မြန်မာ့လူမှုပတ်ဝန်းကျင်တွင် ၂၄ နာရီ လုံး ပိတ်ချိန်မရှိသည့် စတိုးဆိုင်များ ( Convenience Stores) များ ဖွင့်လှစ်မှု တဖြည်းဖြည်း ပိုမိုများပြားလာပြီး ဝန်ဆောင်မှု ကောင်းမွန်ခြင်းနှင့် စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းမျိုးစုံ အပါအဝင် ကုန်ပစ္စည်းများ စုံလင်စွာရနိုင်ခြင်းကြောင့် အရှိန်အဟုန်ပြင်းပြင်းဖြင့် နေရာယူအောင်မြင်လာကြောင်း သိရှိရသည်။
ပုံမှန်အားဖြင့် မြန်မာ့လူမှုပတ်ဝန်းကျင်တွင် တပိုင်တနိုင် အိမ်ဆိုင်ပုံစံမျိုးဖြင့် စတိုးဆိုင် ဖွင့်လှစ်ရောင်းချမှု တွင်ကျယ် လေ့ ရှိ သော်လည်း ၂၀၁၃ ခုနှစ်မှစတင်ကာ ပုဂ္ဂလိကစီးပွားရေးကုမ္ပဏီကြီးများက ဖွင့်လှစ်သော ၂၄ နာရီ စတိုးဆိုင် များ တ ဖြည်း ဖြည်း များပြားလားပြီး ယခုအခါ ရန်ကုန် မြို့ လယ် ခေါင် နေရာများနှင့် လူနေထူထပ်သော ရပ်ကွက်များတွင် ၂၄ နာရီ စတိုးများ မြောက် မြားစွာ ဖွင့်လှစ် လာကြသည်။
လတ်တလော ရန်ကုန်မြို့တွင် City Mart Holdings ၊ Myanmar Indo Best နှင့် Capital Hypermart အပါအဝင် စီးပွား ရေး ကုမ္ပဏီကြီးများက grab & go ၊ Union ၊ ABC အမှတ်တံဆိပ် အပါအဝင် အမှတ်တံဆိပ်များစွာဖြင့် ၂၄ နာရီစတိုး ဆိုင် များကို ဖွင့်လှစ် လာပြီး လူနေထူထပ်သော စမ်းချောင်း၊ ကျောက်မြောင်း၊ အလုံ အပါအဝင် ရန်ကုန်မြို့လယ် ခေါင် နေရာ များတွင် ၂၄ နာရီ စတိုးဆိုင် ၂၀၀ ကျော်ရှိလာပြီဖြစ်သည်။
ကုမ္ပဏီကြီးများက ဖွင့်လှစ်သော ၂၄ နာရီ စတိုးဆိုင်များသည် တပိုင်တနိုင်ဖွင့်လှစ်သော ပုဂ္ဂလိက စတိုးဆိုင်များထက် ဝန် ဆောင်မှု ပိုမိုကောင်းမွန်ခြင်း၊ ကုန်ပစ္စည်းအမျိုးအစားစုံလင်စွာ ရနိုင်ခြင်း၊ ပိတ်ချိန်မရှိသည့်အတွက် ညဉ့်နက်သန်းခေါင် အချိန် အထိ ဝယ်ယူနိုင်ခြင်း စသည့် အားသာချက်များစွာကြောင့် အချိန်ခပ်တိုတိုအတွင်း အရှိန်အဟုန်ပြင်းပြင်းဖြင့် အောင် မြင်မှု ရရှိလာသည်။
၂၄ နာရီ စတိုးဆိုင်များသည် လူနေထူထပ်ပြီး လမ်းလျှောက်သွားလာသူ များပြားသော လမ်းမတန်း နေရာများ၊ ဘတ်စ် ကား မှတ်တိုင်များနှင့် နီးစပ်သော နေရာများတွင် အဓိက ရွေးချယ် ဖွင့်လှစ်တတ်ကြပြီး သန့်ရှင်းသပ်ရပ်သော ဆိုင်အခင်း အကျင်း နှင့် ဝန်ဆောင်မှုပုံစံများက ရပ်ကွက်ထဲ၊ လမ်းထဲရှိ အိမ်ဆိုင်များနှင့် မတူသည့် အားသာချက်များ ဖြစ်သည်။
