မြန်မာ့ စီးပွားရေးဆိုင်ရာ လုပ်ငန်းငယ်များ ဖြစ်သည့် အသေးစားနှင့် အလတ်စားလုပ်ငန်းများကို ဂျပန်နိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင်များနှင့် ဖက်စပ်ဆောင်ရွက်လိုကြောင်း မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ဥက္ကဋ္ဌ ဦးဝင်းအောင်က ပြောကြားသည်။
၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ ၁၇ ရက်နေ့က ရန်ကုန်မြို့ UMFCCI ၌ ကျင်းပ ပြုလုပ်ခဲ့သည့် ဂျပန် – မြန်မာ စီးပွားရေး လုပ်ငန်း ရှင်များနှင့် စီးပွားရေးဆိုင်ရာ တွေ့ဆုံပွဲနှင့် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးသည့်ပွဲ အခမ်းအနားတွင် ဦးဝင်းအောင်က အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။
UMFCCI ဥက္ကဋ္ဌ ဦးဝင်းအောင်က “ရင်းနှီးမြှုပ်နှံမှုဆိုတဲ့ နေရာမှာ ၁၀၀ ရာခိုင်နှုန်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု မဟုတ်ဘဲ ဖက်စပ်ခြင်း အားဖြင့် နှစ်ဘက် အကျိုးရှိပြီး တိုးတက်လာမယ်ဆိုရင် အတူတူ ရင်ဘောင်တန်း တိုးတက်လာဖို့အတွက် ကျတော်တို့ရဲ့ တိုက်တွန်းချက်က ဖက်စပ်လုပ်ဖို့ပါပဲ” ဟု ပြောသည်။
မြန်မာနိုင်ငံတွင်းရှိ အသေးစား၊ အလတ်စား လုပ်ငန်းများတွင် အဓိကအားဖြင် နည်းပညာဆိုင်ရာပိုင်း လိုအပ်ချက်များ ရှိနေပြီး ကုန်ထုတ်လုပ်မှု နည်းပညာများပါ လိုအပ်နေသဖြင့် ဂျပန်နိုင်ငံ၏ အကူအညီ လိုအပ်ကြောင်း UMFCCI ဒု ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ဆိုသည်။
“အဓိက ကုန်ထုတ်လုပ်မှု နည်းပညာတွေ လိုနေပါတယ်။ အသက်မွေး ဝမ်းကြောင်းဆိုင်ရာ သင်တန်း၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး သင်တန်းများ ရလာဖို့ မျှော်လင့်ပါတယ်” ဟု ဦးဇော်မင်းဝင်းက ဆက်ပြောသည်။
ထို့အပြင် ဂျပန်နိုင်ငံမှ လာရောက် ရင်းနှီးမြှုပ်နှံသူများ အနေဖြင့် သီလဝါ အထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံမှုရရှိပါက အလုပ်အကိုင် အခွင့်အလမ်းများ ရရှိနိုင်ကြောင်း၊ ပြည်တွင်းမှ စားသုံးသူများအနေဖြင့် နိုင်ငံတကာမှ ဝယ်ယူတင်သွင်း လာသော ပစ္စည်းများထက်၊ ပြည်တွင်းတွင်ပါ ထုတ်လုပ် စားသုံးနိုင်လာမည် ဖြစ်ပြီး အလုပ်အကိုင် အခွင့်အလမ်းများပါ ရရှိလာနိုင်ကြောင်း ဦးဝင်းအောင်က ပြောသည်။
ယခုအကြိမ် စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး လက်မှတ်ရေး ထိုးရာတွင်လည်း စီးပွားရေးအရ ကန့်သတ်ချက် မရှိကြောင်း၊ မြန်မာနိုင်ငံမှ လက်ခံပြီး ဆောင်ရွက်သည့်အတွက် မြန်မာနိုင်ငံတွင် လုပ်ဆောင်နိုင်သော စီးပွားရေးလုပ်ငန်း အားလုံးကို ခြုံပြီး ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။
ဂျပန်နိုင်ငံဘက်မှ စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင် မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံရန် ဥပဒေနှင့် ပတ်သက်ပြီး အခက်အခဲ ရှိနေပြီး စိုးရိမ်မှုများလည်း ရှိနေခြင်းကြောင့် ယင်းအတွက် UMFCCI အနေဖြင့်လည်း သက်ဆိုင်ရာကို တိုက်တွန်းပြီး ဆောင်ရွက်ပေးရန် ဂျပန်နိုင်ငံမှ ခန်ဆိုင်း စီးပွားရေး ဖက်ဒရေးရှင်းက ပြောသည်။
Mizuho Bank, Ltd မှ ဒု ဥက္ကဋ္ဌ Masaaki Kono က “ဂျပန်လုပ်ငန်း စိတ်ပူစေတဲ့အကြောင်းက ဥပဒေပိုင်းဆိုင်ရာ စီမံ ဆောင်ရွက်မှု အပိုင်းတွေပါပဲ။ ဥပဒေကို မြန်မာ အစိုးရ အနေနဲ့ အရင်ထက် အားသွန်ခွန်စိုက် လုပ်နေတယ်ဆိုတာ သိရ ပေမယ့် တကယ် လက်တွေ့ကျကျ လုပ်ဆောင်မှုတွေမှာ အခက်အခဲလေးတွေ ရှိတယ်ဆိုတဲ့ဟာမျိုး ရင်ဆိုင်နေရ တယ်လို့ ကြားသိနေရပါတယ်” ဟု ဆိုသည်။
အဆိုပါ ခန်ဆိုင်း စီးပွားရေး ဖက်ဒရေးရှင်းနှင့် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) တို့အကြား ၁၉၉၆ ခုနှစ် ကတည်းက နားလည်မှု စာချွန်လွှာများ ရေးထိုး ဆောင်ရွက်မှုများရှိခဲ့ပြီး နောက်ပိုင်း ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလတွင် တကြိမ် လက်မှတ်ရေးထိုးနိုင်ခဲ့သည်။
မြန်မာနိုင်ငံတွင် ဂျပန်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုမှာ အဆင့် ၁၁ တွင် ရှိနေပြီး လုပ်ငန်းပေါင်း ၄၆ ခုတွင် စုစုပေါင်း အမေရိကန် ဒေါ်လာ ၂၈၄ သန်း ရှိကြောင်း သိရသည်။