မြန်မာနိုင်ငံတွင် လတ်တလော ဖြစ်ပေါ်နေသော အစိုးရအသုံးစရိတ် ကြီးမြင့်လာမှု၊ ဘတ်ဂျက်လိုငွေပြမှု အပါအဝင် မြန်မာ ငွေတန်ဖိုး ဖောင်းပွမှုကို ပြင်းပြင်းထန်ထန် ထိန်းချုပ်လုပ်ကိုင်သွားရန်လိုအပ်နေပြီး ငွေကြေးဖောင်းပွမှု မထိန်းချုပ် ပါက စီးပွားရေး မတည်မငြိမ်ဖြစ်နိုင်ကြောင်း အာရှဖွံ့ဖြိုးရေးဘဏ်(ADB) မှ မြန်မာနိုင်ငံဆိုင်ရာ ဒုတိယဌာနေကိုယ်စားလှယ် ပီတာဘရင်းဘဲလ်က သတိပေးပြောဆိုသည်။
မတ်လ ၂၄ ရက်နေ့ ရန်ကုန်မြို့ ချက်ထရီယမ် ဟိုတယ်တွင်ကျင်းပပြုလုပ်သော ADB ၏ ၂၀၁၅ စီးပွားရေး အစီရင်ခံစာ ထုတ်ပြန်ခြင်း အခမ်းအနားတွင် ၎င်းက အထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။
၂၀၁၄-၂၀၁၅ ဘဏ္ဍာရေး နှစ်ကုန်ပိုင်းတွင် မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းခြင်းကြောင့် စားသောက်ကုန် ဈေးနှုန်း များ မြင့် တက်လာခြင်း ၊ ပြည်ပသွင်းကုန်များဈေးမြင့်လာခြင်း တို့ကြောင့် ငွေကြေးဖောင်းပွမှု အရှိန်မြင့်လာကြောင်း၊ ထို့ပြင် အစိုးရ ၏ ဘဏ္ဍာရေးဆိုင်ရာ အသုံးစရိတ်များ မြင့်မားခြင်းနှင့် တိုးမြင့်လာမည့် လုပ်ခလစာများကြောင့် လာမည့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေး နှစ်တွင် ငွေကြေးဖောင်းပွမှုနှုန်းသည် ၈ ဒသမ ၄ ရာခိုင်နှုန်းအထိ မြင့်တက်လာမည်ဟု ADB က ခန့်မှန်းသည်။
“မြန်မာမှာ ငွေကြေးဖောင်းပွမှုတွေက တော်တော် ဖြစ်နေတယ်။ သွင်းကုန် တင်သွင်းတာ များတယ်။ ကမ္ဘာရေနံဈေး ကျ ဆင်း နေတဲ့အတွက် အထူးသဖြင့် မြန်မာနိုင်ငံက တင်ပို့နေတဲ့ သဘာဝဓာတ်ငွေ့ဈေးတွေပါ ကျဆင်းနိုင်တယ်။ မတည် မငြိမ် ဖြစ်ဖို့ အလားအလာရှိတယ်။ ငွေကြေး ထိန်ချုပ်ဖို့ ပြင်းပြင်းထန်ထန် လုပ်ဖို့လိုတယ်”ဟု ပီတာဘရင်းဘဲလ်က ပြော ဆိုသည်။
၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် မြန်မာအစိုးရ၏ ဘဏ္ဍာရေးမူဝါဒသည် စီးပွာရေးတိုးတက်လာစေရန် လှုံံဆော်မှုများ ဖြစ် လာ စေမည်ဟု မျှော်လင့်ရပြီး အစိုးရသုံးစွဲငွေ မြင့်တက်လာခြင်းနှင့် နိုင်ငံဝန်ထမ်းလစာများ တိုးမြင့်နိုင်ခြေရှိခြင်းသည် ဘဏ္ဍာ ရေး လိုငွေကွာဟမှုကို ဂျီဒီပီ၏ ၆ ဒသမ ၃ ရာခိုင်နှုန်း ရောက်နိုင်ခြင်းကြောင့် စိုးရိမ်ဖွယ်ရာ အခြေအနေ ဖြစ်ပေါ် နေသည်ဟု ADB၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“နိုင်ငံခြားငွေ ပိုများလာအောင် ထိန်းဖို့လို တယ်။ ကြွေးမြီတွေကတော့ အန္တရာယ် ဖြစ်စေနိုင်တဲ့ အခြေအနေမှာ မရှိပါ ဘူး” ဟု ပီတာဘရင်းဘဲလ်က ပြောဆိုသည်။
၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် မြန်မာနိုင်ငံ၏ ပြည်ပကြွေးမြီသည် ဒေါ်လာ ၁၂ ဒသမ ၅ ဘီလီယံ အထိ ရောက်ရှိနိုင်ပြီး ကြွေးမြီ ပမာဏသည် နိုင်ငံ့ဂျီဒီပီ၏ ၁၈ ရာခိုင်နှုန်းသို့ မြင့်တက်လာ နိုင်ကြောင်း ADB က ခန့်မှန်းသည်။
မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်နှုန်းသည် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် ၈ ဒသမ ၃ ရာခိုင်နှုန်း ရှိနိုင်ကြောင်း၊ ADB အနေဖြင့် မြန်မာနိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အနာဂတ် စီမံကိန်းအဖြစ် မဟာဗျုဟာ တရပ်ကို ရေးဆွဲ နေကြောင်း သိရသည်။