နိုင်ငံတနိုင်ငံ၏ အမှန်တကယ် စီးပွားရေးအင်အားကို ကြည့်ကြရာတွင် ထိုနိုင်ငံ၏ စုဆောင်းထားနိုင်သော အရန်ငွေပမာဏ မည်မျှ ရှိ၍ မည်မျှတိုးလာသည်ဆိုသည်နှင့် တိုင်းတာကြည့်ရှုကြသည်ဟု စီးပွားရေးပညာရှင် တို့က ဆိုသည်။ စီးပွားရေး ဖွံ့ဖြိုးမှုနှုန်းကို ပြည်တွင်း အသားတင်ကုန်ထုတ်လုပ်မှု တန်ဖိုး GDP တိုးတက်လာ မှုနှင့် ယှဉ်တွဲဖော်ပြကြသည်မှာ မှန်သော်လည်း GDP တိုးတက် မှုနှင့်အတူ တိုင်းပြည်၏ ငွေကြေးစုဆောင်း နိုင်သည့် ပမာဏ မြင့်တက်လာဖို့ လိုပါသည်။ ထိုသို့မဟုတ်ဘဲ တိုင်းပြည် စုဆောင်းငွေ (နိုင်ငံခြားအရန်ငွေ ပမာဏ) တိုး၍ မစုနိုင်လျှင် စီးပွားရေးအင်အား တောင့်တင်းလာသည်မဆိုနိုင်ဟု ပညာရှင်များက သတ်မှတ်ကြ သည်။
၂၀၁၃ ခုနှစ်အတွင်းက မြန်မာနိုင်ငံ၏ စုဆောင်း ထားနိုင်သည့် နိုင်ငံခြားအရန်ငွေ ပမာဏမှာ အမေရိကန် ဒေါ်လာ ၈ ဘီလီယံကျော် ရှိသည်ဟု မြန်မာ နိုင်ငံတော်ဗဟိုဘဏ် ဒု ဥက္ကဋ္ဌ ဒေါ်ခင်စောဦးက ပြောဆိုခဲ့ဖူးသည်။ ယခုနှစ် ဖေဖော်ဝါရီလဆန်း အတွင်းက ထွက်ပေါ်ခဲ့သော အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF ၏ မြန်မာနိုင်ငံနှင့် ပတ် သတ်သည့် ထုတ်ပြန်ချက်တွင် နိုင်ငံခြားအရန်ငွေ ပမာဏမှာ လျော့ကျလာနေပြီး ပြီးခဲ့သည့် ဒီဇင်ဘာ လတွင် အမေရိကန်ဒေါ်လာ ၄ ဒသမ ၅ ဘီလီယံသာ ရှိသည်ဟု ဖော်ပြပါရှိသည်။
ယင်းအခြေအနေကို ကြည့်မည်ဆိုပါက မြန်မာ နိုင်ငံသည် နိုင်ငံခြားငွေပမာဏ တိုးစုနိုင်သည့် အခြေ အနေကို မတွေ့ရသည့်အပြင် ထက်ဝက်နီးပါးမျှ လျော့ကြလာသည့် အနေအထားကို တွေ့ရသည်။ ယခုကဲ့သို့သော ကိုယ့်နိုင်ငံစုငွေ အမေရိကန် ၄ ဘီလီယံကျော်သာ ရှိနေသောအချိန်တွင် ဒေသတွင်း နိုင်ငံများ၏ စီးပွားရေး အင်အား လှမ်းထားနိုင်သော အားကို ကြည့်မည်ဆိုလျှင် မြန်မာနိုင်ငံက များစွာ ပြတ်ကျန်နေပြီဟု ပြောရမည်ဖြစ်သည်။
ကမ္ဘာ့ဘဏ်နှင့် အပြည်ပြည်ဆိုင်ရာ ငွေကြေး ရံပုံငွေ အဖွဲ့တို့၏ အချက်အလက်များအရ ၂၀၁၃ ခုနှစ်ပိုင်းကပင် ထိုင်းနိုင်ငံ၏ အရန်ငွေပမာဏမှာ ၁၇၂ ဘီလီယံ၊ စင်ကာပူနိုင်ငံက ၂၅၉ ဘီလီယံ၊ အင်ဒိုနီးရှားနိုင်ငံက ၉၆ ဘီလီယံ၊ ဖိလစ်ပိုင်နိုင်ငံက ၈၃ ဘီလီယံနှင့် ဗီယက်နမ်နိုင်ငံက ၂၆ ဘီလီယံ ဖြစ်သည်။ လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံတို့လောက် သာ ကိုယ့်နိုင်ငံနှင့် မတိမ်းမယိမ်း အနေအထားတွင် ရှိသည်ကို တွေ့ရသည်။
