ဦးကျော်ကျော်အနေနှင့် အိမ်သုံးပစ္စည်း အဟောင်းတွေ၊ ပရိဘောဂ အဟောင်းတွေ ဝယ်တယ်ဟုအော်ပြီး ရန်ကုန်မြို့က လမ်းများကို တလမ်းဝင်တလမ်းထွက် လုပ်ခဲ့သည်မှာ လွန်ခဲ့သည့် နှစ်ပေါင်း ၂၀ ကျော်က ဖြစ်သည်။ သူဝယ်သည့်အရာများတွင် နံရံမှာ အလှချိတ်သည့် သမင်ခေါင်း၊ တိုင်ကပ်နာရီဟောင်းကြီးများမှ သည် ပင်ကူအိမ်များ စွဲနေသည့် အခန်းထောင့်များ၊ ထပ်ခိုးများတွင် ပိုင်ရှင်များ ဒီတိုင်းပစ်ထားသည့် ပရိဘောဂ အဟောင်းများ ပါဝင်ပါသည်။
ထို့နောက် သူဝယ်လာသည့် ပစ္စည်းများကို ပြည်တွင်းမှ ရှားပါးပစ္စည်း အရောင်းဆိုင်များသို့ ပြန်သွင်းသည်။ လှပသော ပန်းပုလက်ရာများ အပြောက်အမွမ်းများနှင့် တန်ဆာဆင်ထားသော ကျွန်းသား ပရိဘောဂဟောင်း တွေကို စိတ်ဝင်စား ကြသည့် လူတချို့အတွက် ပွဲစားလုပ်ပေးသည်။
“ပွဲစားတယောက် အနေနဲ့က ဝင်ငွေနည်းတယ်။ တခါတလေ သူတို့က ကျနော့်ကို ပြောထားတဲ့ ဈေးအတိုင်း မပေးဘူး။ ဒါကြောင့် ရှေးဟောင်း ပရိဘောဂနဲ့ ပတ်သက်ပြီး သိသထက် သိအောင်လုပ်ပြီး ကိုယ်ပိုင် လုပ်ငန်း ထောင်ဖြစ်သွားတာ” ဟု အသက် ၆၀ ရှိပြီဖြစ်သော ဦးကျော်ကျော်က ပြော သည်။ သားဖြစ်သူ၏အမည်ကို အစွဲပြု၍ အောင် အောင်ဟု အမည်ပေးထားသည့် ဦးကျော်ကျော်၏ ဆိုင်သည် ယခုအခါတွင် အရောင်း အဝယ်ကောင်းနေ ပြီး ပစ္စည်းဟောင်းများ လာရောက်ရှာဖွေကြသည့် ပြည်တွင်း၊ ပြည်ပမှ ဖောက်သည်တွေ လည်း ပို၍ပို၍ များလာသည်။ ဦးကျော်ကျော်၏ သား ကိုအောင်အောင်က ဆိုင်မန်နေဂျာလည်း ဖြစ်သည်။
လွန်ခဲ့သော ၄ နှစ် မြန်မာနိုင်ငံက ပြင်ပကမ္ဘာ နှင့် ပြန်လည်ဆက်ဆံခဲ့သည့် အချိန်မှစ၍ ဦးကျော်ကျော်၏ စီးပွားရေး ကောင်းလာခဲ့သည်။ ရန်ကုန်မြို့ တလွှားမှ အခြားသော ပရိဘောဂဟောင်း ရောင်းချသူတွေ လည်း ထိုနည်းတူပင် ဖြစ်သည်။
မြန်မာနိုင်ငံတွင် လာရောက်နေထိုင်သည့် နိုင်ငံခြားသားတွေ များလာသလို ပရိဘောဂဟောင်းများကို စိတ်ဝင်စားသည့် မြန်မာလူမျိုး အရေ အတွက်ကလည်း တိုးလာသည့်အတွက် ပရိဘောဂဟောင်းများ ပြန်လည် ရေပန်းစားလာသည်။
“ဒါတွေက နည်းနည်းပါးပါးပြုပြင်လိုက်ရင် သုံးလို့ရပါသေးတယ်။ နိုင်ငံခြားသားတွေက အမှတ်တရ သက်သက် ပဲ ဝယ်ကြတာမဟုတ်ဘူး။ သုံးလည်း သုံးကြတယ်” ဟု ကိုအောင်အောင်က ဧရာဝတီသို့ ပြောသည်။
“ဟိုတယ်သစ်တွေဖွင့်ဖို့ ဒါမှမဟုတ် ကုမ္ပဏီ ထောင်ဖို့ ကြိုးစားနေကြတဲ့ သူတွေက ရုံးခန်းတွေကို တန်ဆာဆင်ဖို့ ပရိဘောဂအဟောင်းတွေကို စိတ်ဝင် စားကြတယ်။ ဒီလိုပစ္စည်းဟောင်းတွေက ပရိဘောဂ အသစ်တွေ ထက်စာရင် ကွဲပြားထူးခြားတဲ့ ပတ်ဝန်းကျင် အနေအထားမျိုး ပိုဖြစ်စေနိုင်တာကိုး” ဟု သူက ထပ်ပြောသည်။
