မြန်မာနိုင်ငံသည် ၂၀၁၄ ခုနှစ် စက်တင်ဘာလကုန်အထိ နိုင်ငံတော်၏ ပြည်ပကြွေးမြီမှာ အမေရိကန်ဒေါ်လာ ၉ဘီလီယံ ကျော် (ကျပ်ငွေ ၉၁၈၅ ဘီလီယံ) နှင့် ပြည်တွင်း ကြွေးမြီ အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံကျော် (ကျပ်ငွေ ၁၀၈၁၅ ဘီလီ ယံ) ရှိနေပြီး ပြည်တွင်း၊ပြည်ပ ကြွေးမြီ ၂ခုပေါင်း အကြွေးပမာဏမှာ အမေရိကန်ဒေါ်လာ ၂၀ ဘီလီယံနီးပါးရှိကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာန၏ အချက်အလက်များအရ သိရှိရသည်။
ပြည်သူ့လွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ အတွင်းရေးမှုး ဦးငွေတိုးက ယခု ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေး နှစ် အတွက် ထပ်တိုးမည့် ကြွေးမြီနှင့် ပေါင်းလျှင် နိုင်ငံ့ကြွေးမြီ ဒေါ်လာ ၂၅ဘီလီယံ (ကျပ်ငွေ ၂၅၀၀၀ ဘီလီယံ ) ကျော်ရှိမည် ဖြစ်ပြီး နိုင်ငံ့ကြွေးမြီကို နိုင်ငံလူဦးရေ ၅၁သန်းနှင့် အချိုးချပါက နိုင်ငံသားတဦးလျှင် ကြွေးမြီကျပ်ငွေ ၅သိန်း နီးပါး တင်နေ ကြောင်း လွှတ်တော်အစည်းအဝေးတခုတွင် ပြောဆိုခဲ့သည်။
အစိုးရ၏ ပြည်တွင်းကြွေးမြီမှာ ဘဏ္ဍာရေးလိုငွေပြမှုများနှင့် အတူများပြားလာခြင်းဖြစ်သည်ဟု စီးပွားရေးပညာရှင်တို့က ဆို သည်။ နိုင်ငံအသုံးစရိတ်သည် ရငွေထက် နှစ်စဉ်များပြားနေခြင်းကြောင့် ဘဏ္ဍာရေးလိုငွေပြနေသည်မှာ အစိုးရသစ် သက် တမ်း တလျှောက် ဆက်တိုက်ဖြစ်သည်။
အစိုးရသစ်လက်ထက် ၂၀၁၂ ခုနှစ်မှ စ၍ ၃ နှစ်ဆက်တိုက် ဘဏ္ဍာရေးလိုငွေမှာ ကျပ်ဘီလီယံ ၇၂၀၀ ကျော်ပြီး ယခု ဘဏ္ဍာနှစ် လိုငွေဖြစ်သည့် ကျပ်ငွေ ၃၈၂၇ ဘီလီယံနှင့် ပေါင်းပါက ကျပ်ဘီလီယံ ၁သောင်းကျော်နေပြီဖြစ်သည်။ ထို့ကြောင့် လက်ရှိ ပြည်တွင်းကြွေးမြီ အမေရိကန်ဒေါ်လာ ၁၀ဘီလီယံကျော်(ကျပ်ဘီလီယံ ၁၀၈၁၅)တွင် အစိုးရက ဘဏ္ဍာ ရေး လိုငွေများကိုဖြေရှင်းရင်း တင်နေသည့် ကြွေးမြီက အဓိက ပိုများနေခြင်းဖြစ်သည်။
ဘဏ္ဍာရေးလိုငွေကို ယခင်က ပိုက်ဆံရိုက်ထုတ်သည့်နည်းဖြင့် ဖြေရှင်းခဲ့သည်များရှိခဲ့သော်လည်း ယခုအခြေအနေတွင် နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်းများနှင့် ပူးပေါင်းလုပ်ဆောင်နေသည့် အတွက် ထိုသို့ ဖြေရှင်း၍မရတော့ကြောင်း စီးပွားရေး ပညာရှင်တို့က ပြောသည်။
