မြန်မာနိုင်ငံတွင် ကုန်ပစ္စည်း အမှတ်တံဆိပ်များနှင့် ပတ်သက်၍ မူပိုင်ခွင့်ဆိုင်ရာ ပြဿနာ အများအပြား ဖြစ်ပေါ်နေကြောင်း သိရ သည်။
ယင်းပြဿနာများမှာ တရားမဝင် ကုန်သွယ်ရေးလမ်းကြောင်းမှ တင်သွင်းလာသည့် အမှတ်တံဆိပ်ရှိပြီးသား ကုန်ပစ္စည်းများကို ဈေးနှုန်း သက်သာစွာဖြင့် ရောင်းချခြင်း၊ ကုန်အမှတ်တံဆိပ် အတုပြုလုပ်ခြင်းနှင့် ဆင်တူယိုးမှား ပြုလုပ်ခြင်းများ ဖြစ်ကြောင်း ရှေ့နေ အသိုင်းအဝိုင်းက ပြောဆိုကြသည်။
အထက်တန်း ရှေ့နေ တဦးဖြစ်သည့် ဦးမောင်မောင်ဝင်းက“ဒီပြဿနာတွေက နေ့စဉ်လိုလို ဖြစ်နေတယ်၊ အမှုတွေက အများကြီးပဲ၊ ဒီအမှုတွေက တော်တော်ရှုပ်တယ်၊ လက်ရှိမှာ နာမည်ကြီး အလှကုန် မျက်နှာသစ် ပစ္စည်း အမှတ်တံဆိပ်နဲ့ ပတ်သက်ပြီး တရားရုံး ပေါ်တော့ မရောက်လာသေးပေမယ့်၊ ရှေ့နေ အချင်းချင်းကြား အငြင်းပွားမှုတွေ ဖြစ်နေကြတယ်။ အခုတလောမှာတော့ အလှကုန် ပစ္စည်းတွေမှာ ဒီပြဿနာတွေ ဖြစ်နေတယ်”ဟု ပြောပြသည်။
တချို့သော ကုန်ပစ္စည်းများသည် ပြည်ပမှ တင်သွင်းလာသော်လည်း ပြည်တွင်းရောက်မှ ကုန်အမှတ်တံဆိပ် တပ်ခြင်းများရှိသည့် အတွက် မူပိုင်ခွင့်ရရှိရေး ပြဿနာများ လတ်တလောတွင် ဖြစ်ပွားနေခြင်းဖြစ်ကြောင်းလည်း သိရသည်။
သို့သော် ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်နှင့် ပတ်သက်၍ တရားရုံးသို့ ရောက်ရှိလာခြင်းမရှိဘဲ အောက်ခြေအဆင့်၌ပင် ဖြေရှင်း လိုက် သည်များလည်း ရှိနေကြောင်း တရားလွှတ်တော်ရှေ့နေ ဦးသန်းမောင် (စစ်တွေ)က ပြောသည်။
“အောက်ခြေမှာပဲ ဖြေရှင်းလိုက်တာ များတယ်၊ ကျနော်တို့ကို လာတိုင်ပင်တဲ့ဟာက ပြည်တွင်းရော ပြည်ပရော အများကြီးရှိတယ်၊ ရန်ကုန်၊ မန္တလေး၊ တောင်ကြီး ပေါင်းရင် အမှုပေါင်း ၂၀ လောက်ရှိတယ်။ အထင်ကရ အမှုအနေနဲ့ပေါ့နော်”ဟုလည်း ၎င်းက ပြော သည်။
ထိုသို့ ကုန်အမှတ်တံဆိပ်နှင့် ပတ်သက်ပြီး ပြဿနာများ ပေါ်ပေါက်နေသော်လည်း မြန်မာနိုင်ငံ၌ ကုန်အမှတ် တံဆိပ် ဆိုင်ရာ ဉာဏ ပစ္စည်း မူပိုင်ခွင့် ဥပဒေကို ပြဌာန်းရန် သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနတွင် ရေးဆွဲနေသည့် အဆင့်ပင် ရှိကြောင်း သိရသည်။
