ပဲဝယ်ယူသည့် အိန္ဒိယနိုင်ငံနှင့် ပဲတင်သွင်းသည့် မြန်မာနိုင်ငံအကြား အရောင်းအဝယ်ဆိုင်ရာ ပျက်ကွက်မှုများ မဖြစ်ပေါ်စေရန် မတ်လ ၅ ရက်က မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ရုံးတွင် နှစ်နိုင်ငံ ဆွေးနွေးပွဲ ပြုလုပ် ကြောင်း သိရသည်။
ထိုသို့ ဆွေးနွေးရာတွင် မြန်မာနိုင်ငံဘက်မှ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရှိ ကုန်သွယ်မှုမြှင့်တင်ရေးဌာန၊ မြန်မာနိုင်ငံ ပဲ၊ နှမ်း တင်ပို့ရောင်းချသူများအသင်းနှင့် ကုန်စည်ဒိုင်များ ပါဝင်ခဲ့ပြီး အိန္ဒိယနိုင်ငံဘက်မှ Oversea agro trader association မှ ပဲကုန်သည်များ တက်ရောက်ခဲ့ကြသည်။
“ပြီးခဲ့တဲ့နှစ်က မြန်မာနဲ့ ကုန်သွယ်တဲ့အခါမှာ ကုမ္ပဏီတချို့က ငွေတွေကို သုံးထားပြီး တင်မပေးတာတွေ ရှိခဲ့တဲ့အတွက် သူတို့က ဒီအဖွဲ့ကို ဖွဲ့ပြီးတော့ ဆောင်ရွက်ဖို့ လာကြတာ။ ကုမ္ပဏီ ၂ ခုလောက်ရှိခဲ့တယ်”ဟု မြန်မာနိုင်ငံပဲ၊ နှမ်း ထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းမှ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာ မြတ်စိုးက ပြောသည်။
ဆွေးနွေးချက်များတွင် အိန္ဒိယဘက်မှ အရောင်းအဝယ်ပြုလုပ်ရာတွင် ငွေပေးငွေယူဆိုင်ရာ စာချုပ် ချုပ်ဆိုမှုကိစ္စ၊ ပစ္စည်း အရည် အသွေး ဆိုင်ရာကိစ္စနှင့် အလေးချိန် မှန်ကန်မှုကိစ္စများကို တင်ပြခဲ့ပြီး မြန်မာနိုင်ငံဘက်မှ အိန္ဒိယက ပဲ ဝယ်ယူရာတွင် အချိန်ကာလ တလသာထားပြီး ဝယ်ယူပေးရန် တင်ပြခဲ့ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးချက်များနှင့် ပတ်သက်ပြီး ဥက္ကဋ္ဌ ဦးစိုင်းဘဉာဏ်က“အရောင်းအဝယ်အတွက် စာချုပ်တမျိုးတည်း ချုပ်မယ် ဆို တာတော့ ထွက်ပြီ။ ကျန်တဲ့ အရည်အသွေးတို့၊ အလေးချိန်တို့က မထွက်သေးဘူး၊ ရှေ့နေနဲ့ ညှိရဦးမယ်’’ဟု ပြောသည်။
စာချုပ်ပုံစံ တမျိုးတည်းဖြင့် ချုပ်ဆိုရာတွင် မြန်မာနိုင်ငံဘက်မှ လိုအပ်သည့် အချက်များနှင့် အိန္ဒိယဘက်မှ လိုအပ်သည့် အချက်များကို ဆွေးနွေးညှိနှိုင်းပြီး ရေးဆွဲသွားမည်ဖြစ်ပြီး တလခန့် အချိန်ကြာမည်ဟု သိရသည်။
ထို့အပြင် မြန်မာနိုင်ငံမှ အိန္ဒိယနိုင်ငံသို့ ပဲတင်ပို့ ရောင်းချရာတွင် မလိုလားအပ်သည့် ပြဿနာများ ဖြစ်ပေါ်နေခြင်းကြောင့် နှစ် နိုင်ငံ လိုက်နာဆောင်ရွက်နိုင်မည့် အချက်များကို ထုတ်ပြန်နိုင်ရန် ညှိနှိုင်းဆောင်ရွက်မှုများ ပြုလုပ်နေကြောင်း စီးပွားရေး နှင့် ကူးသန်း ရောင်း ဝယ်ရေးဝန်ကြီးဌာန(စီးပွား/ကူးသန်း) ကုန်သွယ်မှုမြှင့်တင်ရေး ဦးစီးဌာနက ပြောသည်။
စီးပွား/ကူးသန်း ကုန်သွယ်မှုမြှင့်တင်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဝင်းမြင့်က“အိန္ဒိယဘက်က အချက်သုံးချက် တင်ပြတယ်၊ မြန်မာဘက်က တချက်တင်ပြတယ်၊ အိန္ဒိယကိုတင်ပို့တဲ့အခါမှာ မလိုလားတဲ့ပြဿနာတွေကို ဖြေရှင်းဖို့အတွက်ပါ”ဟု ပြောပြသည်။
မြန်မာနိုင်ငံဘက်မှ အရည်အသွေးပိုင်းဆိုင်ရာများကို ချုပ်ဆိုမည့် စာချုပ်တွင် ထည့်သွင်းနိုင်ရန်၊ အလေးချိန် မှန်ကန်ရေးနှင့် ပတ် သက်ပြီး အစီအစဉ်တကျ မဟုတ်ဘဲ ကြုံရာ ကျပန်း(Random)စနစ်ဖြင့် စစ်ဆေးခြင်း၊ မြန်မာနိုင်ငံဘက်မှ ဆိပ်ကမ်းတွင် နေရာရပါက ကတ္တားကြီးများ ထားသွားနိုင်ရန် ဆွေးနွေးမှု ပြုလုပ်နေကြောင်းလည်း သိရသည်။
ပဲမျိုးစုံ ပြည်ပသို့ တင်ပို့ရာတွင် ပင်လယ်ရေကြောင်းမှ အများဆုံးတင်ပို့ခြင်း ဖြစ်ပြီး အိန္ဒိယနိုင်ငံသို့ ၈၀ ရာခိုင်နှုန်း တင်ပို့ကြောင်း ကျန် ၂၀ ရာခိုင်နှုန်းသည် နယ်စပ်မှ တဆင့် တရုတ်နိုင်ငံ သို့ တင်ပို့ခြင်း ဖြစ်သည်။
ပြည်ပသို့ တင်ပို့သည့် ပဲကုမ္ပဏီ စုစုပေါင်း ၁၀၀ ကျော် ရှိကြောင်း မြန်မာနိုင်ငံ ပဲ၊ နှမ်း ထုတ်လုပ် တင်ပို့ ရောင်းချသူများ အသင်း၏ စာရင်း၌ ဖော်ပြထားသည်။
၂၀၁၄ ခုနှစ် ဧပြီလမှ ၂၀၁၅ ခုနှစ် မတ်လအထိ ပြည်ပသို့ ပဲမျိုးစုံ တင်ပို့မှုသည် တန်ချိန် ၁ ဒသမ ၃ သန်း ရှိပြီး ပို့ကုန်ရငွေ တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၉၅၇ သန်း ရရှိပြီးဖြစ်ကြောင်း စီးပွား/ကူးသန်း ၏ စာရင်းအရ သိရသည်။