ဒေသတွင်း အဖွဲ့ဝင် ၁၀ နိုင်ငံပါဝင်သည့် အာဆီယံအဖွဲ့၏ တခုတည်းသော စီးပွားရေးဈေးကွက် ဖန်တီးရေး ရည်မှန်းချက်သည် နှစ် အနည်းငယ် အတွင်း ဖြစ်ပေါ်လာနိုင်ဖွယ်မရှိကြောင်းနှင့် ယခုနှစ် ကုန်ပိုင်းတွင် စတင် နိုင်ရန် ဦးတည်ချက် ထားသည့်အတိုင်း ဖြစ်နိုင်မည်မဟုတ်ကြောင်း လေ့လာဆန်းစစ်သူများက သတိပေးလိုက် သည်။
မြန်မာနိုင်ငံသည် လုံလောက်သည့် အခြေခံ အဆောက်အအုံ မရှိသည့်အတွက် စတင်အကောင် အထည် ဖော်နိုင်ရန် စီစဉ်ထားသည့် အာဆီယံစီးပွားရေး အသိုက်အဝန်း (Asean Economic Community-AEC) မှ အကျိုးကျေးဇူး ရရှိနိုင်ဖွယ်မရှိသည့် နိုင်ငံများထဲတွင် ပါဝင်နေသည်ဟု သူတို့ကပြောသည်။
ဥရောပ သမဂ္ဂနှင့် အလားတူ အလုပ်သမား ကူးပြောင်းရွေ့လျားမှုကို ကန့်သတ်မထားသည့် တခုတည်းသော ဈေးကွက်ကို ပူးပေါင်းဖွဲ့စည်းရေး အိပ်မက်သည်လည်း အမျိုးသားကိုယ်ကျိုးစီးပွားကို ကိုင်စွဲမှုများကြောင့် ဖြစ်မြောက်လာရန် နှစ်နှင့် ချီ၍ ကြာမြင့်လိမ့်မည်ဟု ကြိုတင်ခန့်မှန်းခဲ့ကြသည်။
“ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှု အတားအဆီး တွေ လျှော့ချတာကနေ ကာလတို အကျိုးအမြတ် ရရှိရေးက လည်း အရှိထက်ပိုပြီး တွက်ဆထားတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်” ဟု စီးပွားရေး စွန့်စားရမှု လေ့လာဆန်းစစ် ရေး အဖွဲ့အစည်းတခုဖြစ်သည့် Verisk Maplecroft မှ အာရှရေးရာလေ့လာသူ Hugo Brennan က ဧရာဝတီသို့ ပြောသည်။
“ဒီ အတားအဆီးတွေ မရှိတော့ရင်တောင် အခြေခံအဆောက်အအုံ အားနည်းမှု၊ အဂတိလိုက်စားမှုနဲ့ ကျွမ်းကျင်အလုပ်သမား ရှားပါးမှုတွေက မြန်မာနိုင်ငံလို နိုင်ငံမျိုးတွေရဲ့ စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှု အခြေအနေတွေကို ဆက်လက်ပြီး အားနည်းနေစေပါလိမ့်မယ်” ဟု သူက ဆိုသည်။
မြန်မာ၊ ကမ္ဘောဒီးယား၊ လာအိုနှင့် ဗီယက်နမ် နိုင်ငံတို့သည် ၎င်းတို့၏ လွတ်လပ်စွာ ကုန်သွယ်ရေးအတွက် ရည်မှန်းချက်များသို့ ရောက်ရှိရန် အခြားသော ချမ်းသာကြွယ်ဝသည့်နိုင်ငံများထက် နှေးကွေးလိမ့်မည်ဟု Pennsylvania တက္ကသိုလ် Wharton စီးပွားရေးကျောင်းမှ ပြီးခဲ့သောလက ထုတ်ပြန်ခဲ့သည့် အာဆီယံ စီးပွားရေး အသိုက်အဝန်းနှင့် ပတ်သက်သော လေ့လာဆန်းစစ်မှု တခုတွင် ဖော်ပြထားသည်။
