မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်များ အသင်း၊ ဆောက်လုပ်ရေး အများပိုင် ကုမ္ပဏီ၏ အစု ရှယ်ယာများကို လာမည့် အောက်တိုဘာလတွင် အများပြည်သူသို့ ရောင်းချသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
အများပိုင် ကုမ္ပဏီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးကျော်ပိုင်က “ကုမ္ပဏီ အနေနဲ့ စီးပွားရေး လုပ်ပိုင်ခွင့် ရလာတဲ့အချိန်မှာ တဦးကို သိန်း ၁၀၀၀ စီ ထည့်ပေးရမယ်။ ထည့်ဝင်ပြီး ၃ လကနေ ၆ လ အတွင်းမှာ လုပ်ငန်းနဲ့ သက်ဆိုင်တဲ့ အစည်းအဝေး လုပ်ရမယ်။ ပြီးမှ အများပြည် သူ ကို တရားဝင် ရှယ်ယာ ခေါ်မယ်”ဟု မီဒီယာများသို့ မတ်လ ၃ ရက်နေ့က ပြောကြားသည်။
လက်ရှိအချိန်တွင် အဖွဲ့ဝင် ၃၂ ဦးက တဦး သိန်းတထောင်စီဖြင့် ကျပ်သိန်းပေါင်း ၃၂၀၀၀ ကို မတည်ထားပြီး စီမံကိန်းများ ဝင်ရောက် ယှဉ်ပြိုင်ခြင်း၊ ဆောက်လုပ်ရေး လုပ်ငန်း၊ ကုန်သွယ်ရေး ဆိုင်ရာ စီးပွားရေး လုပ်ငန်းတို့ကိုလည်း စတင် ဆောင်ရွက် တော့ မည် ဖြစ်ကြောင်း၊ လာမည့် ၃ နှစ်မှ ၅ နှစ် ကာလအတွင်း စတော့အိတ်ချိန်းတွင် စာရင်းဝင်နိုင်ရန် ပြင်ဆင်နေကြောင်း ဆောက် လုပ်ရေး အများပိုင် ကုမ္ပဏီက ပြောသည်။
ရှယ်ယာ ရောင်းချရာတွင်လည်း တဦးတယောက်တည်းက ရှယ်ယာအများစုကို မထိန်းချုပ်နိုင်စေရန် ကျပ်သိန်း ၁၀၀၀၀ (တစ်သောင်း) နှင့် အထက် ပိုရောင်းချခွင့် ပြုမပြု ချင့်ချိန်နေကြောင်း၊ ရှယ်ယာ ထည့်ဝင်ထားသူများကို အမြတ်အစွန်း နှစ်စဉ် ပေးနိုင် ရန် အများပြည်သူနှင့် ဆက်စပ်သော ဆောက်လုပ်ရေး လုပ်ငန်း၊ လမ်းမကြီး၊ တံတား၊ လေဆိပ်၊ စက်မှုဇုန်၊ မြို့ပြဖွံ့ဖြိုး တိုးတက်မှု လုပ်ငန်း၊ တန်ဖိုးနည်း အိမ်ရာ၊ တန်ဖိုးမျှ အိမ်ရာ လုပ်ငန်းများတွင် နိုင်ငံခြား ကုမ္ပဏီများကိုပါ ဖိတ်ခေါ်ပြီး လုပ်ဆောင်သွားရန် ရှိကြောင်းလည်း ဆောက်လုပ်ရေး လုပ်ငန်းရှင်အသင်းက ပြောဆိုသည်။
ဦးကျော်ပိုင်က “ရှယ်ယာ ခေါ်ယူရာမှာ ဆောက်လုပ်ရေး လုပ်ငန်းရှင်အသင်းဆိုတာကလည်း တည်ဆောက်သူ၊ ကုမ္ပဏီ၊ ကုမ္ပဏီ ဝန် ထမ်း၊ အင်ဂျင်နီယာ၊ ပန်းရံ၊ လက်သမားက အစ ဖိတ်ခေါ်ထားတော့ အေရှယ်ယာ၊ ဘီရှယ်ယာ လုပ်ပြီး အဲဒီလို သွားဖို့ ကျန်နေ သေးတော့ အစောဆုံး ဇူလိုင်နဲ့ အောက်တိုဘာကြားလောက်မှာ မှန်းထားပါတယ်’’ဟု ပြောသည်။
ဂျပန်နိုင်ငံ ကုန်သည်ကြီးများအသင်းမှ တာဝန်ရှိသူ တဦးဖြစ်သူ ဦးဗညားဇော်က အများပိုင်ကုမ္ပဏီများ ထူထောင် ခြင်းအားဖြင့် နိုင်ငံအတွက် အခွန်ဘဏ္ဍာငွေများ အပြည့်အ၀ ရရှိနိုင်သော်လည်း အစိုးရအနေဖြင့် စာရင်းအင်းနှင့် သတင်း အချက်အလက်များ ပွင့် လင်းမြင်သာမှုရှိစေရန် စောင့်ကြည့်ပေးရမည်ဟု ပြောဆိုသည်။
“စာရင်းစစ် အဖွဲ့တွေကို စောင့်ကြည့်ပေးရမယ်။ မဟုတ်ရင် စာရင်းလိမ်တာတွေ ဖြစ်လာမယ်၊ နောက် အတွင်းသတင်း ရောင်းချခြင်း ဆိုင်ရာ ဥပဒေ မရှိသေးဘူး။ အတွင်းသတင်းကို ရထားတဲ့ ဒါရိုက်တာအဖွဲ့လိုထဲကနေ ရင်းနှီးတဲ့သူကို ပြောလိုက်တာတွေ ရှိတတ် တယ်။ ဒီလို ဖြစ်စဉ်တွေကြောင့် ဂျပန်မှာ အရေးယူခံရတာတွေ ဖြစ်ခဲ့ဖူးတယ်”ဟု ၎င်းက ပြောသည်။
မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်းကို ၁၉၉၆ ခုနှစ်က စတင်ဖွဲ့စည်းခဲ့ပြီး ယခုအခါ အများပိုင် ကုမ္ပဏီ ဖွဲ့စည်းမှသာ အစိုးရက စီမံကိန်းများ လုပ်ပိုင်ခွင့် ပေးနိုင်မည် ဆိုခြင်းကြောင့် အသင်းအနေဖြင့် လိုအပ်ချက်အရ အများပိုင် ကုမ္ပဏီ ဖွဲ့စည်းရခြင်း ဖြစ်ကြောင်း၊ ဆောက်လုပ်ရေး အများပိုင် ကုမ္ပဏီအဖြစ် ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်တွင် အမျိုးသား စီမံကိန်းနှင့် ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဋ္ဌာနနှင့် မြန်မာနိုင်ငံ ရင်းနှီးမြှပ်နှံမှု ကော်မရှင်တို့ထံမှ မှတ်ပုံတင်ခွင့် ရရှိထားပြီး ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံက ၂၀၁၅ ခုနှစ်အတွင်း စတော့အိတ်ချိန်း အကောင်အထည်ဖော်ရန် လာမည့် နိုင်ဝင်ဘာလတွင် အပြီးသတ် ဆောင်ရွက် လျက်ရှိကြောင်း၊ အဆိုပါ စတော့အိတ်ချိန်းသို့ဝင်ရောက်ရန် အလားအလာရှိသည့် အများပိုင်ကုမ္ပဏီ ၁၀ ခုခန့်ရှိကြောင်း ဘဏ္ဍာရေး ဒုဝန်ကြီး ဒေါက်တာ မောင်မောင်သိမ်းက ပြောဆိုခဲ့ဖူးသည်။