ပြည်တွင်း ဟိုတယ်ဇုန် စီမံကိန်းများအတွက် လုပ်ငန်းဖော်ဆောင်ရာတွင် ဒေသခံများ၏ သဘောတူညီချက်မရှိဘဲ မြေယာ သိမ်းယူမှုများ ရှိနေကြောင်း မြန်မာ့ စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန(MCRB)က ပြောသည်။
ရန်ကုန်မြို့ ကုန်သည်လမ်းရှိ MAC Tower တွင် ဖေဖော်ဝါရီ ၂၀ ရက်ကပြုလုပ်သည့် မြန်မာ့ခရီးသွား လုပ်ငန်းကဏ္ဍ၏ သက်ရောက် မှုများ လေ့လာဆန်းစစ်ခြင်း အစီရင်ခံစာ ထုတ်ပြန်သည့် သတင်းစာရှင်းလင်းပွဲတွင် MCRB က ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။
MCRB ဒါရိုက်တာ ဗစ်ကီဘိုးမန်းက“ဟိုတယ်ဇုန်တွေ အနေနဲ့လည်း ပုဂံ၊ အင်းလေး၊ တံတားဦး အခြားနေရာတွေမှာ မြေယာ သိမ်း တာတွေ၊ ပတ်ဝန်းကျင်ပျက်စီးတာတွေ ရှိတယ်။ မဖြစ်သင့်ပါဘူး’’ဟု သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။
မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း(MHA)၏ အဆိုအရ ဟိုတယ်ဇုန်တခု ဖော်ဆောင်ရာတွင် မြေသိမ်းယူသည့် အဖွဲ့သီးသန့်ဖြင့် မြေ လျော်ကြေးများ ပေးပြီး မြေယာပိုင်ဆိုင်သူ ဒေသခံများ၏ သဘောတူညီချက်ဖြင့်သာ စနစ်တကျ သိမ်းယူခြင်း ဖြစ် ကြောင်း သိရသည်။
မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များ အသင်း၊ ရန်ကုန် ဟိုတယ်ဇုန် ဥက္ကဋ္ဌ ဦးတင်ဝင်းက “အခု မန္တလေးက တံတားဦး စီမံကိန်းဆိုရင် မြေ ဧက ၅၀၀၀ အတွက် ပိုင်ရှင်တွေကို အရင်ခေါ်တွေ့တယ်။ ပေါက်ဈေးတော့ ဖြစ်ချင်မှ ဖြစ်မယ်။ သင့်တင့်တဲ့ဈေး ပေးတယ်။ ပလပ်မြေတွေ ပါချင်ပါမယ်။ ယာမြေတွေ ပါချင်ပါမယ်။ သူတို့ သဘောတူ လက်မှတ်ထိုးပြီးတော့မှ စာချုပ်ချုပ်တယ်။ အခု ဧက ၂၀၀၀ ဝယ်ပြီးသွားပြီ သိမ်းတာ မရှိဘူး”ဟု ပြောဆိုသည်။
မန္တလေးမြိုရှိ တံတားဦး ဟိုတယ်ဇုန် စီမံကိန်းတွင် နိုင်ငံခြားသားပိုင် ဟိုတယ် ၁၀၀ နှင့် ပြည်တွင်းပိုင် ဟိုတယ် ၁၉၂ ခု ပါဝင်ရန် ရည်ရွယ်ထားကြောင်းလည်း သိရသည်။
ဟိုတယ်ဇုန် ဆောက်လုပ်ရန် မြေယာ သိမ်းယူခံထားရသူ တဦးဖြစ်သည့် မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ် ခေါင်းကွဲကျေးရွာမှ လယ်သမား ဦးကျော်ဆန်းခိုင်က “စာချုပ်မှာက တန်ဖိုးတက်တိုင်း တိုးပေးမယ်ဆိုပြီး ချုပ်ဆိုထားပေမယ့် ကတိမတည်ဘူး။ ဟိုတယ်ဇုန်က မြေလျော်ကြေးနဲ့ ပေ ၄၀ x ပေ ၆၀ မြေကွက်တွေ ပေးတယ်။ အခုထပ်တက်လာတဲ့ တန်ဖိုးကို မပေးဘူး။ ၇၀ ရာခိုင်နှုန်း ရပြီးသွားပြီ၊ နောက်ထပ် ၃၀ ရာခိုင်နှုန်းကိုတော့ ရထားတဲ့မြေကွက် တွေကို စလစ်နဲ့ရောင်းလိုက်တဲ့ တောင်သူက တိုးတဲ့ ပိုက်ဆံမရဘူး။ ပြန်မရောင်းထားတဲ့ သူတွေကတော့ ၁၀၀ ရာခိုင်နှုန်း အပြည့်ရပါတယ်”ဟု ပြောပြသည်။