ကိုအောင်အောင်၏ ပရိဘောဂဆိုင်တွင် ဖောက်သည်များ၏ လိုအပ်ချက်နှင့် ကိုက်ညီမည့် ပစ္စည်းများကို ကောင်းစွာ စုဆောင်းထားသည်။ အရောင်တင်ဆီပြန်သုတ်ထားသည့် မြန်မာနိုင်ငံ လွတ်လပ်ရေးမရမီ ခေတ်ကလက်ရာ ပက်လက် ကုလားထိုင်များကို နေရောင်နှင့် အခြောက်ခံထား သည်ကို တွေ့ရသည်။ ၁၉၆၀ နှစ်များမှ စားပွဲများ က ထောင့်တထောင့် တွင်ရှိသည်။ မြန်မာ့ရိုးရာ ပန်းပုလက်ရာများဖြင့် အလှဆင်ထားသော ကိုလိုနီ ခေတ်လွန်ပိုင်းမှ အနက်ရောင်သစ်သား ဗီရိုကြီးများ က ဆိုင်အဝင်ဝတွင်ရှိသည်။ အချို့ပစ္စည်းများတွင် “ရောင်းပြီး” ဟု စာကပ်ထားပြီးဖြစ်သည်။
“လွန်ခဲ့တဲ့ ၁၀ နှစ်လောက်နဲ့ ယှဉ်ကြည့်မယ် ဆိုရင် အခုအချိန်မှာ ဝယ်လက်က နေ့တိုင်းကို ရှိတာ။ အရင်ကဆိုရင် တပတ်ကို ပစ္စည်းတခုထွက် အောင်ကို မနည်းရောင်းနေခဲ့ရတာ” ဟု ဦးကျော် ကျော်က ပြောသည်။
ပန်းပုလက်ရာများနှင့် တန်ဆာဆင်ထားပြီး ကြာရှည်ခံ၊ အရည်အသွေးနှင့် အရောင်အဆင်းပါ ကောင်းသော မြန်မာ့ကျွန်းသားကို အသုံးပြုထား သည့် လွန်ခဲ့သော နှစ်ပေါင်း ၅၀ကျော်နှင့် ၁၀ဝ အတွင်းမှ မြန်မာပရိဘောဂ နှင့် အနုပညာ ပစ္စည်း များသည် ကမ္ဘာတလွှားမှ ရှေးဟောင်းပစ္စည်း စုဆောင်းသူများ၏ အာရုံစူးစိုက်မှုကို ဆွဲဆောင်နိုင် ခဲ့ကြသည်။
ထိုင်း-မြန်မာ နယ်စပ်မြို့ဖြစ်သည့် မဲဆောက်ရှိ ကမ်းနားဈေးတခုတွင် မြန်မာနိုင်ငံမှ တရားမဝင် ရောက်ရှိလာ သည့် ပရိဘောဂအဟောင်းများ၊ ရှေး ဟောင်း ဗုဒ္ဓရုပ်ပွားတော်များ၊ အခြားလက်မှုပစ္စည်း များ ရောင်းချနေသည့် ဆိုင်အမြောက်အမြား တွေ့ နိုင်သည်။ ချင်းမိုင်မြို့မှ ကမ္ဘာလှည့်ခရီးသွားများ အများဆုံးလာရောက်တတ်သည့် နေရာဖြစ်သော Ban Thawai တွင်လည်း မြန်မာနိုင်ငံတွင် အမေရိကန် ဒေါ်လာ ၂၀ဝ လောက်သာပေးရမည့် ကိုလိုနီ ခေတ်လက်ရာ မြန်မာ ပက်လက်ကုလားထိုင်တလုံးကို အမေရိကန်ဒေါ်လာ ၁၃၀ဝ ဝန်းကျင်ဖြင့် ရောင်းချ နေသည်။
ထိုကဲ့သို့ အိမ်နီးချင်း နိုင်ငံများတွင် မြန်မာပြည် မှ ရှေးဟောင်းပစ္စည်းများတွင်ကျယ်စွာ အရောင်း အဝယ်ဖြစ်နေ ခြင်းသည် မြန်မာနိုင်ငံတွင် စစ်အစိုးရ အုပ်ချုပ်ပြီး ပြင်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ် တောက်ထားခဲ့ခြင်း၏ အမွေတခုဖြစ်ပြီး လွန်ခဲ့ သော ၁၅ နှစ်မှ နှစ် ၂၀ အတွင်းတွင် ရှေးဟောင်း ပစ္စည်းများ မှောင်ခိုတင်ပို့ရောင်းချ ခြင်း အလွန်ခေတ် ကောင်းခဲ့သည် ဦးကျော်ကျော်က ဆိုသည်။
