ပြီးခဲ့သည့် သီတင်းပတ်များအတွင်း တရုတ်-မြန်မာနယ်စပ်ရှိမူဆယ်မြို့ကို ကုန်စည်ဖြတ်သန်းမှုလျော့ကျသွားရခြင်းမှာ မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်းတွင် လတ်တလောဖြစ်ပေါ်နေသည့် တိုက်ပွဲများနှင့် တရုတ်နှစ်သစ်ကူး ၂ ခု လုံးကြောင့် ဖြစ်သည်ဟု ကုန်သည်များက ပြောကြသည်။
ရှမ်းပြည်နယ် လောက်ကိုင်မြို့နယ်တွင် ကိုးကန့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့နှင့် အစိုးရတပ်ဖွဲ့များ ကြားမှ တိုက်ခိုက်မှု များ ဖေဖော်ဝါရီလ ၉ ရက်နေ့မှ စတင်ခဲ့သည်။
ကုန်တင်ကားများဖြင့် နိုင်ငံခြားသို့ကုန်တင်ပို့ခြင်း၊ တင်သွင်းခြင်းများ ပြုလုပ်နေသည် မူဆယ်ဒေသသည် လက်ရှိ တိုက်ပွဲ များဖြစ်ပေါ်နေသည့် ဇုန်အတွင်းတွင် မပါဝင်သော်လည်း ရန်ကုန်နှင့် မန္တလေးမှ ကုန်တင်ကားများဝင်ရောက်မှု ကျဆင်း သွားသည်ဟု ကုန်သည်များကပြောသည်။
မူဆယ်သည် မြန်မာနိုင်ငံတွင် အကြီးဆုံးနယ်စပ်ဂိတ်ဖြစ်ပြီး တရုတ်နိုင်ငံနှင့် ဆက်သွယ်သည့် အဓိက လမ်းကြောင်းလည်း ဖြစ်သည်။ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ နေ့စဉ် ကုန်တင်ကား စီးရေ ၉၀၀ ခန့်သွားနေပြီး ပြန်လည်ဝင်ရောက်လာသည်က စီးရေ ၅၀၀ ခန့်ရှိသည်။
မူဆယ်မြို့သည် လောက်ကိုင်မြို့၏ အနောက်မြောက်ဘက် မိုင် ၆၀ ခန့် အကွာတွင်ရှိသော်လည်း လမ်းခရီး လုံခြုံရေးနှင့် ပတ်သက်၍ စိုးရိမ်မှုများ တိုးလာနေသည့် အတွက် ကုန်တင်ကားမောင်းသူများက ကြိုတင်ကာ ကွယ်မှုများ ပြုလုပ်နေကြသည်ဟု သိရသည်။
ရန်ကုန်မှ မူဆယ်သို့ ငါးတင်ပို့ပေးနေသည့် ကုန်သည်တဦး ဖြစ်သော ဦးသိန်းပိုင် က ယခုလတ်တလောတွင် လုံခြုံရေးကို စိုးရိမ်ရသည့် အတွက် ယာဉ်မောင်းများက ကားများကို ကျောက်မဲ သို့မဟုတ် လားရှိုးမြို့များတွင် ရပ်တန့်ထားရန် ဆုံးဖြတ် ခဲ့ကြသည်ဟု ပြောသည်။
“ရန်ကုန်နဲ့ မန္တလေးက ကုန်ကားတွေက ပုံမှန်အားဖြင့် မူဆယ်ကို တိုက်ရိုက်သွားကြတယ်။ ဒါပေမယ့် အခု ရက်ပိုင်းမှာတော့ အစိုးရတပ်တွေနဲ့ တိုင်းရင်းသားတပ်ဖွဲ့တွေက ညဖက်မှာ တနေရာကနေ တနေရာကို ရွှေ့ပြောင်းနေကြတဲ့အတွက် တခုခု ဖြစ်နိုင်တယ်လို့ စိုးရိမ်ပြီး သူတို့က ကျောက်မဲနဲ့ လားရှိုးမှာ ရပ်ပြီး ညအိပ်ခဲ့ကြတယ်” ဟု သူက ဆိုသည်။
