ကင်းလွတ်ခွင့် ပေးထားပြီး သိန်း ၂၀ ကျော်မှစပြီး သိန်း ၅၀ အထိ ၅ ရာခိုင် နှုန်း၊ သိန်း ၅၀ မှ သိန်း ၁၀ဝ အထိ ၁၀ ရာခိုင်နှုန်း၊ သိန်း ၁၀ဝ မှ သိန်း၂၀ဝ အထိ ၁၅ ရာခိုင်နှုန်း၊ သိန်း ၃၀ဝ အထက် ၂၅ရာခိုင်နှုန်း သတ်မှတ်ထားသည်။
အခွန်နှုန်းထား အပြောင်းအလဲက အိမ်ခြံမြေ ဈေးကွက် အေးစက်သွားမှု အပေါ် သက်ရောက်မှု နည်းမည် ဖြစ်သော်လည်း အခြားအချက်များ ဖြစ် သည့် မြို့နယ်အလိုက် တပေပတ်လည် ဈေးနှုန်းများ သတ်မှတ် လိုက်ခြင်း၊ ဆောက်လုပ်ခွင့် မကျသေးဘဲ အဆောက်အအုံ ဆောက်လုပ်ခြင်းများကို အရေးယူ မှုကြောင့် ကြိုပွိုင့် အရောင်းအဝယ်များ အခက်ဖြစ် သွားခြင်း၊ ငွေကျပ် သိန်းတထောင် ကျော် ရောင်းဝယ်ပါက အကြောင်းကြား ရမည် ဆိုသော ငွေကြေး ခဝါချမှု တိုက်ဖျက်ရေးအဖွဲ့နှင့် ဆိုင်သော သတင်းများ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ထုတ်ပြန် သော လုပ်ငန်းလုပ်ဆောင်ခြင်း မရှိသည့် ဂိုဒေါင်နှင့် စက်မှုလက်မှု မြေကွက်များကို ပိုင်ဆိုင်ကြသည့် လုပ်ငန်းရှင်များအနေဖြင့် Detail Bussiness Plan အားအစိုးရအဖွဲ့သို့ တင်ပြရမည်ဆိုသည့် အချက်များနှင့် ပြန်လည်သိမ်းမည်ဆိုသော အခြေအနေများ ဖြစ်လာခြင်း စသော အချက်များကြောင့် အိမ်ခြံမြေ ဈေးကွက်အရောင်းအဝယ်အေးစက်မှုက ဆက်လက် ဖြစ်နေဦးမည့်သဘော ဖြစ်သည်။
ယင်းသို့ အမျိုးမျိုးသော ထွက်ပေါ်လာခဲ့သည့် အခြေအနေများကို မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင် မှုအသင်း (ဗဟို)ဒု ဥက္ကဋ္ဌ ဦးသန်းဦးက “၂၀၁၄ ခုနှစ်က အတော်လေး မတည်ငြိမ်ဆုံးနှစ်ပဲ၊ ၂၀ဝ၇ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်အထိ ပုံမှန်လေးတက်လာ တယ်။ အဲဒီနောက်ပိုင်းကစပြီး အိမ်ခြံမြေဈေးနှုန်း တွေက မဟားတရားတက် လာခဲ့တာ။ ၂၀၁၄ ကျမှ မူဝါဒ အမျိုးမျိုးတွေကြောင့် မအီမလည်ဖြစ်လာတာ” ဟု ပြောသည်။
ယင်းသို့ မအီမလည် ဖြစ်လာသော အိမ်ခြံမြေ ဈေးကွက်မှာ ယခုကဲ့သို့ အကြောင်းအမျိုးမျိုးသော အခြေအနေများနှင့် ဆက်စပ်လိုက်မည် ဆိုပါက အရောင်းအဝယ်များ ပိုမိုအေးစက်သွားမည့်ဆီသို့ ဦးတည်လျက်ရှိသည်ဟု ဆိုရမည်ဖြစ်သည်။