သင်္ကြန်ကာလ ပိတ်ရက်များနှင့် ယခုဘဏ္ဍာနှစ်အတွင်း တိုးမြှင့်ပေးလိုက်သည့် အစိုးရဝန်ထမ်း လစာနှုန်းထားများကြောင့် ဈေးကွက် အတွင်း စားသောက်ကုန် ဈေးနှုန်းများ မြင့်တက်လာမည်ကို စိုးရိမ်နေကြောင်း စားသုံးသူများက ပြောသည်။
နှစ်စဉ်အားဖြင့် သင်္ကြန်ပွဲတော်ရက် ကာလအတွင်း ကုန်စည် သယ်ယူပို့ဆောင်ခြင်း လုပ်ငန်းများ ခက်ခဲသည့်အတွက် ကုန်စည်ဈေးနှုန်းများ မြင့်တက်လေ့ ရှိကြောင်းနှင့် ယခု ဘဏ္ဍာနှစ်တွင် တိုးမြင့်ပေးလိုက်သည့် အစိုးရဝန်ထမ်း လစာများကြောင့် သင်္ကြန်ပွဲတော် ပြီးသည့် အချိန်တွင် စားသောက်ကုန်စည် ဈေးနှုန်းအခြေအနေကို စောင့်ကြည့်သွားရမည် ဖြစ်သည်ဟု ရန်ကုန်အခြေစိုက် စားသောက်ကုန် ရောင်းဝယ်ရေး လုပ်ကိုင်သူများကလည်း ပြောဆိုကြသည်။
“ဈေးက နည်းနည်း နည်းနည်းနဲ့ တက်နေတာပဲ။ ဒီနှစ်က လစာတိုးရော၊ သင်္ကြန်ကာလရော နှစ်ခုလုံး ဆုံသွားတယ် ဆိုပေမယ့် သင်္ကြန်လွန်မှ အခြေအနေ သိရမယ်။ အခုချိန်က ကုန်ကို အသစ် မဝယ်ရသေးဘဲ အဟောင်းပဲ ထုတ်ရောင်းနေကြတာ”ဟု ဘိုကလေး ဈေး အပြင်တန်းတွင် ရောင်းချနေသည့် ဆန်၊ ဆီ သီးသန့် အရောင်းဆိုင်ရှင် တဦးက ပြောသည်။
လစာတိုး ကြေညာပြီးနောက် ယခုရက်ပိုင်းအတွင်း အခြေခံ စားသောက်ကုန်များ ဖြစ်သည့် ဆီ၊ ကြက်သွန် (ဖြူ၊ နီ) ဈေးနှုန်းများသည် ၁ ပိဿာလျှင် ကျပ် ၁၀၀ ဝန်းကျင် တက်နေပြီး ဆန်ဈေးနှုန်းသည် ဆန်တအိတ်လျှင် ရာဂဏန်းနီးပါး ဈေးမြင့်နေသည်ဟု သိရ သည်။
ဘုရင့်နောင် အခြေစိုက် ဆန်ကုန်စည်ဒိုင်ပိုင်ရှင် ဦးညီးပုက “ဆန်ဈေးတွေက ပြီးခဲ့တဲ့ သင်္ကြန်ကာလနဲ့ ယှဉ်ရင်တော့ တအိတ်ကို တထောင်လောက်တော့ ကွာတယ်။ ဒါက ဆန်ကြမ်း ဧည့်မထမျိုးပေါ့။ ဆန်ချောဈေးက တက်လိုက်၊ကျလိုက်ပါပဲ။ အရင်လတွေထက်တော့ တအိတ်ကို ရာဂဏန်းတော့ တက်လာတယ်။ ဒီ အချိန်က ဆန်သစ်တွေလည်း ပေါ်နေတယ်ဆိုတော့ ဈေးအမြင့်ကြီး မတက်ဘူး”ဟု ပြောသည်။
စားသောက်ကုန် ဈေးကွက်အတွင်း ပြည်တွင်းထွက်ကုန် ဈေးနှုန်းများ တစစ မြင့်တက်လာသကဲ့သို့ ထိုင်းနိုင်ငံဘက်မှ တင်သွင်း လာသည့် ငါးသေတ္တာ၊ ကင်းမွန် ငံပြာရည်၊ ကော်ဖီမစ် စသည့် ဈေးနှုန်းများမှာလည်း ယခုရက်ပိုင်း လက်ကားဈေးတွင် ကျပ် ၂၀၀ ခန့် အထိ မြင့်တက်လာသည်ဟု ဈေးကွက်အတွင်းမှ သိရသည်။
