မြန်မာနိုင်ငံတွင် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (SMEs) အတွက် လိုအပ်သော ဘဏ္ဍာရေးဆိုင်ရာ ဝန်ဆောင်မှု များနှင့် ချေးငွေရရှိရန် ခက်ခဲနေသဖြင့် လုပ်ငန်းတိုးချဲ့နိုင်ခြင်း မရှိဘဲ ဖွံ့ဖြိုးတိုးတက်မှု နည်းပါးနေကြောင်း ဂျာမန်အစိုးရ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာနမှ မြန်မာနိုင်ငံဆိုင်ရာ အရာရှိ Mr Bernd Kuzmits က ထုတ်ဖော်ပြောဆိုသည်။
မေလ ၁ ရက်နေ့ အင်းလျားလိတ်ခ် ဟိုတယ်တွင် ပြုလုပ်သော ပြည်သူ့လွှတ်တော်၊ ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုး တိုး တက်ရေး ကော်မတီနှင့် ဂျာမန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (GIZ) တို့ပူးပေါင်း ကျင်းပသည့် ဂျာမနီ နိုင်ငံ လေ့လာရေးခရီးစဉ်နှင့် ပတ်သက်သော သတင်းစာရှင်းလင်းပွဲတွင် ၎င်းက ပြောဆိုခဲ့ခြင်း ဖြစ်သည်။
“အသေးစားနဲ့ အလတ်စားစီးပွားရေး လုပ်ငန်းရှင်တွေဟာ ချေးငွေတွေ မရရှိတဲ့အတွက် ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ် တဲ့ နေရာ မှာ အခက်အခဲတွေ ရှိနေတယ်၊ ချေးငွေရရှိနိုင်မှု အားနည်းတဲ့အတွက်ကြောင့် သူတို့ရဲ့ လုပ်ငန်းတွေကို ချဲ့ထွင် နိုင် ခြင်း မရှိကြပါဘူး အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးနိုင်မှု အားနည်းပြီး တချို့သောအခွင့်အလမ်းတွေက လက်လွတ် ဆုံးရှုံး မှု ဖြစ်နေပါတယ်” Mr.Bernd Kuzmits က ပြောဆိုခဲ့သည်။
လက်တလော အခြေအနေတွင် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ၏ အခန်းကဏ္ဍမှာ အလွန်အရေးကြီး နေပြီး မြန်မာနိုင်ငံရှိ ကုမ္ပဏီအားလုံး၏ ၉၅ ရာခိုင်နှုန်းကျော်မှာ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများသာ ဖြစ်ကြောင်း၊ SMEs များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘဏ္ဍာရေးဆိုင်ရာ အကူအညီပေးခြင်းသာမက အခြား ဝန်ဆောင်မှု များလည်း လိုအပ်နေကြောင်း ၎င်းက ဆိုသည်။
“SMEs တွေဟာ နိုင်ငံစီးပွားရေးရဲ့ ကျောရိုးမဏ္ဍိုင် ဖြစ်လာလိမ့်မယ်။ အလုပ်အကိုင် အခွင့်အလမ်းတွေကို ဖန်တီးတဲ့ နေရာမှာ အရေးကြီးတဲ့နေရာမှာ ရောက်မှာဖြစ်ပေမယ့် လောလောဆယ်မှာ သူတို့မှာ အကန့်အသတ်တွေ စိန်ခေါ်မှုတွေ အများ ကြီး တွေ့နေရတယ်” ဟု GIZ အဖွဲ့အစည်း၏ ဘဏ္ဍာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းခေါင်းဆောင် Mr.Thomas Foerch က ပြောသည်။
