ပြည်တွင်း ပုဂ္ဂလိက ကုမ္ပဏီ Capital Diamond Star Group Limited (CDSG) နှင့် ဂျပန်နိုင်ငံ Mitsubishi Corporation (မစ်ဆူဘီရှီ) တို့ ပူးပေါင်းပြီး စားသောက်ကုန် ထုတ်လုပ် ရောင်းချခြင်း ကဏ္ဍတွင် အမေရိကန်ဒေါ်လာ သန်း ၂၀၀ ကျော်ကို ၃ နှစ် အတွင်း ရင်းနှီးမြှုပ်နှံသွားမည် ဖြစ်ကြောင်း သိရသည်။
Capital Diamond Star ကုမ္ပဏီနှင့် မစ်ဆူဘီရှီတို့ ပူးပေါင်းပြီး မြန်မာပြည်တွင်း လုပ်ကိုင်မည့် Lluvia Limited ဖွဲ့စည်း တည် ထောင်ခြင်းနှင့် ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲကို ယနေ့ ရန်ကုန်မြို့ ယောမင်းကြီးလမ်းရှိ Capital Diamond Star Group Limited ရုံးချုပ်တွင် ပြုလုပ်ရာ၌ Group Chief Financial Officer Mr.Lim Chong Chong က ပြောဆိုခြင်း ဖြစ်သည်။
“Lluvia အနေနဲ့ ဒေါ်လာ သန်း ၂၀၀ ကျော်တန်ဖိုးရှိတဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ၃ နှစ်အတွင်း စားသောက်ကုန် လုပ်ငန်းဆိုင်ရာ စီးပွားရေးလုပ်ငန်း အမျိုးမျိုးမှာ ရင်းနှီးမြှုပ်နှံသွားမယ်”ဟု ၎င်းက ပြောသည် ။
Capital Diamond Star နှင့် မစ်ဆူဘီရှီတို့ ပူးပေါင်းပြီး Lluvia Limited ဖွဲ့စည်းရာတွင် မစ်ဆူဘီရှီဘက်က အစုရှယ်ယာ တန်ဖိုး ၃၀ ရာခိုင်နှုန်းနှင့် Capital Diamond Star ဘက်က ၇၀ ရာခိုင်နှုန်းဖြင့် စတင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
Lluvia ကုမ္ပဏီက ပြည်တွင်းအတွက် လိုအပ်သော နည်းပညာများကို ပံ့ပိုးခြင်းနှင့် စိုက်ပျိုးရေးကဏ္ဍ တိုးတက်လာစေရန် အရင်း အနှီး၊ နည်းပညာ၊ အသေးစား ငွေချေးလုပ်ငန်း၊ ဈေးကွက် ရရှိရေး စသည့် အခွင့်အလမ်းများကို လုပ်ဆောင်သွားမည် ဖြစ်သည် ဟု ဆို သည်။
ထို့အပြင် ရင်းနှီးမြှုပ်နှံမှု ပထမနှစ်အတွင်း ပြည်တွင်း၌ နာမည်ရပြီး ဖြစ်သော Premier ကော်ဖီ အမှတ်တံဆိပ်ကို နိုင်ငံတကာ ဈေးကွက်အတွင်း ထိုးဖောက်တင်သွင်းနိုင်ရန် ရည်မှန်းထားကြောင်းလည်း Mr.Lim Chong Chong က ပြောသည်။
ပြည်တွင်းထုတ် နာမည်ရ စားသောက်ကုန်များကို နိုင်ငံတကာ ဈေးကွက်သာမက အရှေ့တောင် အာရှနိုင်ငံများ ဖြစ်သည့် ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင် နိုင်ငံများသို့ ဈေးကွက်ရရှိရန် ရည်မှန်းထားကြောင်း သိရသည်။
Capital Diamond Star ကုမ္ပဏီ (CDSG) သည် Premier အမှတ်တံဆိပ် ကော်ဖီနှင့် နို့မှုန့်၊ Tea Master အမှတ်တံဆိပ် လက် ဖက် ရည်၊ ဒုံးပျံ အမှတ်တံဆိပ် ဂျုံမှုန့်၊ Diamond Star အမှတ်တံဆိပ် ဂျုံမှုန့် အစရှိသော ကုန်အမှတ် တံဆိပ်များဖြင့် မြန်မာနိုင်ငံရှိ စားသောက်ကုန် ထုတ်လုပ်ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းများအပြင် မြန်မာနိုင်ငံအတွင်း စီးပွားရေးလုပ်ငန်းများတွင် စားသောက် ကုန် ထုတ်လုပ်ခြင်းနှင့် ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းများ၊ စိုက်ပျိုးရေးဆိုင်ရာ လုပ်ငန်းများ၊ လက်လီဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းများ၊ အိမ်ခြံမြေ ဆိုင်ရာဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းများ၊ ဆောက်လုပ်ရေး လုပ်ငန်းများနှင့် ဆေးဝါးတင်သွင်း ဖြန့်ဖြူးရောင်းချခြင်း လုပ် ငန်း များကို လုပ်ကိုင်နေသည့် ကုမ္ပဏီ တခုဖြစ်သည်။
ထို့အပြင် ငွေကြေးဆိုင်ရာဝန်ဆောင်မှုလုပ်ငန်း၊ ကားတင်သွင်း ရောင်းချခြင်းလုပ်ငန်း၊ ဘိလပ်မြေထုတ်လုပ်မှု လုပ်ငန်းနှင့် ဆက်သွယ်ရေး ဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများလည်း လုပ်ကိုင်လျက်ရှိပြီး ပြည်တွင်းဈေးကွက်၌ ထိပ်တန်းစာရင်းဝင် ကုမ္ပဏီတခု ဖြစ်သည်။
Mitsubishi Corporation (Mitsubishi) သည် ဂျပန်နိုင်ငံရှိ ကုန်သွယ်ရေး လုပ်ငန်းကဏ္ဍ၌ ထိပ်တန်းမှ ဦးဆောင် လျက်ရှိသည့် ကုမ္ပဏီတခု ဖြစ်သည်။