ဗြိတိန်နိုင်ငံမှ BG Group နှင့် သြစတြေးလျနိုင်ငံမှ Woodside Petroleum Ltd ကုမ္ပဏီတို့က မြန်မာနိုင်ငံ ရေနံနှင့် သဘာ၀ ဓာတ် ငွေ့ ကဏ္ဍတွင် အမေရိကန် ဒေါ်လာ ၁.၀၈ ဘီလီယံ အထိ မြှုပ်နှံသွားမည် ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ကမ်း ရိုးတန်းရှိ လုပ်ကွက် ၄ ခုတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေမှုများပြုလုပ်ရန် ရင်းနှီးမြှုပ်နှံခြင်း ဖြစ်သည်ဟု စွမ်းအင်ဝန်ကြီးဌာန အကြီးတန်းအရာရှိတဦးက မတ်လ ၂၂ ရက်တွင် Reuters သတင်းဌာန သို့ ပြောသည်။
အဆိုပါ ကုမ္ပဏီ ၂ ခုသည် ယမန်နှစ်က ပြုလုပ်ခဲ့သည့် ကမ်းလွန်လုပ်ကွက်များ တင်ဒါခေါ်ယူမှုတွင် ရေတိမ်ပိုင်းလုပ်ကွက် ၂ ခုနှင့် ရေနက်ပိုင်းလုပ်ကွက် ၂ခု လုပ်ကိုင်ခွင့် ရရှိခဲ့သည့် ကုမ္ပဏီများဖြစ်သည်။
“ရေတိမ်ပိုင်းလုပ်ကွက်တွေမှာ လုပ်ငန်း လုပ်ကိုင်ဖို့အတွက် အနည်းဆုံး ဒေါ်လာ ၅၄၅.၅ သန်း ကုန်ကျပါ လိမ့်မယ်။ ရေနက်ပိုင်း လုပ်ကွက်တွေ ကတော့ အနည်းဆုံး ဒေါ်လာ ၅၃၅.၁ သန်း ကုန်ကျပါလိမ့်မယ်”ဟုလည်း အဆိုပါ အရာရှိကပြောသည်။
သူက တရားဝင်ပြောရေးဆိုခွင့်ရှိသူ မဟုတ်သည့်အတွက် အမည်ကိုဖော်ပြရန် ငြင်းဆန်ထားသည်။
မတ်လ ၂၀ ရက်က နေပြည်တော်တွင် BG Group နှင့် Woodside Petroleum Ltd တို့က စွမ်းအင်ဝန်ကြီးဌာနနှင့် ထုတ်လုပ်မှုခွဲဝေရေး သဘောတူစာချုပ်များ လက်မှတ်ရေးထိုးခဲ့သည်ဟုလည်း ထိုအရာရှိက ပြောသည်။
စူးစမ်းလေ့လာရေးနှင့် ရှာဖွေရေးလုပ်ငန်းများအတွက် နောက်ထပ် ၇ နှစ် သို့မဟုတ် ၈ နှစ်ခန့်ကြာမြင့်လိမ့်မည်ဟုလည်း သူက ထပ်မံ ပြောဆိုသည်။
လက်ရှိ ဘဏ္ဍာရေးနှစ် အတွင်း ပြီးခဲ့သည့် ဒီဇင်ဘာလအထိ ၉ လကာလတွင် မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန် ဒေါ်လာ ၆.၆ ဘီလီယံ ဝင်ရောက်ခဲ့ရာ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍက နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၂.၆ ဘီလီယံ ရှိခဲ့သဖြင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း၏ ၄၀ ရာခိုင်နှုန်း ဖြစ်သည်ဟု မြန်မာနိုင်ငံ ဗဟိုစာရင်းအင်းအဖွဲ့(CSO)၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြ ထားသည်ကို တွေ့ရသည်။
မြန်မာနိုင်ငံ၏ တွေ့ရှိပြီး ဓာတ်ငွေ့အရန် ပမာဏသည် ၂၀၁၃ ခုနှစ်ကုန်ပိုင်းတွင် စုစုပေါင်း ကုဗပေ ၁၀ ထရီလီယံရှိသည်ဟု BP ၏ ကမ္ဘာ့ စွမ်းအင် အချက်အလက် သုံးသပ် လေ့လာမှု(Statistical Review of World Energy)အရ သိရသည်။
အိမ်နီးချင်း ထိုင်းနိုင်ငံက တင်သွင်းနေသော သဘာဝဓာတ် ငွေ့ ၅ ပုံ ၁ ပုံသည် မြန်မာနိုင်ငံမှ တင်သွင်းနေခြင်း ဖြစ်သည်ဟုလည်း ဆိုသည်။
Reuters သတင်းဌာန၏ Energy Firms BG, Woodside to Invest $1.1b in Burma Blocks: Official ကို နိုင်မင်းသွင် ဆီလျော် အောင် ဘာသာပြန်သည်။