ပြည်သူ့လွှတ်တော်၊ဘဏ်များနှင့် ငွေကြေး ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီအဖွဲ့ဝင် ဦးဖြိုး မင်းသိန်းကလည်း “ဂျာမနီ နိုင်ငံမှာ SMEs တွေကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ထားတဲ့ အခြေအနေကို တွေ့ရတယ်။ အဆင့်တိုင်းအတွက် ဆောင် ရွက် နိုင်တဲ့ အခွင့်အလမ်းတွေ ဖန်တီးပေးထားတယ် လမ်းမဘေးမှာ ဖွင့်ထားတဲ့ ဆိုင်ကလေးတဆိုင် အောင်မြင်ဖို့ အထိ တိုင်ပင် ဆောင်ရွက်လို့ရတဲ့ သမဝါယမဘဏ်မျိုးတွေ ရှိတယ်၊ စီးပွားရေးလုပ်ငန်း ဆောင်ရွက်မယ့် ကုန်သွယ်ရေး ဘဏ်တွေကိုတွေ့ရတယ် လွှတ်တော်ဘဏ်ကလည်း ဒီအခြေအနေတွေ ဖြစ်ပေါ်လာဖို့အတွက် အစိုးရကို တိုက်တွန်း သွား မယ်”ဟု ပြောသည်။
ပြည်တွင်း SMEs လုပ်ငန်းရှင်တချို့ကမူ လုပ်ငန်းများ ရှင်သန်အောင်မြင်နိုင်ရေး ချေးငွေအပြင် နည်းပညာလိုအပ်ချက်များ လည်း ရှိသည်ဟု ထောက်ပြပြောဆိုကြသည်။
မင်းထက်ကောင်း စားသောက်ကုန်ထုတ်လုပ်ရေးလုပ်ငန်းမှ ပိုင်ရှင် ဒေါ်ခင်သိန်းဝင်းက “ကျမတို့ အသေးစားတွေအတွက် ချေးငွေ ရရှိရုံနဲ့လည်း မပြေလည်ပါဘူး။ နည်းပညာတွေလည်း အားနည်းနေတော့ ထုတ်လုပ်တဲ့ပစ္စည်းက နိုင်ငံခြား တင်နိုင် တဲ့ အဆင့် မရောက်ဘူး။ ဈေးကွက်မရှိဘူး။ ကျမတို့က ချေးငွေအတွက် စက်ရုံအပေါင်ခံထားရတယ်၊ သိန်း ၅၀ဝ၀ လောက် တင်မှ သိန်း ၁၅၀ဝ ပဲ ရပါတယ်” ဟု ပြောသည်။
GIZ အဖွဲ့အစည်း အနေဖြင့် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဘဏ္ဍာရေးဆိုင်ရာ လက်လှမ်းမီမှု ရရှိနိုင် ရေး အတွက် မြန်မာနိုင်ငံမှ ကမ္ဘောဇဘဏ်၊ အသေးစားနှင့်အလတ်စား စက်မှုလုပ်ငန်း ဖွံ့ဖြိုးရေးဘဏ်နှင့် ရိုးမဘဏ်တို့ကို ရွေးချယ်ခဲ့ပြီး ပြည်တွင်းနှင့် နိုင်ငံတကာ ပညာရှင်များ၏ အကူအညီဖြင့် ဘဏ္ဍာရေးဆိုင်ရာများကို အကူအညီ ပေးလျက် ရှိ ကြောင်း၊ အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများကို ဘဏ္ဍာရေးဆိုင်ရာ အကူအညီပံ့ပိုးပေးနိုင်ရန် အဆိုပါ ပြည် တွင်း ဘဏ်သုံးဘဏ်ကို ၂၀၁၄ ခုနှစ် ဧပြီလမှစတင်ပြီး ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၆ ခုနှစ်တွင် ပြီးဆုံးမည်ဖြစ်ကြောင်း၊ မြန်မာ နိုင်ငံတွင် ဘဏ္ဍာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် GIZ အဖွဲ့က ၂၀၁၂ ခုနှစ်၊ အောက်တိုဘာမှ ၂၀၁၆ ခုနှစ်၊ ဒီဇင် ဘာ အထိ ဘဏ်လုပ်ငန်းနှင့် ဘဏ္ဍာရေးဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။
GIZ ခေါ် ဂျာမနီ အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီသည် ဂျာမန်အစိုးရလက်အောက်ခံ အဖွဲ့အစည်း တခု ဖြစ် သည်။