Travel

သင်္ကြန်ကာလ ခရီးသွားမည့်သူ ယခင်နှစ်ထက် ပိုများလာ

This article has been converted from Zawgyi One to Unicode

ယခုနှစ် သင်္ကြန်ပွဲတော် ပိတ်ရက်များအတွင်း ပြည်တွင်း ခရီးသွား လည်ပတ်မည့်သူ ယခင်နှစ်ထက် ပိုများလာကြောင်း မြန်မာပြည် အနှံ့ ခရီးသွားလာရေးလုပ်ငန်း လုပ်ကိုင်သူများက ပြောသည်။

ပြည်တွင်း ခရီးသွားများသည် အထူးသဖြင့် ပင်လယ်ကမ်းခြေ ဒေသများ၊ ရာသီဥတု သမမျှတသည့် ဒေသများနှင့် ဒေသန္တရ လေ့ လာရေး ကောင်းမွန်သည့် ဒေသများသို့ သွားရောက် လည်ပတ်မည့်သူ များပြားလာသည်ဟုလည်း ၎င်းတို့က ပြောဆိုသည်။

“ပြည်တွင်း ခရီးစဉ်တွေကို စီစဉ်ထားတဲ့သူ များလာတယ်။ လူတွေက ခရီးသွားတာကို ပေါ်ပြူလာ ဖြစ်လာတယ်။ ရန်ကုန်ဘက်က ဆို ချောင်းသာ၊ ငွေဆောင်ပဲ။ အထက်ပိုင်း ဒေသဆို တောင်ကြီး၊ အင်းလေး။ နောက် မကြာမီကမှ လူတွေ စိတ်ဝင်စားလာတဲ့ မြိတ်၊ ထားဝယ် ခရီးစဉ်တွေပါ” ဟု ပြည်တွင်း ခရီးသွား လုပ်ငန်းများကို စီစဉ်လုပ်ကိုင်နေသည့် Asian Green Adventure ၏ ဒါရိုက်တာ ဦးပြည့်ဖြိုးဦးက ဧရာဝတီကို ပြောသည်။

သင်္ကြန်ပွဲတော်ရက်များ အတွင်း၌ သွားလာလည်ပတ်ကြမည့် ခရီးသွားများသည် ပြည်တွင်းမှ ထင်ရှားသည့် ဒေသများ ဖြစ်ကြ သော တောင်ကြီး၊ အင်းလေး၊ လွိုင်ကော်၊ မန္တလေး၊ ပြင်ဦးလွင်၊ ပုဂံ-ညောင်ဦး၊ ကျိုက်ထီးရိုး၊ မော်လမြိုင်၊ မြိတ်၊ ထားဝယ် စသည့် ဒေသများသို့ သွားလာလည်ပတ်ရန် စီစဉ်ထားမှုများ ရှိနေကြောင်းလည်း ၎င်းက ဆက်ပြောသည်။

အလားတူ နယ်မြို့ဒေသများမှ သွားလာလည်ပတ်ကြမည့် ခရီးသွာများသည် သင်္ကြန်ပွဲတော် ပိတ်ရက်ကာလများတွင် ငပလီ၊ ချောင်းသာ၊ ငွေဆောင် စသည့် ကမ်းခြေ အပန်းဖြေရာ ဒေသများသို့ လည်ပတ်ရန် စုံစမ်းမှုများ ရှိနေသည်ဟု ပြည်တွင်း ခရီးသွားလာရေး လုပ်ငန်း လုပ်ကိုင်သူများက ပြောသည်။

“ချောင်းသာတို့ ငွေဆောင်တို့ဘက်မှာ ဒီနှစ် ခရီးသွား နှစ်ဆလောက် တက်လာတယ်။ ဟိုတယ်ခတွေလည်း ၃ ဆ လောက် တက် တယ်။ ငပလီ ဘက်ကို သွားလာရင် စရိတ် ပိုကုန်ကျတာကြောင့် သုံးပုံပုံ တပုံလောက်ပဲ သွားကြတာရှိတယ်”ဟု မြန်မာ့ မြတ်ချယ်ရီ ကမ်းခြေ ခရီးသွားလုပ်ငန်း၏ အုပ်ချုပ်မှု ဒါရိုက်တာ ဒေါ်ချယ်ရီက ပြောသည်။

ငွေဆောင်၊ ချောင်းသာ ကမ်းခြေတွင် ဧည့်သည်များ လာရောက် လည်ပတ်တည်းခိုမှု များလာသဖြင့် တည်းခိုခ နှုန်းထားများသည် နှစ်ဆနီးပါး မြင့်တက်လာပြီး၊ ဟိုတယ်များ၊ ဂတ်စ်ဟောက်များသာမက ရွာရှိ အိမ်များတွင်လည်း ဧည်သည့်များ ပြည့်နှက်နေပြီး တည်းခိုနေထိုင်စရာ မလုံလောက်မှုကို တွေ့ကြုံရနိုင်သည်ဟု ကမ်းခြေ ဟိုတယ် လုပ်ငန်းရှင်များက ပြောဆိုကြသည်။

ထိုသို့ ပြည်တွင်း ခရီးသွားဦးရေ များလာခြင်းသည် ဝင်ငွေတိုးတက်လာခြင်းနှင့် နိုင်ငံရေး အခြေအနေ အရလည်း များစွာမှုတည်လျက် ရှိကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဖြိုးဝေရာဇာ က ပြောသည်။

“ဝင်ငွေတွေတိုးတက်လာတဲ့ သဘောပေါ့၊ ခရီးသွားတယ်ဆိုတာ သူတို့ သုံးစွဲမှု၊ စုဆောင်းမှုအပြင် ပိုလျှံလာလို့ပါ၊ မြန်မာနိုင်ငံ စီးပွားရေး တိုးတက်လာတယ်ဆိုတဲ့ ပြယုဂ်ပေါ့နော်၊ နောက် နိုင်ငံရေး အခြေအနေအရလည်း ငြိမ်းချမ်းရေး လုပ်ငန်းတွေလုပ်လာတော့ တိုင်းရင်းသား ဒေသတွေကို ခရီးသွားဖို့ ချဲ့လာကြတာလည်း ပါတယ်”ဟုလည်း ၎င်းက ပြောဆိုသည်။

သင်္ကြန်ပွဲတော်ကာလ ပိတ်ရက်များအတွင်း ပြည်တွင်းခရီးစဉ် ဈေးနှုန်းများမှာ လွိုင်ကော် – ကလော ခရီးစဉ် ၄ ညအိပ် ၅ ရက် ခရီးစဉ်အတွက် ကျပ် ၁၅၀,၀၀၀၊ ပုဂံ – ညောင်ဦး ၂ ညအိပ် ၃ ရက် ခရီးစဉ် ကျပ် ၁၈၀,၀၀၀၊ ပြင်ဦးလွင်- မန္တလေး- စစ်ကိုင်း- မင်းကွန်း ခရီးစဉ် ၂ ညအိပ် ၃ရက် ခရီးစဉ် ကျပ် ၁၈၀,၀၀၀၊ မော်လမြိုင်-ဘားအံ ခရီးစဉ် ၂ ညအိပ် ၃ရက်ခရီး ကျပ် ၉၀,၀၀၀၊ ထားဝယ် (သီးသန့်) ၃ ညအိပ် ၄ ရက် ခရီးစဉ် ကျပ် ၁၂၀,၀၀၀ တို့ဖြစ်သည်။

ကမ်းခြေခရီးစဉ် Package Tour ဈေးနှုန်းများမှာ ငပလီကမ်းခြေ ၃ ညအိပ် ၄ ရက်ခရီးစဉ် ကျပ် ၃၂၀,၀၀၀၊ ချောင်းသာ ကမ်းခြေ ၂ ညအိပ် ၃ ရက် ခရီးစဉ် ကျပ် ၂၅၀,၀၀၀မှ အနိမ့်ဈေးနှုန်း ကျပ် ၁၆၀,၀၀၀၊ ငွေဆောင်ကမ်းခြေ ၂ ညအိပ် ၃ ရက် ခရီးစဉ်အတွက် တည်းခိုသည့် နေရာပေါ်တွင် မူတည်၍ အနိမ့်ဆုံး ကျပ် ၁၂၀,၀၀၀ မှ ကျပ် ၁၈၀,၀၀၀ ရှိကြောင်း သိရသည်။

သင်္ကြန်ပွဲတော် ပိတ်ရက်များ အတွင်း ပြည်တွင်းခရီးစဉ်များ စီစဉ်နေသကဲ့သို့ ပြည်ပ ခရီးစဉ်များသို့လည်း သွားရောက်လည်ပတ်ရန် စိတ်ဝင်စားမှု များပြားနေကြောင်းနှင့် အထူးသဖြင့် အာရှ ဒေသတွင်း ဖြစ်သည့် ထိုင်း၊ စင်္ကာပူ၊ ကိုရီးယား၊ ဂျပန်၊ ဟောင်ကောင် စသည့် နိုင်ငံများသို့ စုံစမ်းမေးမြန်းမှုများ အများဆုံး ရှိနေကြောင်း သိရသည်။

“ပြည်ပကို လည်ပတ်ဖို့ လူ ၄၀၀ လောက် ဘွတ်ကင် လုပ်ထားကြတယ်၊ ဈေးနှုန်းတွေက လေယာဉ်ဈေးက ဒီလို အချိန်ဆို ပုံမှန် ထက် တက်နေတယ်၊ ခရီးသွားတာက ပေါ်ပြူလာ ဖြစ်လာတော့ ဒါလည်း စိတ်ဝင်တစားနဲ့ စီစဉ်နေကြတာပါပဲ”ဟု Nice Fare Travels & Tours ကုမ္ပဏီ အရောင်းတာဝန်ခံ တဦးက ပြောသည်။

ပြည်ပခရီးစဉ် Package Tour ဈေးနှုန်းများမှာ ဟောင်ကောင် ၄ ညအိပ် ၅ ရက် ခရီးစဉ် ဒေါ်လာ ၃၅,၀၀၀၊ ဂျပန် ၄ ညအိပ် ၅ ရက် ခရီးစဉ် ဒေါ်လာ ၂,၈၀၀၊  စင်္ကာပူ ၂ ညအိပ် ၃ ရက် ခရီးစဉ် ဒေါ်လာ ၆၅၀၊ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ၃ ညအိပ် ၄ ရက် ခရီးစဉ် ဒေါ်လာ ၄၂၅ ဖြစ်ကြောင်း စုံစမ်း သိရှိရသည်။

Loading