တခြားသော အဖွဲ့ဝင်နိုင်ငံ ၆ခုမှာ ဘရူနိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူနှင့် ထိုင်းနိုင်ငံ တို့ဖြစ်သည်။
“ဒါ့အပြင် နိုင်ငံရေး အခြေအနေ မတည်ငြိမ်မှု ကြောင့် စွန့်စားရမှာတွေရှိပါတယ်။ အထူးသဖြင့် ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံ ဖြစ်ပါတယ်” ဟု Wharton ၏ လေ့လာမှုက ဆိုသည်။
ထိုအချိန်တွင် အာဆီယံစီးပွားရေး အသိုင်း အဝိုင်းမှ နိုင်ငံများသည် သူတို့၏ ပထမဆုံးနှင့် မျှော်လင့်မထားသည့် စီးပွားရေး အတားအဆီးတခု ကို ရင်ဆိုင်နေရပြီ ဖြစ်သည်ဟုလည်း ၎င်းတို့က ပြောသည်။ ရေနံစိမ်း ဈေးနှုန်း များ သိသိသာသာ ကျဆင်းသွားခြင်းဖြစ်သည်။
“ရေနံဈေးနှုန်းကျဆင်းသွားတာက ထိုင်း နိုင်ငံလို ရေနံနဲ့ သဘာဝဓာတ်ငွေ့တင်သွင်းနေရတဲ့ အာဆီယံနိုင်ငံ တချို့အတွက်တော့ အထောက်အကူ ဖြစ်ပါလိမ့်မယ်။ ထိုင်းနိုင်ငံက အာရှမှာအကျိုးအမြတ် အရှိဆုံးဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ထိုင်း နိုင်ငံက ကုန်းလမ်းပို့ဆောင်ရေးအပေါ်မှာ အများ ဆုံး မှီခိုနေရတဲ့နိုင်ငံဖြစ်လို့ပါ။ ရေနံဈေးနှုန်းကျဆင်း တာက ရေနံတင်ပို့တဲ့ နိုင်ငံဖြစ်တဲ့ မလေးရှားနဲ့ သဘာဝဓာတ်ငွေ့တင်ပို့တဲ့ မြန်မာနိုင်ငံတို့ကို ထိ ခိုက်စေပါတယ်” ဟု Wharton က သုံးသပ်သည်။
အာဆီယံနိုင်ငံ အများစု အနေဖြင့် ပြည်တွင်း နိုင်ငံရေး အတားအဆီးများကြောင့် နိုင်ငံခြား ပိုင်ဆိုင်မှုဆိုင်ရာ ဥပဒေများ ဖြေလျော့ရေးနှင့် အလုပ်သမား များ လွတ်လပ်စွာ ရွှေ့ပြောင်းသွားလာရေး စသည့် AEC ၏ ရည်မှန်းချက်များအတိုင်း ယခုနှစ်ကုန် မတိုင်မီ လိုက်နာဆောင်ရွက်ရေးမှာ ဖြစ်နိုင်လိမ့်မည် မဟုတ်ဟု နိုင်ငံတကာ ဥပဒေအကျိုးဆောင်လုပ်ငန်း တခု ဖြစ်သည့် Allen & Overy ၏ နောက်ဆုံးထုတ် ၃ လပတ် စီးပွားရေးလုပ်ငန်းဆိုင်ရာ အစီရင်ခံစာ တွင် ဖော်ပြထားသည်။
“ဒါပေမယ့် နိုင်ငံတကာနဲ့ ဒေသတွင်းရင်းနှီး မြှုပ်နှံသူတွေက ဒေသတခုတည်းပဲဖြစ်တယ်လို့ ပိုပြီး တွေးလာကြပါ တယ်။ စင်ကာပူမှာ ပထမခြေချပြီးတော့ အာဆီယံနေရာ အသီးသီးမှာ ဒေသဆိုင်ရာ ရုံးတွေဖွင့်လှစ်နေတဲ့ ကုမ္ပဏီအရေအတွက် တိုးလာ နေတာက သက်သေဖြစ်ပါတယ်။ တခြားသတိထားမိစရာ တိုးတက်မှုတခုက တော့ ဖွံ့ဖြိုးတိုးတက်နေတဲ့ အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေရဲ့ အာဆီယံအဖွဲ့တွင်း ရင်းနှီးမြှုပ်နှံမှု ပမာဏ တိုးတက်လာတာဖြစ်ပါတယ်။ ဗီယက်နမ်နိုင်ငံဟာ ပြည်တွင်းရင်းနှီးမြှုပ်နှံမှုကို ဦးစားပေးနေဆဲဖြစ်ပေမယ့် မြန်မာနဲ့ အင်ဒိုချိုင်းနား ကျွန်းဆွယ်နိုင်ငံတွေမှာ သွားရောက် ရင်းနှီးမြှုပ်နှံမှု တဖြည်းဖြည်းခြင်း တိုးလာတာ ကိုလည်း ကျနော်တို့ တွေ့ရပါတယ်” ဟု Allen & Overy ၏ အစီရင် ခံစာက ဆိုသည်။
ဂျပန်နိုင်ငံမှ ကုန်သွယ်ရေးနှင့် စက်မှုလုပ်ငန်း ကုမ္ပဏီများသည် အာဆီယံတွင် အသိသာအထင်ရှားဆုံး ရင်းနှီးမြှုပ်နှံသူများ ဖြစ်လာလိမ့်မည်ဟုလည်း Allen & Overy ကဆိုသည်။
ဇန်နဝါရီလ အတွင်းက ဆွစ်ဇာလန်နိုင်ငံ ဒါးဗို့စ်တွင်ကျင်းပခဲ့သော ကမ္ဘာ့စီးပွားရေးဖိုရမ်၌ မြန်မာနိုင်ငံမှ ထိပ်တန်း စီးပွားရေး လုပ်ငန်းရှင် တဦးဖြစ်သော Mr.Serge Pun က AEC နှင့် ပတ်သက်၍ ပြောကြားခဲ့သည်။ လွတ်လပ်သော ကုန်သွယ်ရေးကို ဆန့်ကျင်မှုများက စီးပွားရေး လောကနှင့် အစိုးရအတွင်းတွင် အင်အား ကောင်းခဲ့ သော်လည်း ယခုအခါတွင် AEC လုပ်ငန်းတွင် ပါဝင်ရန် ဆုံးဖြတ်ခဲ့ပြီး ဖြစ်ပုံရသည်ဟု သူကဆို သည်။
အဖွဲ့ဝင် ၁၀ နိုင်ငံအတွင်းတွင် ဖွံ့ဖြိုးတိုးတက် မှုကွာခြားခြင်းက မြန်မာနိုင်ငံကဲ့သို့သော စီးပွားရေး ပွင့်လန်း လာစ နိုင်ငံအတွက် အားသာချက်တခု ဖြစ်လာနိုင်ကြောင်း၊ ပိုမိုဖွံ့ဖြိုးသည့် အာဆီယံနိုင်ငံများတွင် လျှော့ချနေ သော ကျွမ်းကျင်မှု မလိုအပ်သည့် လုပ်ငန်းများကို ရရှိနိုင်မည်ဖြစ်ကြောင်း Mr.Serge Pun ကပြောကြားခဲ့သည်။
ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ် Pridiyathorn Devakula ကလည်း ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် “ပရိသတ်ထဲက တချို့ကတော့ ယုံချင်မှ ယုံမယ်။ ဒါပေမယ့် ကျနော့်ကိုယုံပါ။ တခုတည်းသော ဈေးကွက် ကျနော်တို့မှာ အခုနှစ်ကုန်ပိုင်းမှာ ရှိလာပါလိမ့်မယ်” ဟု ဖြစ်နိုင်သည်ဆိုသည့်ဘက်မှ ကာကွယ် ပြောကြား သွားခဲ့သည်။
ဝါရှင်တန် မြို့မှ Center for Strategic and International Studies (CSIS) ၏ အရှေ့တောင် အာရှရေးရာ ဒုတိယ ဒါရိုက်တာ Murray Hiebert က ဘဏ္ဍာရေး ဝန်ဆောင်မှုများ၊ အရင်းအနှီးနှင့် လုပ်သားရွှေ့ပြောင်းမှု ပိုမိုလွတ်လပ်မှုရရှိရန် နှေးကွေးလိမ့်မည်ဟု Wharton သို့ပြောခဲ့သည်။