မြန်မာနိုင်ငံ၏ စုငွေပမာဏ တိုးမလာခြင်းနှင့် လျော့ကျလာခြင်း အကြောင်းရင်းများတွင် သွင်းကုန် သာများ လာပြီး ပို့ကုန်တိုးတက်မလာဘဲ ကုန်သွယ် ရေး လိုငွေပြနေခြင်း၊ နှစ်စဉ် ဘဏ္ဍာရေးလိုငွေများ များ ပြားလာခြင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ထင် သလောက် မဝင်လာခြင်းတို့နှင့် ဆိုင်နေသည်ဟု စီးပွားရေး ပညာရှင်များက မှတ်ချက်ပြုကြသည်။ IMF ၏ ထုတ်ပြန်ချက်တွင်လည်း မြန်မာနိုင်ငံသည် သွင်းကုန် ၂၅ ရာခိုင်နှုန်း တိုးတက်လာ သော်လည်း ပို့ကုန်မှာ ဒီအတိုင်း ငြိမ်သက်နေသည်ဟု ပြောဆို ထားသည်။
နိုင်ငံတော်သမ္မတ စီးပွားရေး အကြံပေး ဒေါက်တာဇော်ဦးက “ပို့ကုန်က တိုးတက်မှုမဖြစ်သေး ဘဲ သွင်းကုန်ပဲ များလာနေတဲ့ အချိန်မှာ အရန်ငွေ တိုးစုဖို့ဆိုတာ အလှမ်းဝေးသေးတယ်လို့ ကောက် ချက်ချလို့ ရပါတယ်။ ဒါက စိန်ခေါ်မှုတရပ်အဖြစ် ရှိနေဦးမှာပါ” ဟု ဆိုသည်။ ထို့ပြင် မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်မှု တိုးတက်လာရေးမှာ လက်ရှိတွင် ပြည်တွင်းလုပ်ငန်းများအပေါ်တွင် မူတည်မနေဘဲ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု FDI များအပေါ်သာ သိသိ သာသာ အားကိုးနေရကြောင်းလည်း ပြောသည်။
၎င်းက “ကျနော်တို့ရဲ့ တိုးတက်မှုက ဘယ်အပေါ်မှာ မူတည်နေတာလဲ ဆိုတော့ ပြည်ပက ရင်းနှီးမြှုပ်နှံမှု အပေါ်မှာ မူတည်နေတာဗျ။ ဒါလည်း သိတဲ့အတိုင်းပဲ၊ ပြည်တွင်းထုတ်လုပ်မှုတွေက သိပ် အားရစရာမရှိလှဘူး။ အလွယ်တကူလည်း ချက်ချင်း မလုပ်နိုင်သေးဘူး။ စက်မှုဇုန်ပဲကြည့်မလား။ လယ်ယာ စိုက်ပျိုးရေးပဲ ကြည့်မလားပေါ့။ အဓိကကတော့ FDI ကလာမယ်လို့ မှန်းထားသလောက် မလာတော့ ဘူးဆိုတဲ့ သဘောလည်း ပါတာပေါ့။ အဲ့ဒါကြောင့် GDP နှုန်းကလည်း ကျလာတာပေါ့” ဟုပြောသည်။
GDP တိုးတက်နှုန်းမှာ သမ္မတ ဦးသိန်းစိန်က ယခု ဘဏ္ဍာနှစ်တွင် ၉ ဒသမ ၁ ရာခိုင်နှုန်းသို့ ရောက်အောင်လုပ် မည်ဟု ပြောဆိုထားသော်လည်း IMF ၏ ယခုထုတ်ပြန်ချက်တွင် ပြီးခဲ့သည့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ၈ ဒသမ ၃ ရာခိုင်နှုန်းရှိခဲ့ရာမှာ ယခု ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်ကုန်တွင် ၇ ဒသမ ၃ ရာခိုင်နှုန်းသို့ လျော့ကျလာဖို့ရှိ ကြောင်း မှန်းဆလိုက် ပြီဖြစ်သည်။
ထိုသို့ GDP နှုန်းအကျဘက်သို့ ပြန်အရောက်၊ အရန်ငွေစုဆောင်းနိုင်မှု လျော့ကျလာမှုနှင့်အတူ မြန်မာနိုင်ငံ၏ ကုန်သွယ်ရေးလိုငွေ ပြမှုမှာလည်း လက်ရှိတွင် GDP ၏ ၅ ဒသမ ၅ ရာခိုင်နှုန်းသို့ ရောက်ရှိနေပြီဖြစ်ကြောင်း၊ ငွေဖောင်းပွမှုနှုန်းမှာ လည်း ယခင် ၅ ဒသမ ၈ ရာခိုင်နှုန်းမှ ယခုဘဏ္ဍာနှစ် ကုန်တွင် ၆ ရာခိုင်နှုန်းအထိ တက်လာဖို့ရှိကြောင်း IMF က ခန့်မှန်းလိုက်သည်။