ကျပ်ငွေဖြင့် ဝယ်ယူသုံးစွဲနေသည့် စားသောက်ကုန် ပစ္စည်းများသည် အစိုးရ ဝန်ထမ်းလစာငွေ တိုးမြှင့်ပေးခြင်းကြောင့် ဈေးနှုန်း အတက်အကျကို ဖြစ်ပေါ်စေနိုင်သော်လည်း၊ နိုင်ငံခြားငွေဖြင့် တင်သွင်းသည့် အီလက်ထရွန်နစ် ပစ္စည်းများနှင့် အိုင်တီပစ္စည်းများ အပေါ်တွင် သက်ရောက်မှု မရှိနိုင်ကြောင်း ရန်ကုန်အခြေစိုက် စီးပွားရေး လုပ်ကိုင်သူများက ပြောဆိုသည်။
“ဒီပစ္စည်းတွေက ဒေါ်လာဈေးနဲ့ သွားနေတာ၊ ဒေါ်လာဈေး တက်ရင် တက်တယ်။ ကျရင် ပြန်ကျတယ်။ ထူးခြားတာက ပြီးခဲ့တဲ့နှစ် သင်္ကြန်ကာလတုန်းက ဒေါ်လာဈေး ကျခဲ့တယ်။ ဒီနှစ်တော့ အတက်ပဲဆိုတော့ ပစ္စည်းတွေလည်း ဒေါ်လာဈေး တက်တဲ့အတိုင်း တက်နေတာပါ”ဟု ရန်ကုန်မြို့ရှိ King Empire Computer Center မှ အရောင်း တာဝန်ခံက ပြောသည်။
အလားတူ ရန်ကုန်စီးပွားရေး တက္ကသိုလ် ပါမောက္ခ တဦးက “ဝင်ငွေတိုးတိုင်း ငွေကိုထုတ်သုံးကြရင် ဝယ်လိုအားတိုးမယ်၊ ပြန် လည် စုဆောင်းတာတွေ လုပ်မယ်ဆိုရင်တော့ ကုန်ဈေးနှုန်း သိပ်မတက်တော့ဘူးပေါ့။ ဝယ်လိုအားပဲ များတယ်ဆို ဘယ်လို ကုစားမလဲ လုပ်ရမယ်”ဟု ပြောသည်။
နိုင်ငံ့ဝန်ထမ်း လစာတိုးနှုန်းတွင် အခြေခံ အနိမ့်ဆုံး လစာ ကျပ် ၇ သောင်းခွဲမှ ၈ သောင်း ရရှိသည့် ဝန်ထမ်းများသည် ကျပ် ၁ သိန်း ၂ သောင်း မှ ကျပ် ၁ သိန်း ၃ သောင်း အထိ တိုးမြှင့်ရရှိမည် ဖြစ်ပြီး ရာထူးအဆင့်ဆင့်အလိုက် အမြင့်ဆုံး ကျပ် ၂ သိန်း ၅ သောင်း နှင့် ကျပ် ၂ သိန်း ၆ သောင်း အတွင်း ရရှိသည့် ဝန်ထမ်းများသည် ကျပ် ၅ သိန်း အထိ တိုးမြှင့်ရရှိကြမည် ဖြစ်သည်။
အလားတူ တပ်မတော်သားများသည် တိုးမြှင့်လစာအရ ယခင် အခြေခံ အနိမ့်ဆုံး လစာ ကျပ် ၇ သောင်း ၃ ထောင် ရရှိသည့် တပ် မတော်သားများသည် ကျပ် ၁ သိန်း ၂ သောင်း ရရှိမည်ဖြစ်ပြီး ရာထူး အဆင့်ဆင့်အလိုက် တိုးမြင့်ကာ အမြင့်ဆုံး ကာကွယ်ရေး ဦးစီးချုပ်၏ လစာသည် ယခင်က တလလျှင် ကျပ် ၁၂ သိန်းမှ ယခု ကျပ် သိန်း ၃၀ အထိ တိုးမြှင့်ရရှိကြမည် ဖြစ်သည်။