မြန်မာနိုင်ငံ၌ လူသိများ ထင်ရှားသော ပြည်တွင်းနာမည်ကျော် ကုမ္ပဏီ ၁၀ဝ ၏ စီးပွားရေး လုပ်ငန်းများတွင် ပွင့်လင်းမြင်သာမှု မည်မျှရှိသည်ကို သုတေသန ပြုလုပ်ရန်ရှိကြောင်း မြန်မာ့စီးပွားရေး အထောက်အကူပြုဌာန (MCRB) မှ တာဝန်ရှိသူ ဒါရိုက်တာ ဗစ်ကီဘိုမန်းက ပြောဆိုသည်။
ပြည်တွင်းအခွန်များ ဦးစီးဌာနမှ ထုတ်ပြန်သော ဝင်ငွေခွန်နှင့် ကုန်သွယ်ခွန် အများဆုံး ပေးဆောင်သော ကုမ္ပဏီ ၁၀ဝ ကို အခြေခံ ရွေးချယ်၍ သုတေသန ပြုလုပ်မည်ဖြစ်ပြီး သုတေသန ပြုလုပ်ရာတွင် အာဂတိ လိုက်စားမှု တိုက်ဖျက်ရေး၊ အဖွဲ့အစည်းဆိုင်ရာ ပွင့် လင်းမြင်သာမှု၊ လူအခွင့်အရေး လေးစားလိုက်နာမှု၊ ကျန်းမာရေး၊ လုံခြုံစိတ်ချရမှုနှင့် ပတ်ဝန်းကျင်အပေါ် သက်ရောက်မှုများကို စစ်တမ်းကောက် ယူသွားမည် ဖြစ်ကြောင်း သိရှိရသည်။
“ဥပမာ ဇေကမ္ဘာ၊ ယုဇန၊ ရွှေသံလွင် ဝက်ဘ်ဆိုက် အခုချိန်ထိ မရှိသေးပါဘူး။ ဒါကြောင့်မို့လို ခရိုနီကုမ္ပဏီနဲ့ ပတ်သက်ပြီး ပြောရရင် ပွင့်လင်းမြင်သာမှုရှိတဲ့ ကုမ္ပဏီလည်း ရှိတဲ့သူရှိတယ်။ အပြောင်းအလဲရှိမလား ကြည့်ချင်တယ်။ ဒီနှစ်လုပ်တဲ့ အစီရင်ခံစာက ဝက်ဘ် ဆိုက်ပေါ်မှာပဲ မူတည်တယ်။ ဝက်ဘ်ဆိုက်မရှိရင် သုညပဲ ရမယ်။ ပွင့်လင်းမြင်သာတဲ့ ကုမ္ပဏီတခု ဖြစ်မယ်ဆိုရင် ဝက်ဘ်ဆိုက်တခု ရှိရပါမယ်။ ဒီကိစ္စက အရေးကြီးပါတယ်”ဟု ဒါရိုက်တာ ဗစ်ကီဘိုမန်းက ဆိုသည်။
ပြည်တွင်းကုမ္ပဏီ အများစုသည် စစ်အစိုးရ လက်ထက်တွင် တည်ထောင်ခဲ့ခြင်းဖြစ်ပြီး စစ်ဗိုလ်ချုပ်ကြီးများနှင့် ရင်းနှီးသော ဆက်ဆံ ရေး ထူထောင်၍ စီးပွားရေး လုပ်ကိုင်ခွင့်များရရှိကာ ကြွယ်ဝချမ်းသာ လာခြင်းဖြစ်ကြောင်း၊ ကုမ္ပဏီအများစုသည် ပွင့်လင်းမြင်သာ မှု နည်းပါးပြီး ၎င်းတို့လုပ်ကိုင်သော စီးပွားရေး လုပ်ငန်းများကို လူသိမခံဘဲ တိုးတိုးတိတ်တိတ် လုပ်ဆောင်လေ့ရှိသည့် ဓလေ့ရှိခဲ့ကြောင်း၊ ပြည်တွင်းကုမ္ပဏီ အများစုသည် အွန်လိုင်းနှင့် ရင်းနှီးကျွမ်းဝင်မှုမရှိဘဲ လုပ်ကိုင်သော စီးပွားရေးလုပ်ငန်းများကို ကုမ္ပဏီ၏ ဝက်ဘ်ဆိုက်တွင် တင်ထားပေးသည့် အလေ့အထလည်း နည်းပါးကြောင်း ရန်ကုန်စီးပွားရေး အသိုင်းအဝိုင်းက ဆိုသည်။
နယူးဒေး စွမ်းအင်အုပ်စု ကုမ္ပဏီမှ လက်ထောက်မန်နေဂျာ ဦးမြသန်းဝင်းက “ကျနော်တို့က ဝက်ဆိုက်တင်ထားတာတော့ ရှိပါတယ်။ ဒါပေမယ့်လည်း ဒီထဲကို လေ့လာတဲ့သူ နည်းပါတယ်။ ကျနော်တို့ ကိုယ်တိုင်တောင်မှ ဝက်ဘ်ဆိုက်နဲ့ အထိအတွေ့ သိပ်မရှိပါဘူး။ စွမ်းအင်ဝန်ကြီးဌာနမှာတောင် ဝက်ဘ်ဆိုက်က ဖွင့်လို့ရတာရှိတယ်၊ ဖွင့်လို့မရတာ ရှိတယ်။ အထိအတွေ့ နည်းကြပါတယ်” ဟု ပြောသည်။
MCRB အနေဖြင့် ကုမ္ပဏီများ၏ ပွင့်လင်းမြင်သာမှု စစ်တမ်းပြုလုပ်ပြီးပါက ရရှိသော အချက်အလက်များအား ကုမ္ပဏီများကို အသိ ပေးသွားမည်ဖြစ်ပြီး ၊ ကနဦးတွေ့ရှိချက်များကို ဧပြီ၊ မေလများတွင် စတင် အသိပေးသွားပြီး နောက်ဆုံးတွေ့ရှိချက် ရလဒ်များကို ၂၀၁၅ ခုနှစ် ဇူလိုင်လတွင် ထုတ်ပြန်သွားမည် ဖြစ်ကြောင်း သိရှိရသည်။
အများပြည်သူ၊ အရပ်ဘက် အဖွဲ့အစည်းများနှင့် ကုမ္ပဏီများ အနေဖြင့်လည်း ကုမ္ပဏီများနှင့် ပတ်သက်သော တိုင်ကြားချက်များကို ဧပြီလ ၃၀ ရက်နေ့ မတိုင်ခင် MCRB သို့ ပေးပို့နိုင်သည်ဟု ဆိုသည်။
MCRB က ပြုလုပ်ခဲ့သော ၂၀၁၄ ခုနှစ် စစ်တမ်းမှု စစ်တမ်းတွင် ရမှတ်အမြင့်ဆုံး အနေဖြင့် ကမ္ဘောဇ၊ ပါရမီ စွမ်းအင်အုပ်စု ၊ မက်စ်မြန်မာတို့မှ ရရှိခဲ့ပြီး ရမှတ်လုံးဝ မရရှိသည့် စာရင်းတွင် အေရှားဝေါလ်၊ ဧဒင်၊ မြန်မာဩဘာအုပ်စု၊ ရွှေသံလွင်၊ ယုဇန၊ ဇေကမ္ဘာနှင့် စစ်တပ်ပိုင် လုပ်ငန်းစုနှစ်ခုဖြစ်သည့် စီးပွားရေး ဦးပိုင် လီမိတက်(UMEHL) နှင့် မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း (MEC) တို့ ပါဝင်ခဲ့ ကြောင်း သိရှိရသည်။