IMF ၏ အစီရင်ခံချက်နှင့်ပတ်သက်၍ စီးပွား ရေးပညာရှင် ဒေါက်တာအောင်ကိုကိုက “ဒါက တကယ့်ကို လက်တွေ့ကျတယ်ပေါ့။ တိုင်းပြည်မှာ လည်း ကုန်သွယ်ရေးလိုငွေနဲ့ ဘဏ္ဍာရေးလိုငွေ ၂ ခုက တပြိုင်တည်း ဖြစ်ပြီး တဖြည်းဖြည်းလည်းများလာ တယ်။ တချိန်တည်းမှာပဲ အဲ့ဒီလိုငွေ ၂ ခုကြီးလာတာ နဲ့အတူ နိုင်ငံခြားအရံငွေ ပမာဏကလည်း နည်းလာ တယ်။ နောက် ပြည်ပပို့ကုန်ကလည်း အမျိုးအမည် မပြောင်းနိုင်ဘူး။ သဘာဝဓာတ်ငွေ့က ၄၀ ရာခိုင်နှုန်း ဖြစ်နေတယ်။ အဲ့လိုဖြစ်နေတဲ့ အနေအထားကနေ ဘယ်လိုလုပ်ယူမလဲဆိုတာက အရေးကြီးပါတယ်” ဟု ပြောသည်။
မြန်မာနိုင်ငံ၏ ပို့ကုန်ဝင်ငွေတွင် လက်ရှိအချိန် အထိ သဘာဝဓာတ်ငွေ့ကသာ အများဆုံးနေရာယူ ထားဆဲဖြစ်ပြီး အခြားပို့ကုန် အမျိုးအမည်များ ကျယ် ကျယ်ပြန့်ပြန့် ထုတ်လုပ်နိုင်မှုအား တိုးတက်လာခြင်း မရှိပေ။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာသော်လည်း သိသာမြင်သာစွာတင်ပို့နိုင်သည့် ပို့ကုန် ထုတ်လုပ်မှုမှာ ယနေ့အထိ ရှိမလာသေးပေ။
ယင်းအခြေအနေတွင် မြန်မာနိုင်ငံ အနေဖြင့် ပြည်ပပို့ကုန်ထုတ်လုပ်မှုကို တိုးမြှင့်နိုင်သည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံ မှုများကိုသာ ပိုမိုလက်ခံပြီး ပို့ကုန်ထုတ် လုပ်မှု တိုးတက်လာမှုမှတဆင့် နိုင်ငံစုငွေတိုးယူရမည် ဖြစ်ကြောင်း၊ ထိုသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ တကယ့် ကုန်ထုတ်လုပ်မှုကဏ္ဍများတွင် စီးဝင်လာရေးဆိုသည်တွင် မြန်မာ နိုင်ငံမှာ လက်ရှိအထိ စီးပွားရေးလုပ်သာ ကိုင်သာရှိမှု အခက်ခဲဆုံး နိုင်ငံများထဲတွင် ပါဝင်နေ ဆဲဖြစ်သဖြင့် မလိုလားအပ်တော့ လုပ်ရိုးလုပ်စဉ် ကြိုးနီစနစ်များကို အမြန်ဆုံး ရုပ်သိမ်းသွားရန်လိုကြောင်း စီးပွားရေးပညာ ရှင်များက ထောက်ပြကြ သည်။
ဒေါက်တာအောင်ကိုကိုက “၂၀ဝ၂ ခုနှစ်မှာ တရုတ်ကထုတ်လုပ်တဲ့ ပြည်ပပို့ကုန် ထက်ဝက်ကျော်ဟာ FDI နဲ့ ဆက်စပ်တဲ့လုပ်ငန်းတွေက ထုတ်လုပ်တဲ့ ဟာတွေဖြစ်ကုန်ပြီ။ ဆိုလိုချင်တာက FDI ဝင်လာ တာနဲ့အတူ ပြည်ပပို့ကုန်တွေ မြှင့်တင်အောင် တရုတ်က လုပ်နိုင်ခဲ့တယ်။ ဦးဆောင်သွားနိုင်တယ်ဆိုတာကို ပြောတာ။ အဲ့ဒါနဲ့အတူ အရန်နိုင်ငံခြားငွေပမာဏ ဖြည်းဖြည်းချင်း မြှင့်လာပြီး အခု တရုတ်က ကမ္ဘာမှာ အမြင့်ဆုံးဖြစ်သွား ပြီလေ။ အဲ့လိုမြင့်အောင် ဘယ်က လုပ်လဲဆိုတော့ ပို့ကုန်ကိုမြှင့်တဲ့ နည်းပဲရှိတယ်။ အခြားနည်းမရှိဘူး။ ပို့ကုန်မြှင့်တာမှာ ၂ နည်းရှိတယ်။ ပြည်တွင်းရင်းနှီးမြှုပ်နှံမှုတွေ စုဆောင်းမှုတွေနဲ့ မြှင့် တင်တာရှိမယ်။ နောက်တနည်းက FDI နဲ့ မြှင့်တင် တာပေါ့။ အခုကျနော်တို့က ၂ နည်းလုံး အဆင်မပြေ မစွမ်းဆောင်နိုင်သေး ဘူးဖြစ်နေတာ” ဟု ပြောသည်။