“ဉာဏပစ္စည်း မူပိုင်ခွင့် ဥပဒေက ရှေ့နေချုပ်ရုံးကနေ ပြန်ကျလာပြီ။ လာမယ့် လွှတ်တော်မှာ တင်ဖို့ ရှိတယ်။ ပြဿနာက လေးခုမှာ နှစ်ခုက စက်မှုလက်မှု ဒီဇိုင်းနဲ့ တီထွင်မှု မူပိုင်ခွင့် ဥပဒေမှာ ကျွမ်းကျင်တဲ့ စစ်ဆေးသူ၊ ကျွမ်းကျင်သူတွေ လိုနေတယ်၊ ဒါက စိန်ခေါ်မှု ဖြစ်နေတယ်”ဟု လက်ရှိ မြန်မာနိုင်ငံ ဉာဏပစ္စည်း မူပိုင်ခွင့် ဆိုင်ရာ ဥပဒေ ရေးဆွဲရာ၌ အကြံပေး အဖြစ် ပါဝင်နေသည့် ဦးမင်းတေဇာညွန့်တင် က ပြောသည်။
ဦးမင်းတေဇာညွှန့်တင် သည် အာဆီယံ-အီးယူ အသေးစားနှင့် အလတ်စား လုပ်ငန်းများ ဉာဏ ပစ္စည်း မူပိုင်ခွင့် ဆိုင်ရာ (Asean EU IPR SME Helpdesk) အဖွဲ့မှ ကျွမ်းကျင်းသူ တဦးလည်း ဖြစ်သည်။
ထို့အပြင် ၎င်းက ကုန်အမှတ်တံဆိပ် ဥပဒေနှင့် စာပေ၊ အနုပညာ မူပိုင်ခွင့် ဥပဒေနှစ်မျိုးသာ အရင်ဦးစွာ ထွက်ပေါ်လာနိုင်မည်ဟု ယူဆကြောင်း၊ အဆိုပါဥပဒေများ ထွက်ပေါ်လာပါက ရဲ၊ တရားသူကြီး၊ ဥပဒေရုံးများ အနေဖြင့် မှန်ကန်စွာဖြေရှင်းနိုင်မည်ဖြစ်ကြောင်းလည်း ပြောဆိုသည်။
“ဒီကိစ္စတွေက အတိမ်းအဆောင်း မခံပါဘူး။ နိုင်ငံတကာက ကုန်အမှတ်တံဆိပ်တွေ ဖြစ်လို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အတွက်ပါ ထိခိုက်နိုင်တယ်။ အရေးကြီးပါတယ်”ဟု ဦးမင်းတေဇညွှန့်က ပြောသည်။
လက်ရှိတွင် မှတ်ပုံတင်ထားသော ကုန်အမှတ်တံဆိပ် ပြည်တွင်း ပြည်ပ စုစုပေါင်း ခန့်မှန်းခြေ ၁၀၀၀၀ ခန့် ရှိသည်ဟု ဆိုသည်။
ယခင်က နာမည်ကြီး အမှတ်တံဆိပ်များ ဖြစ်သည့် Ajinomoto အချိုမှုန့် ၊ Kentucky Fried Chicken (KFC) ကြက်ကြော် စသည့် ကုန်ပစ္စည်းများနှင့် ပတ်သက်၍ မူပိုင်ခွင့် ချိုးဖောက်မှုများ ရှိခဲ့ဖူးကြောင်း သိရသည်။
ထို့ကြောင့် ယခုနှစ်ကုန်တွင် စတင် အကောင်အထည်ဖော်မည့် အာဆီယံ စီးပွားရေး အသိုက်အဝန်း ဖြစ်ပေါ်လာပါက မြန်မာနိုင်ငံ အနေဖြင့် ကုန်အမှတ် တံဆိပ်တု ပြဿနာများ ဖြေရှင်းရမှု ပိုမိုများပြားလာနိုင်သည့် အခြေအနေတွင် ရှိနေကြောင်းလည်း သိရ သည်။