ငွေတိုက်စာချုပ်များ ရောင်းချ၍သော်လည်ကောင်း၊အခြားအကူအညီမျိုးနှင့် သော်လည်းကောင်း ဘဏ္ဍာရေးလိုငွေကို ဖြေရှင်း ရမည်သာဖြစ်သည်။ ငွေတိုက်စာချုပ်များကို လုပ်ငန်းရှင်များသို့ ရောင်းချသည်ဆိုသည်မှာလည်း အစိုးရက အတိုး နှုန်း တခုနှင့် လုပ်ငန်းရှင်များဆီသို့ ပိုက်ဆံပြန်ချေးခြင်းသာဖြစ်သည်။ ထို့အတွက် အစိုးရက လုပ်ငန်းရှင် များ အပေါ် တွင် အကြွေး ပြန်တင်နေသည့်သဘောဖြစ်သည်။ ယင်းမှာ ပြည်တွင်း ကြွေးမြီဖြစ်သည်။
နိုင်ငံတကာ ကြွေးမြီနှင့် ပတ်သက်၍ ယခင် စစ်အစိုးရလက်ထက်က တင်ရှိခဲ့သော ကြွေးမြီမှာ အမေရိကန်ဒေါ်လာ ၉ ဒသမ ၆၄၈ ဘီလီယံ ဖြစ်ခဲ့ပြီး တရုတ်နိုင်ငံသို့ ၃ ဒသမ ၃ဘီလီယံ ဆပ်ရန် ရှိခဲ့သည်ဟူ ၂၀၁၂ခုနှစ်က ပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲတခုတွင် ဘဏ္ဍာရေးဝန်ကြီးဌာနက ပြောဆိုခဲ့ဖူးသည်။
အဆိုပါကြွေးမြီများအတွင်းမှ ပါရီကလပ်အဖွဲ့ဝင်နိုင်ငံများသို့ ပေးရန်ရှိသည့် ကြွေးမြီများကို တဝက်နီးပါးမျှ လျှော်ပစ်နိုင် ခဲ့ခြင်း၊ ကမ္ဘာ့ဘဏ်နှင့် အာရှဖွံ့ဖြိုးရေးဘဏ်တို့၏ ယခင်ကြွေးမြီဟောင်းများကို ဂျပန်ဆီမှ လှည့်၍ ပြန်လည်ဆပ်ကာ ကြွေးမြီ သစ်ပြန်ယူနိုင်ခြင်းတို့ဖြင့် အကြွေးများလျော့သင့်သလောက်လျော့သွားခဲ့သည်ဟု ထင်ခဲ့ရသည်။ သို့သော် လက်ရှိ အနေ အထားအရ နိုင်ငံတကာကြွေးမြီမှာ ၉ဘီလီယံကျော်ပင်ဖြစ်ရာ အကြွေးမှာ ပြန်လည်တက်လာသည့် သဘော ဖြစ် သည်။
လက်ရှိအခြအနေတွင် နိုင်ငံတကာအကြွေးနှင့် ပြည်တွင်းကြွေးမြီသည် များပြားသည့် ပမာဏတခုအထိ တင်ရှိနေပြီ ဖြစ်ရာ အစိုးရက မည်သို့ ဖြေရှင်းရန် ရှိသနည်းဆိုသော မေးခွန်းက နိုင်ငံ့အနာဂတ်အတွက် များစွာ အရေးပါလာသည်။
ဖွံ့ဖြိုးရေးသို့ သွားနေသည့် နိုင်ငံတနိုင်ငံဖြစ်သည့် အတွက် အသုံးစရိတ်များ မြှင့်တင်သုံးစွဲရခြင်းကြောင့် အကြွေးများ များပြား လာတတ်သော်လည်း အကြွေးသာ အမြဲ တိုး၍ အမျိုးသားကုန်ထုတ်လုပ်မှု မတိုးတက်လာဘဲ အကြွေး သံသရာ တွင် သာ ချာချာလည်နေပါက နိုင်ငံ၏ အနာဂတ်သည် ဆင်းရဲမွဲတေမှု နွံ့အတွင်းမှ လွတ်မြောက်ရန် မလွယ်ကူူဟု စီးပွားရေး ပညာရှင်တို့က သတိပေးပြောဆိုကြသည်။
