မြိတ်ဒေသထွက် သဘာဝငှက်သိုက် ဈေးနှုန်း နှစ်စဉ်ဆက်တိုင် ကျဆင်းလျက် ရှိနေရာ ယခင်က ငှက်သိုက် ၁ ပိဿာလျှင် ကျပ်သိန်း ၄၀ နီးပါး ရရှိရာမှ ယခုနှစ်အတွင်း ၁ ပိဿာ ကျပ် ၁၅ သိန်း ဝန်းကျင်သာ ရရှိတော့ကြောင်း ဒေသခံ ငှက်သိုက် လုပ်ငန်းရှင်များက ပြောသည်။
“ပထမတော့ ဒီမှာ ဒီတအိမ်ပဲ ရှိတယ်။ အခုကျတော့ အများကြီး ဖြစ်လာပြီပေါ့။ အရောင်းသမား များလာတော့ ဈေးက ကျလာတယ်။ အရင်တုန်းကဆို ၁ ပိဿာကို သိန်း ၄၀ လောက်ထိ ရဖူးတယ်။ အခုဆို ၁၅ သိန်းပဲ ရှိတော့တာ။ အများကြီး ကျသွားတယ်” ဟု မြိတ်မြို့ရှိ သဘာဝ ငှက်သိုက်အိမ်မှ ငှက်သိုက်များကို ၃၅ နှစ်ကြာ ရောင်းချ လုပ်ကိုင်နေသူ ဒေါ်သဉ္ဖာအေးက ပြောသည်။
ငှက်သိုက်များသည် အာဟာရဖြစ်ပြီး ခွန်အားစွမ်းအင် တိုးစေသဖြင့် အားဆေးထုတ်လုပ်သည့် ကုမ္ပဏီများက အဓိက ဝယ်ယူလေ့ရှိကြောင်းနှင့် ပြည်တွင်းဆေးဝါး ထုတ်လုပ်သူများကသာ ပုံမှန်ဝယ်ယူလေ့ ရှိသည်ဟု ငှက်သိုက် လုပ်ငန်းရှင် များက ပြောဆိုသည်။
မြန်မာနိုင်ငံတောင်ပိုင်း အစွန်အဖျားရှိ ပင်လယ်ကျွန်း ကျောက်ဆောင်များတွင် အံဖတ်ဖြင့် အသိုက်လုပ် နေလေ့ရှိကြသော ဇီဝဇိုးငှက်များကို အိမ်များတွင် လာရောက် အသိုက်ဆောက်စေပြီး အဆိုပါ အသိုက်များကို ရောင်းချကြသည့် ငှက်သိုက် လုပ်ငန်းမှာ မြိတ်ဒေသတွင် စီးပွားဖြစ် လုပ်ကိုင်နေသည့် လုပ်ငန်းတခုလည်း ဖြစ်သည်။
ယခင်က မြိတ်မြို့တွင် သဘာဝအလျောက် လာရောက် အသိုက်ဆောက်နေသော ငှက်သိုက်အိမ် တအိမ်တည်းသာ ရှိရာမှ ဈေးကောင်းရရှိမှုကြောင့် ငှက်ခေါ်စက်များ တပ်ဆင်၍ အိမ်ဆောက်ကာ ငှက်သိုက်လုပ်ငန်း လုပ်ကိုင်သူ အများအပြား ပေါ်ပေါက်လာကြောင်း ဒေသခံ ငှက်သိုက် လုပ်ငန်းရှင်များက ပြောသည်။
“မြိတ်မြို့ တမြို့တည်းမှာကို ငှက်သိုက်အိမ် အလုံးရေ ၆၀ ကျော် ၇၀ လောက် ရှိနေပြီ။ ငှက်သံအတု စက်နဲ့ ခေါ်နေဆဲ အိမ်တွေလည်း ရှိတယ်။ ငှက်က ဝင်တယ်၊ ဒါပေမယ့် စောင့်တော့ စောင့်ရတယ်။ တချို့လည်း ခေါ်ထားပေမယ့် မဝင်သေးဘူး။ တချို့တွေက အိမ်ဆောက်ရင် လေးငါးထပ် တခါတည်း ဆောက်လိုက်တယ်။ ပြီးတော့ အပေါ် ၂ ထပ်၊ ၃ ထပ် ထားတာပေါ့။ ၆ ထပ် အထိ ဆောက်တာ ရှိတယ်။ အောက်မှာ လူနေပေါ့” ဟု ငှက်သိုက်လုပ်ငန်း အခြေအနေကို ဒေါ်သဉ္ဖာအေးက ရှင်းပြသည်။
ဇီဝဇိုးငှက်များ၏ အံဖတ်ဖြင့် ဆောက်လုပ်ထားသော အသိုက်များကို ၃ လတကြိမ်၊ ၄ လတကြိမ် ခွာယူကြပြီး ရောင်းချကြရာ ငှက်သိုက်အိမ်များများ ဆောက်ထားသော သူများမှာ ပိသာချိန် ပိုမိုထွက်ကြကြောင်း၊ ငှက်သိုက် အသန့်ဖြစ်ပါက ဈေးပိုမိုရရှိပြီး၊ အမွှေးပါသော အသိုက်များမှာ ဈေးရနည်းကြောင်း သိရသည်။
“ငှက်တိုက်က ၃ တိုက်ပေါ့။ ဒါကို ၃လ တကြိမ်ခွာရင် ၉ ပိသာလောက် ရတယ်။ အခု ငှက်သိုက်လုပ်ငန်းက သိပ်မကောင်း တော့ဘူး။ ထပ်တိုးလုပ်တဲ့ သူတွေလည်း ရှိသေးတယ်။ ဈေးကသိန်း၂၀ လောက် ကျသွားတယ်။ အသန့်ဆုံးကိုမှ ၁၅ သိန်း၊ အမွေးတွေ ဘာတွေ ပါရင် ၉ သိန်း၊ ၁၀ သိန်းလောက်ပဲ ရတယ်” ဟု ဒေသခံ ငှက်သိုက်အိမ် ၃ လုံး ဆောက်ထားသည့် ငှက်သိုက်လုပ်ငန်း လုပ်ကိုင်နေသူ တဦးက ပြောသည်။
အာဟာရ ပြည့်ဝပြီး ခွန်အားတိုးစေသော ငှက်သိုက် ထုတ်လုပ်သည့် လုပ်ငန်းကို မြိတ်၊ တနင်္သာရီ ဒေသတို့တွင် အများဆုံး လုပ်ကိုင်ကြပြီး မော်လမြိုင် ဝန်းကျင်တွင်လည်း လုပ်ကိုင်လာကြကြောင်း သိရသည်။