တရားလွှတ်တော် ရှေ့နေ ဦးသန်းမောင်က “ကုန်အမှတ်တံဆိပ်အတု ရောင်းနေတာကို ဥပဒေတွေနဲ့ မကျင့်သုံးကြဘူး၊ Custom အကောက်ခွန်က အများဆုံးသွင်းတာ၊ သူတို့ဆီကို မဖြတ်ဘဲ နဲ့ ဒီအတုတွေ ကျနော်တို့ဆီကို မရောက်ဘူး’’ဟု ပြောဆိုသည်။
အကောက်ခွန် ဦးစီးဌာနကမူ ကုန်ပစ္စည်း အမှတ်တံဆိပ်များ အတုပြုလုပ် တင်သွင်းခြင်းနှင့် ပတ်သက်၍ ပင်လယ်ရေကြောင်း အကောက်ခွန် ဥပဒေ ပုဒ်မ ၁၈ ပြဋ္ဌာန်း၍ ပိတ်ပင်တားမြစ်ထားသည်ဟု အကောက်ခွန် ဦးစီးဌာန စီမံရေးရာမှ ညွှန်ကြားရေးမှူး ဦးသိန်းဆွေက ပြောသည်။
သို့သော် ပင်လယ်ရေကြောင်း ဥပဒေ ပုဒ်မ ၁၈ အရ အရေးယူနိုင်သော်လည်း ဒဏ်ငွေနှင့် ပြစ်ဒဏ်သည် လက်ရှိ အချိန်ကာလနှင့် ကိုက်ညီမှု မရှိတော့ကြောင်း သိရသည်။
ကုန်အမှတ်တံဆိပ်နှင့် ကုန်ပစ္စည်းအတု ပြုလုပ်ခြင်း၊ ရောင်းချခြင်းဆိုင်ရာ ပြစ်မှုဥပဒေများအရ ထောင်ဒဏ် ၁ နှစ်၊ ငွေကြေး အကန့် အသတ်မရှိ သို့မဟုတ် နှစ်ရပ်လုံး ချမှတ်နိုင်သော်လည်း တရားရုံးသို့ရောက်ရှိသည့် အမှုအရေအတွက်မှာလည်း နည်းပါးလျက် ရှိနေ ကြောင်း ရှေ့နေများက ပြောသည်။
ယခုအခါ စီးပွားရေးသမားများသည် ကုန်ပစ္စည်း တံဆိပ်အတု သို့မဟုတ် ပစ္စည်းတံဆိပ်အလိမ်ပါ ကုန်စည်များကို သိလျက်နှင့် ရောင်းချခြင်း၊ ရောင်းချရန် ပြသထားခြင်း၊ ရောင်းရန်၊ ကုန်သွယ်ရန်၊ ထုတ်လုပ်ရန် လက်ဝယ်ထားခြင်း စသည့် ပုဒ်မ ၄၈၆ ကို အများဆုံး ချိုးဖောက်နေကြောင်း ရှေ့နေကြီး ဦးသန်းမောင်က ပြောဆိုသည်။
အိမ်နီချင်း တရုတ် နှင့် ထိုင်း နိုင်ငံများ၌ ကုန်ပစ္စည်း ထုတ်လုပ်ရာတွင် ပြင်ပဈေးကွက်အတွက် သီးသန့် ထုတ်လုပ်ခြင်းကို ပြည်တွင်း အတွက် အသုံးပြုပါက သက်ဆိုင်ရာက အရေးယူခြင်းရှိသော်လည်း မြန်မာနိုင်ငံအနေဖြင့် အရေးယူဆောင်ရွက်ခြင်း အားနည်းလျက် ရှိသည်။
SMART Group ဥက္ကဋ္ဌ ဦးကျော်ကျော်လှိုင်က“ကျနော်တို့က ဆွစ်ဇာလန် နိုင်ငံထုတ် APP ဆိုတဲ့ လျှပ်စစ် ပစ္စည်းကို မြန်မာပြည်မှာ ဖြန့်ဖြူးရေး ကိုယ်စားလှယ် ရထားတာ၊ ဒါကို ပုံစံတူလိုက်ရောင်းတော့ ရဲကိုတိုင်တယ်၊ အမှုရင်ဆိုင်ရတယ်၊ တော်တော်ကြာတယ်၊ ပြီး တော့ အမိန့်ချလိုက်တာ ဒဏ်ငွေက ၁၀၀၀ လောက်ပဲ ဆိုတော့ ကျနော်တို့က လန်သွားတာပေါ့။ ကျနော်တို့က လက်ကားဖြန့်တယ်၊ လက်လီသမားက အတုရော အစစ်ရော ဆောင်ထားပြီးလုပ်တာ၊ ဈေးကွက်အရ ကျနော်တို့ ထိခိုက်ခဲ့တယ်။ အတုဆိုတော့ အရည်အသွေး၊ ဈေးနှုန်း ကွာတယ်။ ဝယ်သူက မသိဘူး”ဟု ပြောသည်။