“ခုချိန်အထိတော့ အဲဒီဒေသအတွင်းမှာ ဘာမှမဖြစ်သေးပါဘူး။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် ယာဉ်မောင်းတွေက သူတို့ လုံခြုံရေးကို စိုးရိမ်ကြတယ်” ဟု ဦးသိန်းပိုင် ကပြောသည်။
လောက်ကိုင်တွင် တိုက်ပွဲများ ဖြစ်ပွားနေသည့်အတွက် ထောင်နှင့်ချီသော အရပ်သား ဒုက္ခသည်များ ရှမ်းပြည်နယ် မြောက်ပိုင်းတွင် အကြီးဆုံးမြို့ဖြစ်သည့် လားရှိုးနှင့် မန္တလေးမြို့များသို့ ထွက်ပြေးခိုလှုံလာခဲ့ကြသည်။
ကုန်သွယ်ရေး နှေးကွေးကျဆင်းသွားရခြင်း အကြောင်းရင်းမှာ တိုက်ပွဲများဖြစ်ပေါ်လာခြင်း တခုတည်းကြောင့် မဟုတ်ဟု ဦးသိန်းပိုင်ကပြောသည်။
“ဒီလထဲမှာ မူဆယ်ကို ရန်ကုန်နဲ့ မန္တလေးက ကုန်ကားတွေ အဝင်နည်းသွားတာ မှန်ပါတယ်။ ဒါပေမယ့် တိုက်ပွဲတခုတည်း ကြောင့် မဟုတ်ပါဘူး။ နယ်စပ်ဒေသတွေမှာ တရုတ်နှစ်သစ်ကူးပွဲအတွက် ပြင်ဆင်မှုတွေ လုပ်နေကြတာကလည်း အဓိက အကြောင်းရင်း တခုပါပဲ” ဟု သူကဆိုသည်။
ကုန်များ ဈေးကွက်တန်ဘိုး ကျဆင်းသွားခြင်းနှင့် မြန်မာနိုင်ငံမှ ဆန်တင်ပို့မှုကို တရုတ်အာဏာပိုင်များက ဖမ်းဆီးနေခြင်း ကလည်း ကုန်သည်များကို ထိခိုက်စေသည်ဟု သူက ထပ်ပြော သည်။
တရုတ်နှစ်သစ်ကူးနေ့က ဖေဖော်ဝါရီလ ၁၉ရက်နေ့တွင် ကျရောက်သည်။ နှစ်သစ်ကူး ပိတ်ရက်လည်း ဖြစ်သည့်အတွက် ပုံမှန်အားဖြင့် တရုတ်နှင့် ၎င်း၏ ကုန်သွယ်ဘက်များကြား နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှု နှေးကွေးသွားလေ့ရှိသည်။
မြန်မာနိုင်ငံဘက်မှ အဓိက ပို့ကုန်မှာ စိုက်ပျိုးရေးထွက်ကုန်ပစ္စည်းများ ဖြစ်သည်။ ချည်ထည်များ၊ ဆေးလိပ်၊ အရက်၊ အီလက်ထရောနစ် ပစ္စည်းများနှင့် ရှမ်းပြည်နယ်မှ တရားမဝင် မူးယစ်ဆေးဝါး ထုတ်လုပ်ရေးလုပ်ငန်းများတွင် အသုံးပြုသည့် ဓာတု ပစ္စည်းများက တရုတ်နိုင်ငံမှ မြန်မာနိုင်ငံဘက်သို့ တင်သွင်းသည့် အဓိက ပစ္စည်းများဖြစ်သည်။