စီးပွားရေးပညာရှင် ဒေါက်တာအောင်ကိုကိုက “ဘဏ္ဍာရေးလိုငွေဆိုတာကတော့ ကျနော်တို့ ဖွံ့ဖြိုးဆဲနိုင်ငံလေးတခုမှာ ရှိ တာ ကတော့ မဆန်းပါဘူး။ ဒါပေမယ့် ရှိသော်ငြား ဒါကိုခံနိုင်ရည်အားဘယ်လောက်ထိရှိမလဲပေါ့။ ကုန်ထုတ် လုပ်မှု ကဏ္ဍ ကို မမြှင့်တင်နိုင်တဲ့ ကာလကလည်း ကြာလာမယ်။ အကြွေးကလည်း နှစ်စဉ်နှစ်စဉ် ဒီလိုပဲ ဇာတ်မျှော ကြီးဖြစ် လာမယ် ဆိုရင် တော့ တော်တော်ဆိုးတဲ့ အခြေအနေလို့ ပြောရမယ်။အကြွေးတင်ခံပြီး အမျိုးသား ကုန်ထုတ်လုပ်မှု စွမ်းရည် ကို မမြှင့် နိုင်ရင် ကျနော်တို့ရဲ့ ဘဏ္ဍာရေးလိုငွေ deficit ဟာ ဝန်ထုပ် ဝန်ပိုး ဖြစ်မှာပဲ။ ခုမျိုးဆက်ရော၊ နောင်လာမယ့် မျိုးဆက် ရော အတွက်ပဲ။ deficit ဖြစ်ခံရကျိုးနပ်မှ deficit ဖြစ်ရမယ်။ ကုန်ထုတ်လုပ်မှု မြှင့်နိုင် ပြီး အမျိုးသား ဝင်ငွေတိုး လာရမယ်။ ဒီလိုမှ မဟုတ်ဘဲ တိုင်းပြည်စီးပွားရေးက ဒီလောက်ပဲရှိလို့ deficit ဖြစ်နေပါတယ်ဆိုရင်တော့ အဓိပ္ပာယ်မရှိဘူး” ဟု ပြော သည်။
လက်ရှိ အနေအထားမှာ အမျိုးသားကုန်ထုတ်လုပ်မှုစွမ်းရည်ကိုလည်း နိုင်ငံက မမြှင့်တင်နိုင်သေးသည့်အချိန် ဖြစ်ပြီး ပို့ကုန် အားနည်း၍ သွင်းကုန်သာ များပြားလာခြင်းကြောင့် ကုန်သွယ်ရေးလိုငွေပြနေသည့် အချိန်ဖြစ်သည်။ ယခုဘဏ္ဍာနှစ်မှာပင် ကုန်သွယ်ရေးလိုငွေသည်ကျပ်ငွေ ၅ဘီလီယံ ကျော်သွားပြီဖြစ်ပြီး လာမည့် ၂၀၁၅-၂၀၁၆ဘဏ္ဍာနှစ်အတွက်လည်း ကျပ်ငွေ ၄ ဘီလီယံ ကျော် အစိုးရ မျှော်မှန်းထားသည်။
ကုန်သွယ်ရေးလိုငွေပြမှုကို ဖြေရှင်းမှုနှင့် အတူ အစိုးရ၏ စုဆောင်းထားနိုင်သော အရန်ငွေပမာဏကလည်း ယခင် ကျပ်ငွေ ၈ဘီလီယံ ကျော်မှ ယခုကျပ်ငွေ ၄ဘီလီယံကျော်သာ ရှိတော့သည်အထိ လျော့ကြသွားသည်။ထို့ကြောင့် အစိုးရသည် အကြွေးတင်မှု ကလည်းများ၊ စုငွေကလည်းလျော့ဆိုသည့် အခြေအနေဟု ပြောရမည်။
ထိုသို့ အကြွေးတင်မှု များနေသည့် အချိန်တွင် အစိုးရက အတိုးနှုန်းမြင့်ပြီး စိစစ်မှုအားလျော့ပေါ့သည့် ချစ်ကြည်ရေး ချေးငွေမျိုးကိုပါ ထပ်တိုးချေးနေသည်။ အထူးသဖြင့် တရုတ်နိုင်ငံမှ လက်ရှိချေးယူနေသော ချေးငွေမှာ အတိုးနှုန်း ၄ ရာခိုင်နှုန်း အထက် ဖြစ်သည့် အတွက် အခြားနိုင်ငံတကာ ဖွံ့ဖြိုးရေးချေးငွေများကယူသော ၁ရာခိုင်နှုန်း ဝန်းကျင်နှင့် ယှဉ်လျှင် အတိုးနှုန်းမှာ သိသာစွာ များပြားလွန်းလှသည်။