အစိုးရက ၂၀၁၂ ခုနှစ်တွင် ရန်ကုန်တိုင်းအတွင်း ပါဝင်သည့် ကျောက်တန်း၊ လှည်းကူး၊ မင်္ဂလာဒုံ မြို့နယ်များရှိ မြေဧက အများအပြား တွင် ဟိုတယ်များ တည်ဆောက်ရန် ဟိုတယ်ဇုန် စီမံကိန်းနှင့် ပတ်သက်ပြီး တရားဝင် ကြေညာခဲ့သည်။
၂၀၁၃ ခုနှစ်တွင် နေပြည်တော်၊ မန္တလေး၊ ပုဂံ၊ ချောင်းသာ၊ တောင်ကြီး၊ အင်လေး၊ မော်လမြိုင်၊ ပဲခူး၊ ငွေဆောင် နှင့် ဒဂုံမြို့သစ် မြို့နယ်များလည်း ထပ်တိုးလားခဲ့သည်။
ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဈေးကွက်အရ လှုံ့ဆော်မှုများဖြင့် ဆွဲဆောင်မှုများ ပြုလုပ်နေသော်လည်း ဟိုတယ် ဇုန်နှင့် ပတ်သက်၍ မူဝါဒ ရှင်းရှင်းလင်းလင်း မရှိသေးပေ။
ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာန၊ လိုင်စင်ဌာနမှ ဒုညွှန်ကြားရေးမှူး ဒေါက်တာ သန်းဇော်က “ကျနော်တို့ ဝန်ကြီး ဌာနက မြေယာမှာ ဝင်ရောက် စွက်ဖက်တာ မရှိပါဘူး။ ဥပမာ ရန်ကုန်မှာ မြေတနေရာမှာ ဟိုတယ် တခုလုပ်ချင်တယ်လို့ တင်ပြ လာရင် ဝန်ကြီးကို အဆိုပြုလွှာ တင်ပြရမယ်။ မြေနေရာနဲ့ ပတ်သက်ပြီး သက်ဆိုင်တဲ့ တိုင်းဒေသကြီး အစိုးရရဲ့ ထောက်ခံချက်ပါမှ လက်ခံပြီး အဆင့်ဆင့် တင်ပြပြီး လိုင်စင်ချထားပေးတာပဲ ရှိတယ်”ဟု ပြောသည်။
MCRB ၏ အစီရင်ခံစာတွင် ဟိုတယ်ဇုန် စီမံကိန်းများအတွက် ဒေသခံ သဘောတူညီမှု မပါဘဲ မြေယာများအား သိမ်းယူပြီး ဟို တယ် များ တစုတဝေးတည်း တည်ဆောက်ရန် ကြိုတင်နေရာ သတ်မှတ် သိမ်းယူသည့် ကိစ္စရပ်များကြောင့် ဟိုတယ်ဇုန် ဖွံ့ဖြိုးရေး လုပ်ငန်းများကို ပြန်လည် သုံးသပ်ရန် လိုနေကြောင်းကိုလည်း ထည့်သွင်း ဖော်ပြထားသည်။
ထ့ိုအပြင် ဟိုတယ်ဇုန်များကြောင့် မြေယာနှင့် ပတ်သက်သော အခွင့်အရေးများ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ပွင့်လင်းမြင်သာမှု၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများအပေါ် ဆိုးကျိုးသက်ရောက်မှုများ ရှိနေကြောင်းလည်း အစီရင်ခံစာတွင် ပါရှိသည်။
မြန်မာနိုင်ငံတွင် ရန်ကုန် ဟိုတယ်ဇုန်၊ ချင်းပြည်နယ် နတ်မတောင် ဟိုတယ်ဇုန်၊ ပုဂံ-ညောင်ဦး ဟိုတယ်ဇုန်၊ အင်းလေး ဟိုတယ်ဇုန် များ အပါအဝင် ဟိုတယ်ဇုန် စုစုပေါင်း ၂၀ ရှိကြောင်း မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များ အသင်းမှ သိရသည်။