တရားမဝင် ကုန်သွယ်မှုများကို ဖမ်းဆီးဖော်ထုတ်နေသည့် မိုဘိုင်း အဖွဲ့၏ ခေါင်းဆောင်၊ စီးပွားရေးနှင့် ကူးသန်း ရောင်း ဝယ်ရေး ဝန်ကြီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးရန်နိုင်ထွန်း ကလည်း ပြီးခဲ့သည့် ရက်များအတွင်း နှစ်နိုင်ငံလုံးမှ ကုန်တင်ကား အရေအတွက်ကျဆင်းသွားကြောင်းကို အတည်ပြုသည်။ သို့သော်လည်း တရုတ်နှစ်သစ်ကူးပွဲအတွက် ပြင် ဆင်နေသည့် အတွက် ကျဆင်းသွားရခြင်း ဖြစ်သည်ဟု ပြောသည်။
“အခုရက်တွေထဲမှာ နယ်စပ် စစ်ဆေးရေး စခန်းတွေကို ဖြတ်ကျော်သွားနေတဲ့ မြန်မာနဲ့ တရုတ်နိုင်ငံ ၂ ခုလုံးက ကုန်တင် ကား အရေအတွက် လျော့ကျသွားခဲ့ပါတယ်။ အရင်က တနေ့ကို ကား စီးရေ ၁၅၀၀ လောက်ဖြတ်သွားရာကနေ ၁၂၀၀ လောက်အထိ ကျဆင်းသွားပါတယ်” ဟု သူကဆိုသည်။
“မူဆယ် လမ်းကြောင်းမှာ လုံခြုံရေး အခြေအနေကောင်းနေဆဲပဲလို့ ကျနော်ပြောနိုင်ပါတယ်။ ဒါပေမယ့် ကားအဝင် အထွက် နည်းသွားရတာကတော့ တရုတ်နှစ်သစ်ကူးကြောင့်ပါ” ဟု ဦးရန်နိုင်ထွန်းက ထပ်ပြောသည်။
လတ်တလောတိုက်ပွဲများနှင့် နီးကပ်သောကြောင့် ရပ်ဆိုင်းသွားရသည့် တရားဝင်နယ်စပ်ကုန်သွယ်ရေး စခန်းတခု ရှိသည် ဟု ဦးရန်နိုင်ထွန်းကပြောသည်။
“လောက်ကိုင် ဧရိယာအတွင်းက ချင်းရွှေဟော်မှာ နယ်စပ်ကုန်သွယ်ရေး စစ်ဆေးရေး စခန်းတခုရှိပါတယ်။ ဒါပေမယ့် အဲဒီမှာ မိုဘိုင်း အဖွဲ့မရှိပါဘူး။ အခု ကုန်သွယ်ရေးလည်း ရပ်ထားပါတယ်” ဟု သူကပြောသည်။
တရုတ်-မြန်မာ နယ်စပ်တွင် တရားဝင် နယ်စပ်ကုန်သွယ်ရေး စခန်း ၄ ခုရှိသည်။
“အခု လကုန်၊ တရုတ်နှစ်သစ်ကူးပြီးတဲ့ အချိန်ကျရင် မူဆယ်-ရွှေလီ နယ်စပ်စခန်းမှာ ပုံမှန်အခြေအနေ ပြန်ဖြစ်လာမယ် လို့ ကျနော် ယုံကြည်ထားပါတယ်” ဟု ဦးရန်နိုင်ထွန်းက ဆိုသည်။
မန္တလေး မူဆယ် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းသည် တရားဝင်ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာသန်းပေါင်း ရာနှင့် ချီ၍ ရရှိနေသည့် အပြင် မှောင်ခိုကုန်ပစ္စည်းများသယ်ယူပို့ ဆောင်ရေး အတွက်လည်း အရေးပါသည့် လမ်းကြောင်း တခု ဖြစ်သည်။
ပြီးခဲ့သည့် ၂ နှစ်တာ ကာလအတွင်း အစိုးရ၏ မိုဘိုင်းအဖွဲ့က မူဆယ်မြို့ အနီး တရုတ်-မြန်မာ နယ်စပ် တလျှောက်တွင် ဖမ်းဆီးခဲ့သော မှောင်ခို တင်သွင်းလာသည့် ကုန်ပစ္စည်းများ၏ တန်ဘိုးက စုစုပေါင်း အမေရိကန်ဒေါ်လာ ၂၇ သန်းခန့် ရှိမည်ဟု ခန့်မှန်းရသည်။