အဆိုပါ ချေငွေများမှာ တရုတ်နိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ်အဖြစ် သွားရောက်ခဲ့စဉ်က သမ္မတကြီးက သဘောတူ ခဲ့ခြင်းဖြစ်ပြီး လွှတ်တော်တွင်း ကန့်ကွက်မှုများ ရှိခဲ့သော်လည်း မအောင်မြင်ခဲ့ ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ပြောဆိုကြသည်။တရုတ်ထံမှ ချစ်ကြည်ရေး ချေးငွေပမာဏမှာ အမေရိကန်ဒေါ်လာသန်း ၇၀၀ဖြစ်သည်။
သမ္မတဦးသိန်းစိန်၏ စီးပွားရေးအကြံပေး ဒေါက်တောဇော်ဦးက “သတိထားရမှာက ပွင့်လင်းမြင်သာမှုလည်း မရှိ၊ စိစစ်မှု တွေလည်း အားနည်းတဲ့ ချစ်ကြည်ရေးနဲ့ ချေးတဲ့ ချေးငွေမျိုးဆိုရင်တော့ တော်တော်လေးကို ဂရုစိုက် ရမှာပါ။ ဥပမာပွင့်ပွင့်လင်းလင်းပြောကြမယ်ဆို တရုတ်က ချေးရတဲ့ ချေးငွေမျိုးဆိုရင် တော်တော်လေးကို သတိထား ဖို့လိုပါတယ်။ တရုတ်ဆီက အတိုးနှုန်းတွေကြီးတယ်။ တရုတ်က ကျနော်တို့ ထက်စာရင် ငွေရေးကြေးရေးနဲ့ တွက်ချက်မှုပိုင်းတွေမှာ ပိုပြီးတော့ ကျွမ်းကျင် စနစ်ကျတယ်။ ကမ္ဘာ့ဘဏ်လိုမျိုး ချေးငွေဆိုရင် ကျနော်တို့ဘက်က စီစစ်သလိုမျိုးရှိသလို သူတို့က အထပ်ထပ်အခါခါ စိစစ်နေတဲ့အခါကျ ကျနော်တို့ဘက်ကလည်း အဲစိစစ်မှုတွေကိုလိုက်လုပ်ရင်းနဲ့ တခါတည်း ပညာတရပ် ပါ ကျွမ်းကျင်သွားတယ်။ ပြီးရင် ဒီချေးငွေ တခုကလည်း အဟောသိကံမဖြစ်အောင် တခါတည်း ထိန်းချုပ်ပြီး သားဖြစ် သွားတာပေါ့။ တရုတ်နိုင်ငံနဲ့ ချေးတဲ့ကိစ္စတွေမှာ ဒါတွေဟာမပါလာတဲ့ အတွက်ကြောင့် အချို့အနေအထားတွေမှာ တရုတ် ချေးငွေ နဲ့သုံးမယ့် စီမံကိန်းတွေဟာ မေးခွန်းထုတ်စရာ ရှိပါတယ်” ဟု ပြောသည်။
အစိုးရက ရယူသုံးစွဲနေသည့် အကြွေးပမာဏ တိုးမြင့်လာချိန်တွင် ရငွေပမာဏတိုးများလာစေရေး လုပ်ဆောင်ရန်လည်း လိုအပ်သည်ဟု စီးပွားရေးပညာရှင်တချို့က ထောက်ပြသည်။
အစိုးရ၏ ရငွေအပိုင်းတွင် အခွန်အကောက်မှ ရငွေနှင့် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများမှ ရငွေ အသီးသီး ရှိနေပါသည်။ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများမှ ရသော ဝင်ငွေသည် လက်ရှိ ပြည်ထောင်စု၏ ရငွေတွင် အများဆုံးဖြစ်နေသော်လည်း ထိုရငွေမှာ လုပ်ငန်းအသုံးစရိတ်ကို မကာမိသော အရှုံးပြ ရငွေမျှသာဖြစ်သည်။ အခွန်အကောက်မှ ရသည့် ရငွေမှာလည်း နည်းပါးနေဆဲ ဖြစ်ပြီး ယခုလာမည့် ဘဏ္ဍာနှစ်အတွက် ပြည်တွင်းအသားတင်ကုန်ထုတ်လုပ်မှုတန်ဖိုး (GDP)၏ ၈ ဒသမ ၁၁ ရာခိုင်နှုန်းမျှော်မှန်းထားသည်ဟု အစိုးရ၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။ ယခင်က GDP ၃ ဒသမ ၇ ရာခိုင်နှုန်း ရှိပြီး အာဆီယံဒေသတွင်းနိုင်ငံများတွင် အနိမ့်ဆုံးဖြစ်သည်။