စီးပွားရေးပညာရှင် နောက်တဦးဖြစ်သည့် ဦးမော်သန်းကလည်း အစိုးရအနေဖြင့် ယခုကဲ့သို့ သော ကုန်သွယ်ရေးလိုငွေပြမှု များလာပြီး အရန်ငွေ စုဆောင်းမှု လျော့ကျလာသောအချိန်တွင် အသုံးစရိတ် များချွေတာရန် လိုအပ်သည်ဟု သတိပေးလိုက်သည်။ နိုင်ငံတကာ စွမ်းအင်ဈေးနှုန်းများကျဆင်မှု ဖြစ်နေ ချိန်ဖြစ်သည့်အတွက် နိုင်ငံ၏ အဓိကပို့ကုန် အမျိုးအမည် သဘာဝဓာတ်ငွေ့ တင်ပို့မှုတွင်လည်း သက် ရောက်မှုရှိလာနိုင်ရာ ယင်းအချက်ကိုလည်း ဂရုပြုဖို့ လိုကြောင်းလည်း ပြောဆိုသည်။
IMF ကမူ မြန်မာနိုင်ငံအနေဖြင့် မသုံးမဖြစ် လိုအပ်လာသော ပညာရေးအသုံးစရိတ်၊ ကျန်းမာရေး အသုံးစရိတ် များနှင့် အခြေခံအဆောက်အဦ ဖြည့် ဆည်းမှုများအတွက် သုံးစွဲရမှုများက အစိုးရအပေါ်တွင် သက်ရောက်လာ ကြောင်း၊ ယင်းအသုံးစရိတ်များ ကို ကာမိနိုင်ရန်အတွက် ထိရောက်သော အခွန်စနစ် ကို ကျယ်ကျယ်ပြန့်ပြန့် ကျင့်သုံးရန် လိုကြောင်းနှင့် ပို့ကုန် ကုန်ထုတ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာအောင် လုပ်ရန်လိုအပ်ကြောင်း ပြောဆိုထားသည်။
လက်ရှိတွင် အစိုးရ၏ အသုံးစရိတ်များကို ကာမိရန်အတွက် အခွန်စနစ်ကို ပြောင်းလဲကျင့်သုံး မှုများ ရှိလာသော်လည်း ယခင်စနစ်ဟောင်း အကျင့် ဟောင်းများနှင့် နေသားကျလာမှုကြောင့် စနစ်တကျ မလုပ်ဆောင်နိုင်သေးပဲ အခွန်ရှောင်မှုများ ရှိနေဆဲ ဖြစ်သည်။ ထို့အတူ ကုန်ထုတ်လုပ်မှု လုပ်ငန်းတိုး တက်လာဖို့ ဆိုသည်မှာလည်း ပြည်ပပို့ဖို့ဆိုသည်ထက် ကိုယ့်ပြည်တွင်းမှာပင် အခြားမှ တင်သွင်းရောင်းချနေ သောပစ္စည်းများနှင့် ယှဉ်နိုင်ဖို့ အမျိုးမျိုး ရုန်းကန် နေရသည့် အခြေအနေဖြစ်သည်။
ထိုသို့ မပီပြင်သေးသော အခွန်စနစ်၊ ကုန်ထုတ် လုပ်ငန်းဖွံ့ဖြိုးရေးတွင် လိုအပ်သော နည်းပညာ၊ အခြေခံအဆောက်အဦနှင့် ကျွမ်းကျင်လုပ်သားက အစ အခြေခံကောင်းကောင်း ဘာမှမရှိသေးခြင်းနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကလည်း ထင်သလောက် မဝင်လာသောကြောင့် မြန်မာ့စီးပွားရေး ရှေ့ဆက် ဖွံ့ဖြိုးမှုဆိုသည်မှာ ပလိုင်းပေါက်နှင့် ဖားကောက် သလိုသာ ဖြစ်နေပေပြီ။