ယနေ့အချိန်ကာလအထိ မြန်မာနိုင်ငံတွင် ကုန်အမှတ်တံဆိပ် ဥပဒေ ၊ စက်မှုလက်မှုဒီဇိုင်း ဥပဒေ၊ တီထွင်မှု မူပိုင်ခွင့် ဥပဒေများ ပါဝင်သည့် ပင်မ ဥပဒေမရှိဘဲ လွန်ခဲ့သည့် နှစ် ၁၀၀ ကျော်က ပြဌာန်းထားသည့် မူပိုင်ခွင့် ဥပဒေတမျိုးတည်းသာ ရှိကြောင်း သိရ သည်။
“ပင်မဥပဒေ ကတော့ မရှိဘူး၊ ဥပဒေတွေက အမြောက်အများရှိတယ်၊ ဥပဒေက မရှိကြတာမဟုတ်ဘဲ မသိကြတာ၊ မသုံးကြတာ၊ သုံးရင်လည်း မထိရောက်သေးလို့ ပြည်ထောင်စုလွတ်တော်က မူပိုင်ခွင့် ဥပဒေပြဌာန်း တော့မယ်ဆိုပေမယ့် အခုထိတော့ မပြဋ္ဌာန်း ရသေးဘူး၊ ချိုးဖောက်လို့ ရသေးတယ် ထင်နေတယ်’’ဟု တရားလွှတ်တော်ရှေ့နေ ဦးသန်းမောင်က ထောက်ပြသည်။
၂၀၁၄ ခုနှစ်တွင်ပြဌာန်းခဲ့သည့် ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဥပဒေတွင်လည်း မူပိုင်ခွင့်ချိုးဖောက်ပြီး ရရှိလာသော ငွေများကို ငွေမည်းအဖြစ် သတ်မှတ်ကြောင်း ပါရှိပြီး ကုန်ပစ္စည်း ငွေကြေးနှင့် အဆိုပါ ငွေကြေးဖြင့် ဝယ်ယူထားသော ကုန်ပစ္စည်းများကို သိမ်းယူနိုင်ကြောင်း သို့သော် ယင်းဥပဒေကိုလည်း ကျင့်သုံးမှု အားနည်းနေသေးကြောင်း သိရသည်။
လက်ရှိ မြန်မာနိုင်ငံတွင် မူပိုင်ခွင့်ဆိုင်ရာ ထိရောက်သည့် ဥပဒေ ကျင့်သုံးမှု အားနည်း နေသေးသော်လည်း အသိဉာဏ် ပစ္စည်း ဆိုင် ရာ လုပ်ငန်းရှင်များ အသင်းကို ပြီးခဲ့သည့် ဇန်နဝါရီလ ၁၈ ရက်နေ့တွင် ဖွဲ့စည်းတည်ထောင်ခဲ့သည်။
ထိုအသင်း မိတ်ဆက်ပွဲ အခမ်းအနား မြန်မာနိုင်ငံကုန်သည်ကြီးများနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်တွင် ပြုလုပ်ခဲ့ သည်။ မြန်မာနိုင်ငံတွင် အသိဉာဏ်ပစ္စည်း မူပိုင်ခွင့်ဆိုင်ရာ အသိပညာပြန့်ပွားရန်နှင့် ဗဟုသုတများ ဖြန့်ဝေသွားနိုင်ရန် ရည်ရွယ်ဖွဲ့စည်းခြင်း ဖြစ်ကြောင်း သိရသည်။