အခွန်အကောက်နှင့် ပတ်သက်၍ လက်ရှိပြည်တွင်းတွင် သတ်မှတ်ထားသော အမြင့်ဆုံးဝင်ငွေခွန်ကို တိုးမြှင့် ကောက်ခံ သင့်သည့် အကြောင်းကို အတိုက်အခံပါတီ NLD မှ ပြည်သူ့လွှတ်တော်အမတ် ဒေါ်ခင်စန်းလှိုင်က ပြည်ထောင်စု လွှတ်တော် တွင် ပြီးခဲ့သည့် ရက်ပိုင်းက ဆွေးနွေးသွားခဲ့သေးသည်။ လက်ရှိ မြန်မာနိုင်ငံတွင် အမြင့်ဆုံး ထမ်းဆောင်ရန် သတ်မှတ် ထားသော ဝင်ငွေခွန် ၂၅ရာခိုင်နှုန်းကို ဝင်ငွေတိုးမြှင့်မှုအလိုက် ထပ်မံတိုးမြှင့် ထမ်းဆောင် စေသင့်ကြောင်း၊ ကုန်သွယ် လုပ်ငန်းခွန်နှင့် ပတ်သတ်၍လည်း အထူးကုန်စည်များဖြစ်သည့် အရက်၊ စီးကရက်၊ ဆေးရွက်ကြီး၊ဘီယာ စသည် တို့ကို အခွန်ပိုမိုစည်းကြပ်သင့်ကြောင်း ပြောဆိုသွားသည်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ မြန်မာနိုင်ငံသို့ ဝင်ရောက်ရာတွင် အစောပိုင်းနှစ်များအား အခွန် သက်သာခွင့် အဖြစ်ပေး ထား သည် များကို ပြန်လည် သုံးသပ်ဖို့လိုလာပြီဖြစ်ကြောင်း ပြောဆိုသူများလည်းရှိသည်။နိုင်ငံတော် အခွန်စနစ်တခုလုံးကို အသေ အချာပြန်လည် သုံးသပ်ပြင်ဆင်ဖို့လိုလာပြီဟု ပြောဆိုကြသည်။
စီးပွားရေးသီအိုရီအရ အခွန်၊အကောက် တိုးမြှင့်တိုင်းလည်းမကောင်း၊ အခွန်တိုးကောက်ခြင်းအားဖြင့် ထုတ်လုပ်မှုကို အားမပေးဘဲ ထုတ်လုပ်မှုတုန့်ဆိုင်းစေပြီး အခွန်အကောက် ရမှု ပြန်လည်နည်းခြင်းကို ဖြစ်တက်စေကြောင်း စီးပွားရေး ပညာရှင်တချို့က ထောက်ပြသည်။
မည်သို့ပင် ဖြစ်စေ သေချာသည်မှာ နိုင်ငံတော်၏ရငွေများ တိုးတက်လာရန် လိုအပ်လာပြီ ဖြစ်သည်။ အသုံးစရိတ်များသာ တိုးလာ၍ အကြွေးက တရိပ်ရိပ်တက်ပြီး အမျိုးသားကုန်ထုတ်လုပ်မှု စွမ်းရည်ကို မမြှင့်နိုင်ဘဲ အမျိုးသားဝင်ငွေ မတက် လာ လျှင် တိုင်းပြည်အနာဂတ်သည် ဆင်းရဲမွဲတေမှု သံသရာအတွင်းတွင်သာ ချာချာလည်နေမည်ဖြစ်သည်။ နိုင်ငံဖွံ့ဖြိုးတိုး တက် ရေး အတွက် အမှန်တကယ် ရောက်စေသော အကူအညီ ဖြစ်စေမည့် ကြွေးမြီမှလွဲ၍ အစိုးရ၏ မရေရာသော စီမံ ကိန်း၊ မအောင်မြင်နိုင်သော ရည်မှန်းချက်များနှင့် ချေးယူမည့် ကြွေးမြီများကို ပြန်လည်စိစစ်ပယ်ရှားရေး အလွန် အရေး ကြီး သည်ဟု စီးပွားရေးပညာရှင်တို့က ထောက်ပြ ပြောဆိုကြသည်။