ကမ္ဘာကျော် မိုဘိုင်းလ်ဖုန်းဆက်သွယ်ရေးကုမ္ပဏီကြီးဖြစ်သည့် နော်ဝေနိုင်ငံမှ တယ်လီနောကုမ္ပဏီသည် ထိုင်းနိုင်ငံ၊ မြန်မာ နိုင်ငံ အပါအဝင် အာရှဈေးကွက်တွင် ခက်ခဲစွာ ယှဉ်ပြိုင်နေရပြီး အမြတ်ရရှိနိုင်မှု နည်းပါးနိုင်သည်ဆိုသော ခန့်မှန်း ချက်များကြောင့် ရှယ်ယာဈေးနှုန်းများ ၇ ရာခိုင်နှုန်းကျဆင်းသွားကြောင်း Reuters သတင်းတရပ်အရ သိရှိရသည်။
တယ်လီနောကုမ္ပဏီသည် ၂၀၁၄ ခုနှစ် စတုတ္ထ ၃လပတ်တွင် ခန့်မှန်းထားသော အကျိုးအမြတ် မရရှိခဲ့ကြောင်း၊ အထူးသ ဖြင့် ထိုင်းနိုင်ငံတွင် အကြီး အကျယ်ယှဉ်ပြိုင်နေရခြင်း ၊ မြန်မာနိုင်ငံ၏ မိုဘိုင်းလ်ဈေးကွက်သစ်တွင် ဆက်သွယ်ရေး အခြေခံ အဆောက်အဦ ရင်းနှီး မြှုပ်နှံ ရခြင်းနှင့်ဈေးကွက်ထိုးဖောက်ရန် ငွေကြေး သုံးစွဲနေရခြင်း တို့ကြောင့် အမြတ် ရရှိ နိုင်မှု နည်းပါးဆိုသော ခန့်မှန်း မှုများရှိလာပြီး တယ်လီနောရှယ်ယာဈေးများ ၇ ရာခိုင်နှုန်းလျော့ကျသွားခဲ့ကြောင်း သိရှိရ သည်။
တယ်လီနောကုမ္ပဏီသည် ၂၀၁၄ ခုနှစ်တွင် အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံ အပါအဝင် အလျှင်အမြန်တိုးတက်နေသည့် အာရှ ဈေးကွက်တွင် နေရာယူ နိုင်ခဲ့သည့် အတွက် ဥရောပ ဒေသတွင်းဆက်သွယ်ရေးပြိုင်ဘက်ကုမ္ပဏီများကို အသာစီး ရယူ နိုင်သော်လည်း အကျိုးအမြတ်မှာမူ စိတ်ပျက်စရာကောင်းခဲ့သည်။
အာရှနှင့် ဥရောပ တိုက်များတွင် သုံးစွဲသူ သန်း၁၈၀ ကျော်ရှိသည့် တယ်လီနောကုမ္ပဏီသည် မြန်မာနိုင်ငံတွင် ကွန်ရက် တခု တည် ဆောင် နေပြီး ထိုင်းနိုင်ငံတွင်လည်း ခက်ခဲစွာယှဉ်ပြိုင်နေရသည့် အတွက် ကုန်ကျစရိတ် တက်လာပြီး မိုဘိုင်းလ် ဖုန်းဟန်းဆက် အရောင်းလည်း ကျဆင်းနေကြောင်း ကုမ္ပဏီ၏ထုတ်ပြန်ချက်အရ သိရှိရသည်။
“ထိုင်းနိုင်ငံက လက်ရှိရလဒ်တွေက ကျနော်တို့အတွက် ကျေနပ်စရာမရှိပါဘူး။ ပြီးခဲ့တဲ့ ၃လပတ် မှာ ထိုင်းက ကုမ္ပဏီခွဲ ဖြစ် တဲ့ DTAC က data (အင်တာနက်) ကနေရတဲ့ ဝင်ငွေကို တိုးလာအောင် မလုပ်နိုင်ခဲ့ပါဘူး” ဟု အမှုဆောင် အရာရှိချုပ် Jon Fredrik Baksaas က Reuters သတင်းဌာနသို့ ပြောသည်။
တယ်လီနော ကုမ္ပဏီက ၂၀၁၅ ခုနှစ်တွင် ဝင်ငွေကို ၄ရာခိုင်နှုန်းမှ ၆ ရာခိုင်နှုန်းအတွင်း တိုးတက်လာမည်ဟု မျှော်လင့် ထား ပြီး ကုမ္ပဏီ၏ဝင်ငွေ (EBITDA) ကျဆင်းမှု ရာခိုင်နှုန်းကိုလည်း လျော့ချနိုင်မည်ဟု မျှော်လင့်ထားကြောင်း၊ ၂၀၁၄ ခုနှစ် တွင် ဝင်ငွေ ကျဆင်းမှု ၃၅ ဒသမ ၄ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၁၅ ခုနှစ်တွင် ဝင်ငွေကျပ်ဆင်းမှု ၃၃ နှင့် ၃၅ ရာခိုင်နှုန်း အတွင်း သို့ လျှော့ချနိုင်ရန် မျှော်လင့်ထား ကြောင်း ကုမ္ပဏီ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တယ်လီနောကုမ္ပဏီ၏ စတုတ္ထ ၃လပတ်ဝင်ငွေသည် အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံ အထိ ၄ ရာခိုင်နှုန်း မြင့် တက် ခဲ့ပြီး ထိုင်း၊ အိန္ဒိယနှင့် ဆွီဒင်တို့တွင် မျှော်လင့်ထား သည့် ပမာဏ အမေရိကန်ဒေါ်လာ ၁ ဒသမ ၂၈ ဘီလီယံ ထက် လျော့ နည်း ခဲ့ကြောင်း သိရှိရသည်။
တယ်လီနောရှယ်ယာများ၏ အမြတ်အနေဖြင့် ရှယ်ယာ တစုလျှင် အမေရိကန်ဒေါ်လာ ၀ ဒသမ ၉၆ ရှိနေရာမှ ၁ ဒသမ ၀၂ ဒေါ်လာ ဖြစ်လာမည်ဟု ခန့်မှန်းခဲ့ သော်လည်း လက်တွေ့တွင်မူ ထိုသို့ မဖြစ်လာခဲ့ပေ။ တယ်လီနော ရှယ်ယာ ဈေးနှုန်း များသည် ၇ ဒသမ ၇၅ ရာခိုင်နှုန်းလျော့ကျသွားသည့် အတွက် ဥရောပ ထိပ်တန်း ကုမ္ပဏီများကြား တွင် စွမ်းဆောင် မှု ဒုတိယ အဆိုးဆုံး ကုမ္ပဏီဖြစ်စေခဲ့ပြီး တယ်လီနော ရှယ်ယာဈေးကွက်တွင် ရင်းနှီးမြှုပ်နှံမှု အမေရိကန် ဒေါ်လာ ၂ ဒသမ ၅ ဘီလီ ယံလျော့ကျသွားသည်။
နော်ဝေ အစိုးရက တယ်လီနောကုမ္ပဏီတွင် ၎င်း၏ ရှယ်ယာ ထည့်ဝင်မှုကို ၅၄ ရာခိုင်နှုန်းမှ ၃၄ ရာခိုင်နှုန်း အထိလျှော့ချ လိုက်သဖြင့် ရင်းနှီးမြှုပ်နှံမှုများ နှောင့်နှေးသွားခဲ့ပြီး တယ်လီနောကုမ္ပဏီသည် European Telecom Index တွင် စွမ်း ဆောင် ရည် နိမ့်ကျမှု ၁၅ ရာခိုင်နှုန်း အထိဖြစ်သွားခဲ့သည်။
သို့သော်လည်း မြန်မာနိုင်ငံတွင် လုပ်ငန်းရှေ့ဆက်လုပ်ဆောင်နေဆဲကာလ ဖြစ်သည့် အတွက် ထိခိုက်မှုအချို့သည် ယာယီ သာ ဖြစ်သည်ဟု လေ့လာဆန်း စစ်သူများက သုံးသပ်ပြောဆိုပြီး ပထမ ပိုင်း လအနည်းငယ်အတွင်းတွင်ပင် မြန်မာနိုင်ငံမှ သုံးစွဲသူ အသစ် ၃ ဒသမ ၄ သန်း ရှာဖွေနိုင်မှုကို တိုးတက်မှုအဖြစ် ထောက်ပြကြသည်။
“အရောင်းနဲ့ဝင်ငွေတိုးတက်မှုနဲ့ အကျိုးအမြတ်ရည်မှန်းချက် ၂ ခုလုံးက တကယ်တော့ မြန်မာနိုင်ငံမှာ လျှင်လျှင်မြန်မြန် နေရာ ရလာတာ ကို ရောင်ပြန်ဟပ်ပြနေတာ ဖြစ်တယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်။ အမြင့်ဆုံး ငွေကြေးစိုက်ထုတ်မှုကို လုပ်ထားတာက ဒီတိုးတက်မှုက အချိန်နဲ့ အညီဖြစ်စေဖို့ ဖြစ်ပါတယ်” ဟု စီးပွားရေး အကျိုးဆောင် တဦးဖြစ်သည့် Jefferies က မှတ်ချက်ပေးသည်။
တယ်လီနော၏ အဓိကနေရာ ဖြစ်သော ဥရောပ မြောက်ပိုင်းဈေးကွက်တွင် အမြတ်၏ ၃ပုံ ၁ပုံကျော်သာရှာဖွေနိုင်ခဲ့ပြီး နော်ဝေ နိုင်ငံတွင်လည်း မျှော်လင့်ထားသည်ထက်ကျော်လွန်နိုင်အောင် အစွမ်းကုန်ကြိုးစားနိုင်ခဲ့ကြောင်း သိရှိရသည်။