“ပူးပေါင်းခြင်းက စွန့်စားရမှုတွေကို ဝေမျှယူဖို့ အခွင့်အရေးတွေ ပေးမှာဖြစ်ပေမယ့် ဘဏ္ဍာရေး ဆိုင်ရာ ရိုက်ခတ်မှုနဲ့ ငွေလဲလှယ်နှုန်း မတည်ငြိမ် ဖြစ်မှာကို ကြောက်ရွံ့တဲ့အတွက် အာဆီယံနိုင်ငံ တချို့က ဘဏ္ဍာရေးဝန်ဆောင်မှုတွေနဲ့ အရင်း အနှီးဈေးကွက်တွေကို ဖွင့်ပေးဖို့ စိုးရိမ်နေကြတယ်” ဟု Murray Hiebert ကဆိုသည်။
ပိုမို စည်းလုံးညီညွတ်သော ဈေးကွက်တခုက နောက်ဆုံးတွင် ပိုမိုစနစ်ကျသည့် အလုပ်ခွဲဝေ လုပ် ကိုင်မှုကို ရရှိစေလိမ့်မည်ဟု လေ့လာဆန်းစစ်သူ တချို့က ယုံကြည်ထားသည်။ အဖွဲ့ဝင်နိုင်ငံ အားလုံးက မော်တော်ကား ထုတ်လုပ်ရေး လုပ်ငန်းကို တိုးတက်အောင် သို့မဟုတ် ရေရှည်ခိုင်မာအောင် ပြုလုပ်နိုင်မည် မဟုတ်ဟု သူတို့က ဥပမာပေးသည်။
လက်ရှိအချိန်တွင် ထိုင်းနိုင်ငံက အာဆီယံတွင် မော်တော်ကား အများဆုံးထုတ်လုပ်သည့် နိုင်ငံဖြစ် နေသည်။ သို့သော်လည်း အင်ဒိုနီးရှား နိုင်ငံက မြန်မြန်ဆန်ဆန် အမီလိုက်လာနေသည့်အတွက် မြန်မာ နိုင်ငံကဲ့သို့ စီးပွားရေး ပွင့်လန်းလာစနိုင်ငံတခုအတွက် မော်တော်ကားထုတ်လုပ်မှုအတွက် အဓိက ရင်းနှီး မြှုပ်နှံမှုများကို ဆွဲဆောင်ရန် အခွင့်အလမ်း နည်းပါးနေသည်။
စီးပွားရေးနှင့်ဆိုင်သော အမျိုးသားရေးဝါဒက တခါတရံတွင် ဈေးကွက်များကို အပြည့်အဝ တံခါး ဖွင့်ရေးကို အဆီးအတား ပြုနိုင်သည့် အသွင်ရှိသည်။
“အမျိုးသား အကျိုးစီးပွားက အနာဂတ်အတွက် ဘုံရည်မှန်းချက် အပေါ်မှာ လွှမ်းမိုးမှုရှိမယ်လို့ မျှော်လင့်ရပါ တယ်။ အင်ဒိုနီးရှားသမ္မတက ပြီးခဲ့တဲ့ အာဆီယံထိပ်သီး အစည်းအဝေးမှာ ဒါကို အတိအလင်း ပြောခဲ့ပါတယ်။ သူ့ တိုင်းပြည်ရဲ့ အမျိုးသား အကျိုးစီးပွားကို ထိခိုက်စေမယ့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကို ခွင့်ပြုမှာ မဟုတ်ဘူးလို့ သူက အဖွဲ့ဝင်နိုင်ငံတွေကို ပြောကြားခဲ့ပါတယ်” ဟု Hugo Brennan က ဧရာဝတီသို့ ပြောသည်။