“Convenience Stores တွေ အားသာတာက ဆိုင်အခင်းအကျင်း သပ်သပ်ရပ်ရပ် ရှိတာရယ်၊ နည်းနည်း ပိုကျယ် တာ ရယ်၊ အစားအစာတွေက သန့်သန့်ရှင်းရှင်းနဲ့ မြင်ရတာ ပိုအဆင်ပြေတယ်။ အိမ်ဆိုင်တွေမှာလို ဘာလိုချင်လဲ ပြောနေ စရာ မလိုဘူး။ ကိုယ့်ဖာသာ လိုချင်တဲ့ ပစ္စည်းယူပြီးတော့ ပိုက်ဆံရှင်းရုံပဲ။ ဒါလေးတွေတော့ သာပါတယ်” ဟု လမ်းမတော် မြို့နယ်မှ ကိုစည်သူက မှတ်ချက်ပြုသည်။
၂၄ နာရီ စတိုးဆိုင်များကို မြန်မာပြည်သူများ၏ ဝယ်ယူအားပေးမှုက အားတက်စရာကောင်းကြောင်း Capital Diamond Star Group ၏ အလုပ်အမှုဆောင် အရာရှိချုပ်လည်းဖြစ်၊ Grab & Go Convenience Store များ၏ ပိုင်ရှင်လည်းဖြစ်သူ Mr. Abdul Latip Isnin က ဆိုသည်။
“Convenience Stores တွေက အဆင်ပြေတဲ့ နေရာအနေအထားတွေမှာ ရှိတယ်။ ဈေးဝယ်သူတွေက ပစ္စည်းသေးသေး လေးတွေ ဝယ်ဖို့အတွက် အဝေးကြီး လမ်းမလျှောက်ချင်ကြဘူး။ နောက် ဒီဆိုင်တွေမှာက ပစ္စည်းတွေကို စနစ်တကျ စီစဉ် ထားတာကြောင့် ဈေးဝယ်သူတွေအတွက် ပိုလွယ်ကူစေတယ်။ ပြီးတော့ အိမ်ဆိုင်တွေမှာလို မဟုတ်ဘဲ အပြင်အဆင် ကောင်းကောင်းနဲ့ သန့်သန့်ရှင်းရှင်း ရှိတယ်။ အဲယားကွန်းအခန်းတွေ ဖြစ်တဲ့အတွက် ဈေးဝယ်သူတွေအဖို့ ပိုသက်တောင့် သက်သာ ရှိစေတယ်။ ဖော်ရွေယဉ်ကျေးတဲ့ ဝန်ထမ်းတွေရဲ့ ဝန်ဆောင်မှုကြောင့်လည်း ဈေးဝယ်သူတွေကို နောက် တ ခေါက် လာအောင် ဆွဲဆောင်နိုင်ပါတယ်” ဟု Mr. Abdul Latip Isnin က ဧရာဝတီသို့ ပြောသည်။
ထို့ပြင် မြန်မာနိုင်ငံသို့ ကမ္ဘာလှည့် ခရီးသွား လာရောက်လည်ပတ်မှု မြင့်တက်လျက်ရှိနေရာ ၂၄ နာရီ စတိုးဆိုင်များ ပေါ်ပေါက်လာခြင်းကြောင့် ကမ္ဘာလှည့်ခရီးသည်များအတွက်လည်း အဆင်ပြေချောမွေ့စေသည်။
“တခါတလေ နိုင်ငံခြားသား ခရီးသွားလိုမျိုးတွေ အတွက်ကတော့ အိမ်ဆိုင်တွေမှာ ဝယ်ရတာ သိပ်အဆင်ပြေကြမှာ မဟုတ်ဘူး။ ဘာသာစကား အခက်အခဲရော၊ သူတို့နဲ့ အသားကျတဲ့ ဈေးဝယ်တဲ့ ပုံစံမျိုးလည်း မဟုတ်တဲ့ အခါကျတော့ Convenience Store ဆိုင်တွေမှာ ဝယ်ရတာက ပိုအဆင်ပြေနိုင်တယ်။ ပြီးတော့ ညသန်းခေါင်လို အချိန်မျိုးဆိုရင်လည်း သူတို့အတွက်က အဲဒီလို အချိန်မရွေး ဝယ်လို့ရတဲ့ ဆိုင်တွေမှာ ဝယ်ရတာက နည်းနည်း ပိုစိတ်ချရမယ် ထင်တယ်” ဟု ပုဇွန်တောင်မြို့နယ်၊ ရေကျော်လမ်းမပေါ်တွင် စတိုးဆိုင်ဖွင့်လှစ်ထားသော ဆိုင်ပိုင်ရှင် ဒေါ်သီတာက ဧရာဝတီသို့ ပြောပြသည်။
