ပြည်တွင်းရှိ အသေးစားနှင့် အလတ်စားလုပ်ငန်းများ အပါအဝင် လုပ်ငန်းအများစုမှာ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) တွင် မှတ်ပုံတင်မှုနည်းကြောင်း သိရသည်။
ယင်းသို့ မှတ်ပုံတင်မှုနည်းခြင်းမှာ MIC နှင့်ပတ်သက်၍ ကျယ်ပြန့်စွာသိရှိမှု နည်းပါးခြင်းနှင့် မှတ်ပုံတင်သည့် အခါတွင် လိုအပ်သော အချက်အလက် စာရွက်စာတမ်း များပြားခြင်းတို့နှင့် သက်ဆိုင်နေသည်ဟု မြန်မာနိုင်ငံဆန်စပါး အသင်းချုပ် တွဲဖက်အထွေထွေ အတွင်းရေးမှုး ဒေါက်တာ စိုးထွန်းက ပြောသည်။
၎င်းက “ဒီမှာကျတော့ လုပ်ငန်းတွေ အများစုဟာ MIC ဆိုတဲ့ဟာကို တင်ရကောင်းမှန်း မသိဘူး။ဘာဖြစ်လို့လဲဆိုရင် အထောက်အထား အချက်အလက်တွေ တင်ရမှာ အခက်အခဲရှိတယ် ပြောတယ်။ သူတို့က ပြောတယ်၊ ကုမ္ပဏီ လုပ်ရင် ၁ နာရီ၊ ၂ နာရီနဲ့ရတယ်၊ အမြဲပြောတယ်။ ဒါပေမယ့် အဲ့ဒီ ၂ နာရီလောက်အတွင်း ရဖို့အတွက် စုခိုင်းတဲ့ စာရွက်တွေက တခါတလေ လေး၊ ငါး၊ ခြောက်လလောက် ကြာတယ်” ဟု ပြောသည်။
ပြည်တွင်းလုပ်ငန်းများ အနေဖြင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်သို့ တင်၍ လုပ်ငန်းဆောင်ရွက်ပါက နိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ဥပဒေ (Citizen Investment Law) တွင် ပါရှိသည့် ကင်းလွတ်ခွင့်နှင့် သက်သာခွင့်များတွင် ပါရှိသည့် အချက်များကို ခံစားခွင့် ရနိုင်ကြမည်ဖြစ်သည်။
အဆိုပါ ဥပဒေတွင် ပါရှိသည့် ကင်းလွတ်ခွင့်နှင့် သက်သာခွင့်များအရ ကုန်ထုတ်လုပ်ငန်း သို့မဟုတ် ဝန်ဆောင်မှုလုပ်ငန်း တခုခုဆိုလျှင် လုပ်ငန်း စတင်သည့်နှစ်မှ စ၍ ၅ နှစ် ဆက်တိုက် ဝင်ငွေခွန် ကင်းလွတ်ခွင့် ပြုခြင်း၊ လုပ်ငန်း စတင် တည်ဆောက်သည်မှ စ၍ တည်ဆောက်ဆဲ ကာလအတွင်း တင်သွင်းသည့် စက်ပစ္စည်းများအတွက် အကောက်ခွန်နှင့် တခြားပြည်တွင်း အခွန်များ ကင်းလွတ်ခွင့် ရရှိကြမည် ဖြစ်သည်။
သို့သော် ပြည်တွင်း လုပ်ငန်းများတွင် MIC ဆိုသည်ကိုပင် မသိကြသော သူများစွာ ရှိနေသေးကြောင်း ဒေါက်တာ စိုးထွန်းက ပြောသည်။
၎င်းက “တချို့လုပ်ငန်းရှင်တွေ၊ အသေးစားနဲ့ အလတ်စား SME တွေက MIC ရှိလို့ ရှိမှန်းတောင် မသိဘူး။ အဲဒီလို ဖြစ်နေတဲ့အတွက် ကျနော်တို့သူတွေ နစ်နာတာပေါ့” ဟု ပြောသည်။
ယင်းသို့ ပြည်တွင်း လုပ်ငန်းများ MIC သို့ မှတ်ပုံတင်မှု နည်းခြင်းနှင့် ပတ်သက်၍ MIC အဖွဲ့ဝင် ဒေါ်ခိုင်ခိုင်နွယ်က “MIC မှာ မှတ်ပုံတင် လုပ်တာနည်းတယ် ဆိုတာက ဒီလိုပါ။ အခုက ပို့ကုန် ဦးစားပေးနဲ့ သွားတာကိုး။ ပြည်တွင်း လုပ်ငန်းရှင်တွေက ပြည်ပပို့ကုန်နဲ့ မဆက်နွယ်တဲ့ဟာဆို ဒီဟာအတွက်ကို အထူးလာပြီး မလျှောက်တော့ဘူးလေ။ အဲဒီလိုမျိုးတော့ ရှိတာပေါ့” ဟု ပြောသည်။
မန္တလေးစက်မှုဇုန်ကဲ့သို့သော လုပ်ငန်းအများအပြား လည်ပတ်လျက်ရှိသည့် နေရာများတွင်ပင် MIC မှတ်ပုံတင်ပြီး လုပ်ကိုင်နေသည့် လုပ်ငန်းမှာ ၅ ခု ၆ ခုသာ ရှိသည်ဟု MIC အတွင်းရေးမှုး ဦးအောင်နိုင်ဦးက ပြောဆိုဖူးသည်။
လက်ရှိတွင် နိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့် နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှု ဥပဒေတို့ကို ပေါင်း၍ ရင်းနှီးမြှုပ်နှံမှု ဥပဒေ တခုတည်းအဖြစ် ထုတ်ပြန်တော့မည် ဖြစ်သည်။ ယခင်က ဥပဒေ ၂ ခုစလုံးတွင် အသေးစားနှင့် အလတ်စားလုပ်ငန်းများ ပိုမို လုပ်ကိုင်လာနိုင်မှုအတွက် ဆွဲဆောင်သည့် အချက်များ မပါရှိသဖြင့် ယခုပေါင်းစည်း၍ အသစ်အဖြစ် ထွက်လာရန်ရှိသော ရင်းနှီးမြှုပ်နှံမှု ဥပဒေတွင် အဆိုပါအချက်များ ပါဝင်ရန် စီးပွားရေး လုပ်ငန်းရှင်တို့က တောင်းဆိုနေကြသည်။