“အင်ဒိုနီးရှား နိုင်ငံကိစ္စမှာ အစိုးရက အရေးပါတဲ့ ကဏ္ဍတချို့မှာ ရင်းနှီးမြှုပ်နှံမှုဈေးကွက်ကို လွှတ်ပေးဖို့ တွန့်ဆုတ်နေတယ်။ သူတို့ ပြည်တွင်း ကုမ္ပဏီတွေက စင်ကာပူနဲ့ မလေးရှားလိုမျိုး ပိုမိုဖွံ့ဖြိုး တိုးတက်တဲ့ အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေက ကုမ္ပဏီတွေနဲ့ မယှဉ်ပြိုင်နိုင်မှာကို ကြောက်ရွံ့လို့ ဖြစ်ပါတယ်။ အဖွဲ့ဝင် နိုင်ငံတွေကြားမှာ ရှိနေတဲ့ ချမ်းသာ ြွကယ်ဝမှုနဲ့ စီးပွားရေးဖွံ့ဖြိုးမှု ကွာခြားချက်က ဈေးကွက် တခုတည်း ဖြစ်အောင် ဖန်တီးရေးမှာ နှောင့်နှေးစေမှာ သေချာပါတယ်။ အာဆီယံ ဒေသအတွင်းမှာအမှန်တကယ် ပေါင်းစည်းထားတဲ့ ဈေးကွက်တခုကို ကျနော်တို့မြင်ရဖို့က ဆယ်စုနှစ်တွေလောက် မဟုတ်ရင်တောင် အချိန်ယူရပါလိမ့်မယ်” ဟု သူကဆိုသည်။
AEC အတွက် ပြဿနာဖြစ်လာနိုင်သည့် အချက် ၂ ခု မြန်မာနိုင်ငံတွင် ရှိနေသည်ဟု Wharton အစီရင်ခံစာက ဆိုသည်။ ယခုနှစ် နှောင်းပိုင်းတွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ နောက်ပိုင်းအခြေအနေ မသေချာမှု နှင့် ဗုဒ္ဓဘာသာဝင်များ နှင့်လူနည်းစုရိုဟင်ဂျာမွတ်စလင်များအကြား ပဋိပက္ခများ တိုးလာနိုင်ခြင်းတို့ ဖြစ်သည်။
Murray Hiebert က ထိုအချက်ကို သဘော မတူပါ။ “မြန်မာနိုင်ငံရဲ့ အခန်းကဏ္ဍက အာဆီယံရဲ့ စီးပွားရေးမှာ သေးငယ်ပါတယ်။ ဒါကြောင့် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲက အာဆီယံအပေါ်မှာ အရေးပါတဲ့ သက်ရောက်မှု ဖြစ်မလာနိုင်ပါဘူး။ ဒါပေမယ့် ထိုင်းနိုင်ငံရဲ့ နိုင်ငံရေးမတည်ငြိမ်မှုကတော့ကြီးမားတဲ့ သက်ရောက်မှုတခု ဖြစ်နိုင်ပါတယ်” ဟုပြောသည်။
ရေရှည်ကိုကြည့်မည်ဆိုလျှင် အာဆီယံ စီးပွား ရေး အသိုက်အဝန်း (AEC) က အဖွဲ့ဝင်နိုင်ငံများကြားတွင် ကြီးမားသော ပေါင်းစည်းမှုကို ဖော်ဆောင်ပေးမည့် အသွင်ရှိသည်။ သို့သော်လည်း ထိုသို့ ဖြစ်လာရေးက အချိန်ကြာပြီး ခက်ခဲကြမ်းတမ်းမည့် လုပ်ငန်းစဉ်ဖြစ်သည်ဟု Hugo Brennan က ပြောသည်။
“အာဆီယံအတွက် အားလုံးထက် လိုအပ်နေတာက အင်အားကြီးမားပြီး ဩဇာရှိတဲ့ အဖွဲ့အစည်း တခု ဖြစ်ပါတယ်။ ဥရောပ သမဂ္ဂက ဥရောပ ကော် မရှင်လိုမျိုးပေါ့။ အဲဒီအဖွဲ့အစည်းက ကွဲပြားနေတဲ့၊ ကိုယ်ကျိုးကို သာကြည့်တဲ့ အဖွဲ့ဝင် နိုင်ငံတွေကို သူတို့ရဲ့ ကတိတွေအတိုင်း လိုက်နာနိုင်အောင် ဖိအားပေးနိုင်ပါလိမ့်မယ်။ ဒါပေမယ့် အာဆီယံ အဖွဲ့ရဲ့ စည်းမျဉ်းဖြစ်တဲ့ မစွက်ဖက်ရေးနဲ့ စည်းလုံး ညီညွတ်မှုတည်ဆောက်ရေးကို လိုက်နာရမှာ ဖြစ်လို့ မျှော်လင့်ချက်မရှိသလို ဖြစ်နေပါတယ်” ဟု သူကဆိုသည်။