အာရှဒေသရှိ နိုင်ငံများ၏ မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံမှုများနှင့် ပတ်သက်ပြီး စင်္ကာပူ အခြေစိုက် United Overseas Bank limited (UOB) ဘဏ်က အစီရင်ခံစာ တစောင် ထုတ်ပြန်လိုက်သည်။
မတ် ၂၃ ရက်က ထုတ်ပြန်သည့် ယင်း အစီရင်ခံစာသည် ၂၀၁၄ ခုနှစ်ကို အခြေခံ၍ စစ်တမ်းပြုလုပ်ထားခြင်း ဖြစ်ပြီး ဟောင်ကောင်၊ ထိုင်း၊ တရုတ်၊ မလေးရှားနှင့် စင်ကာပူနိုင်ငံများက ယခုနှစ်အတွင်း မြန်မာနိုင်ငံသို့ လာရောက်၍ စီးပွားရေးနယ်ပယ် ချဲ့ထွင်မှုများ ပြုလုပ်ရန် စီစဉ်နေသည်ကို တွေ့ရှိရသည်ဟု ဖော်ပြထားသည်။
ထို့အပြင် မြန်မာ့ စီးပွားရေးနယ်ပယ်တွင် ဟောင်ကောင်က ၃၁ ရာခိုင်နှုန်း၊ ထိုင်းက ၂၈ ရာခိုင်နှုန်း၊ တရုတ်က ၂၆ ရာခိုင်နှုန်း၊ မလေးရှားက ၂၅ ရာခိုင်နှုန်းနှင့် စင်ကာပူက ၂၁ ရာခိုင်နှုန်း ချဲ့ထွင်သွားရန်ရှိသည်ဟုလည်း UOB ၏ အစီရင်ခံစာ၌ ပါရှိသည်။
UOB ဘဏ်သည် ပြီးခဲ့သည့်နှစ်က နိုင်ငံတကာဘဏ်မှ ၉ ဘဏ်ကို နိုင်ငံခြားဘဏ်လုပ်ကိုင်ခွင့် လိုင်စင်ချထားပေးခဲ့ရာ၌ လုပ်ကိုင်ခွင့် ရထားသည့် ဘဏ်တခု ဖြစ်သည်။
UOB ဘဏ်သည် ခွင့်ပြုချက်လိုင်စင် ရရှိထားပြီးနောက် ၎င်းတို့ဘဏ်နှင့်ချိတ်ဆက် လုပ်ကိုင်နေသည့် အာရှဒေသအတွင်း စီးပွားရေး ဦးဆောင် လုပ်ကိုင်နေသည့် ကုမ္ပဏီကြီးများကို သုတေသန ပြုလုပ်ပြီး စစ်တမ်းကောက်ယူခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။
မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံခြင်းဖြင့် နိုင်ငံသားများအတွက် အလုပ်အကိုင် အခွင့်အလမ်းနှင့် ပိုမိုမြင့်မားသော လုပ်ခလစာများကိုပါ ဖန်တီးပေးလာနိုင်မည် ဖြစ်သည်ဟု UOB ဘဏ် မန်နေဂျင်း ဒါရိုက်တာ Mr.Lan Wong ကလည်း ပြောဆိုသည်။
Mr.Lan Wong ကဆက်လက်၍“ရေရှည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကိုရည်မှန်းပြီး အခြေခံအုတ်မြစ် တည်ဆောက်ဖို့အတွက် မြန်မာ နိုင်ငံ အနေနဲ့ ကုန်ထုတ်လုပ်ရေး၊ ဆက်သွယ်ရေး ပညာရပ်နယ်ပယ်တွေမှာ လက်ရှိအကောင်အထည် ဖော်နေတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ကို ပိုမို လုပ်ဆောင်သွားဖို့ လိုအပ်နေပါတယ်”ဟုလည်း ပြောသည်။
UOB ၏ အာရှစီးပွားရေး သုတေသန လေ့လာချက် အစီရင်ခံစာအရ ကားလုပ်ငန်း၊ အစားသောက်နှင့် အဖျော်ယမကာ လုပ်ငန်း၊ သတင်းအချက်အလက်နှင့် နည်းပညာလုပ်ငန်း၊ ရေကြောင်း ကုန်သွယ်မှု လုပ်ငန်းနှင့် စီမံခန့်ခွဲရေး စသည့် နယ်ပယ် အသီးသီးတွင် ရင်းနှီးမြှုပ်နှံခဲ့ကြသည့် နိုင်ငံတကာ ထိပ်တန်း ကုမ္ပဏီကြီးများသည်လည်း ထပ်မံ၍ စီးပွားရေးချဲ့ထွင်ရန် ပြင်ဆင်နေကြောင်း သိရ သည်။
မြန်မာနိုင်ငံ မော်တော်ယာဉ် ထုတ်လုပ်သူများနှင့် ဖြန်ဖြူးသူများအသင်း ဥက္ကဋ္ဌ ဒေါက်တာ စိုးထွန်းက“အခုမှ နိုင်ငံခြားဘဏ်တွေက ဖွင့်ခွင့်ရတော့ သူတို့လည်း ဖိတ်ခေါ်မှာပေါ့။ ၂၀၁၅ ရွေးကောက်ပွဲကိုလည်း စောင့်ကြည့်နေရတယ်။ တရားမျှတပြီး ပြည်သူ ရွေးချယ် တဲ့ အစိုးရတက်လာရင်တော့ ပိုပြီးတော့ ရင်းနှီးမြှုပ်နှံမှု တိုးလာနိုင်တယ်”ဟု ပြောသည်။
မြန်မာနိုင်ငံသည် သန်း ၆၀ နီးပါးရှိသော လူဦးရေနှင့် သဘာ၀ သယံဇာတ အရင်းအမြစ်များကြောင့် ရေရှည် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ကြမည့် နိုင်ငံတကာ စီးပွားရေး လုပ်ငန်းရှင်များအတွက် အထူးဆွဲဆောင်မှုရှိသော အလားအလာ ဖြစ်နေသည်ဟုလည်း ၎င်းက ဆိုသည်။
UOB ၏ ရင်းနှီးမြှုပ်နှံမှု စစ်တမ်း အစီရင်ခံစာကို အာရှစီးပွားရေး သုတေသနမှ တရုတ်၊ ဟောင်ကောင်၊ အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူနှင့် ထိုင်းနိုင်ငံတို့ရှိ စီးပွားရေး လုပ်ငန်းပေါင်း ၁၀၂၄ ခုကို မေးမြန်းပြီး စာရင်းပြုထားခြင်း ဖြစ်ကြောင်း သိရသည်။
United Overseas Bank limited (UOB) သည် စင်္ကာပူနိုင်ငံ အခြေစိုက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို အဓိက ထောက်ပံ့ ပေးနေ သည့် အများပိုင်ဘဏ်တခု ဖြစ်ပြီး ကမ္ဘာ့နိုင်ငံပေါင်း ၁၉ နိုင်ငံတွင် ဘဏ်ခွဲပေါင်း ၅၀၀ ကျော် ဖွင့်လှစ်ထားသည့် ဘဏ်တခုလည်း ဖြစ်သည်။