၂၄ နာရီ စတိုးဆိုင်များတွင် အားသာချက်များရှိသော်လည်း မြန်မာလူမှုပတ်ဝန်းကျင်အတွက် ဆိုးကျိုးများလည်း ဖြစ်ပေါ် စေသည်။ အထူးသဖြင့် ၂၄ နာရီ လုံး ပိတ်ချိန်မရှိသည့်အတွက် ညအချိန် အရက်ယမကာ လာရောက် ဝယ်ယူသူများနှင့် ဈေးဝယ်သူများ ၏ဆူညံမှုများကြောင့် အနီးပတ်ဝန်းကျင်ရှိ လူနေအိမ်များအတွက် အနှောင့် အယှက်ဖြစ်ပေါ်စေသည်။ သို့ရာတွင် ယင်းပြဿနာမှာ ဥပဒေနှင့် စည်းမျဉ်းစည်းများဖြင့် စနစ်တကျ ထိန်းသိမ်းနိုင်မည်ဆိုပါက အဆင်ပြေနိုင်ကြောင်း ရန်ကုန်မြို့ခံ တချို့က သုံးသပ်ပြောဆိုသည်။
စီးပွားရေးကုမ္ပဏီကြီးများ၏၂၄ နာရီစတိုးဆိုင်များ တွင်ကျယ်လာမှုသည် တပိုင်တနိုင် ပုဂ္ဂလိက စတိုးဆိုင်များအတွက် စိန်ခေါ်မှု တရပ်ဖြစ်လာသော်လည်း နောင်အနာဂတ်တွင်မူ ၂၄ နာရီ စတိုးဆိုင်များကသာ အဓိက နေရာရလာမည်ဟု ဈေးကွက်ကျွမ်းကျင်သူများက ဆိုကြသည်။
ABC ၂၄နာရီ စတိုးဆိုင်များ၏ လုပ်ငန်းဖွံ့ဖြိုးရေး မန်နေဂျာ ကိုလင်းထိုက်က ပုဂ္ဂလိက စတိုးဆိုင်များသည် ၂၄ နာရီ စတိုး ဆိုင်များအတွက် အဓိက ပြိုင်ဘက်မဟုတ်ဘဲ ရာခိုင်နှုန်း အနည်းငယ်မျှသော ပြိုင်ဘက်အဖြစ် ရပ်တည်နေကြောင်း ပြော ဆိုသည်။
“အချိန်ကာလ တခု ရောက်ရင်တော့ ၂၄ နာရီ စတိုးတွေ များလာတာနဲ့အမျှ အထူးသဖြင့် မြို့ထဲပိုင်းတွေမှာ အိမ်ဆိုင်တွေ မရှိသလောက် နည်းသွားပါလိမ့်မယ်” ဟု ကိုလင်းထိုက်က ဧရာဝတီသို့ ပြောသည်။
သို့ရာတွင် ပုဂ္ဂလိစတိုးဆိုင်များတွင် ကုမ္ပဏီများက ဖွင့်လှစ်ထားသော ၂၄ နာရီ စတိုးများထက် အားသာချက်တချို့ရှိနေပြီး ပုံမှန်ဝယ်ယူအားပေးနေသည့် ဖောက်သည်များ ရှိနေဆဲပင်ဖြစ်သည်။
အိမ်ဆိုင်များ၊ ကုန်စုံဆိုင်များတွင် ဝယ်ယူရသည်ကို ကြိုက်နှစ်သက်သည့် လမ်းမတော်မြို့နယ်မှ ကိုဇော်ဝင်းက “အိမ်ဆိုင် တွေမှာ ဝယ်ရတာနဲ့ Convenience Store ဆိုင်တွေမှာ ဝယ်ရတာက မတူဘူး။ အိမ်ဆိုင်တွေမှာဆိုရင် ကိုယ်က အဲဒီ ဆိုင် မှာ အမြဲတမ်း ဝယ်နေကျ ဖောက်သည်ဖြစ်မယ်ဆိုရင် ဆက်ဆံခံရတဲ့ ပုံစံမျိုး မတူဘူး။ ပြန်အမ်းစရာ အကြွေမရှိတဲ့အခါ လျှော့ပေးလိုက်တာမျိုး၊ ဈေးလျှော့ပေးတာမျိုး ရှိတယ်။ Convenience Stores ဆိုင်တွေမှာက မတူဘူး။ သူတို့အတွက်က ဘယ်လို လူမျိုးပဲဖြစ်ဖြစ် ဈေးဝယ်သူပဲ။ တပုံစံတည်းပဲ ဆက်ဆံတယ်။ လျှော့ပေးတာတွေ ဘာတွေလည်း မရှိဘူး။ ဝယ်တဲ့ သူတွေ အပေါ်မှာ အဲဒါလေးတော့ နည်းနည်းလေး ကွာတယ်” ဟု ပြောသည်။