“အဲဒီအချိန်တုန်းက ကုန်သည်တွေက ဗုဒ္ဓ ရုပ်ပွားတော်တွေကနေ နာရီဟောင်းတွေ ကုလားထိုင်ဟောင်း တွေအထိ အားလုံးကို မြဝတီကနေ တဆင့် စိတ်ဝင်စားတဲ့ ဝယ်လက်တွေရှိနိုင်မယ့် ထိုင်းနိုင်ငံကို မှောင်ခို ထုတ်ကြတာပဲ” ဟု သူကပြန် ပြောပြသည်။ မြန်မာနိုင်ငံမှ မြဝတီမြို့နှင့် ထိုင်းနိုင်ငံ မှ မဲဆောက်မြို့တို့သည် သောင်ရင်းမြစ် တဖက် တချက်စီတွင် ရှိနေသော မြို့များဖြစ်သည်။
“အဲဒီအချိန်တုန်းက ကျနော်ရောင်းပေးခဲ့တဲ့ ကုန်သည်တွေထဲမှာ ဒီလိုလုပ်တဲ့သူတွေပါသလား မပါဘူးလား ဆိုတာ သေသေချာချာ မသိဘူးဗျ။ ဒါပေမယ့် အခု အခြေအနေကတော့ အများကြီး ပိုကောင်းလာပါပြီ။ အခုဆို ကျနော်တို့က ဖောက်သည်တွေနဲ့ တိုက်ရိုက် အရောင်းအဝယ် လုပ်နိုင် နေပြီ” ဟု သူက ထပ်ပြောသည်။
ရန်ကုန်ရှိ ၇ မိုင် ကုန်းမြင့်သာအိမ်ရာနှင့် Montage Cif’e တို့ကို အိမ်တွင်း အလှဆင်ယင် ပေးခဲ့သည့် ဒီဇိုင်းနာတဦးဖြစ်သော မဝါဝါက အိမ် ရာနှင့် စားသောက်ဆိုင်ကို ပြန်လည်မွမ်းမံထားသည့် ပရိဘောဂများနှင့် အလှဆင်ပေးခဲ့ကြောင်း၊ ခေတ် ဟောင်း လက်ရာများ၏ အရည်အသွေးကို သဘောကျ၍ ဖြစ်ကြောင်းပြော သည်။
“အဲဒါတွေက ခံ့ညားတယ်၊ တော်ဝင်ဆန်တယ်။ ခေတ်သစ် ပရိဘောဂတွေလည်း လှပါတယ်။ ဒါပေမယ့် သူတို့က ဖန်စီဖြစ်တဲ့ ပုံပေါက်တယ်” ဟု သူကပြောသည်။
သို့သော်လည်း ဦးကျော်ကျော် အတွက်ကတော့ မြန်မာနိုင်ငံတလွှားမှာ ပရိဘောဂ အဟောင်းများ လိုက်လံ ရှာဖွေရခြင်းသည် လွယ်ကူသော အလုပ် တခု မဟုတ်ပါ။ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသရှိ မြို့တိုင်းသို့ သွားရောက်၍ အသုံးမပြုတော့သော ပရိဘောဂဟောင်းများကို ရှာဖွေခဲ့သည်။ တကြိမ်တွင် သူဝယ်ယူလိုသည့် ရှေးဟောင်းပစ္စည်းများ ရရှိမည် ဟု သွေးဆောင်ခေါ်ယူသွားပြီးမှ ဓားထောက်၍ လုယက်သူတစုနှင့်ပင် ကြုံတွေ့ ခဲ့ရသည်။
“အခုတော့ ကျနော် ခရီးမသွားတော့ဘူး။ ကျနော့်မှာ ပွဲစားတွေရှိနေပြီ” ဟု သူကပြောသည်။
မြန်မာပြည်သူများကြားတွင် ပရိဘောဂဟောင်း များကို စိတ်ဝင်စားမှုတိုးလာသော်လည်း သူ့ဆိုင်မှ ဖောက်သည်များ၏ ၇၀ ရာခိုင်နှုန်းမှာ နိုင်ငံခြားသား များ ဖြစ်သည်ဟု ဦးကျော်ကျော်က ဆိုသည်။
“လူတွေရဲ့ အယူသီးမှုကြောင့်လည်း တစိတ် တပိုင်း ပါပါတယ်။ ဥပမာ မြန်မာအများစုက ခုတင်ဟောင်း ဆိုရင်ဝယ်တာ ရှားတယ်။ ဒီပေါ်မှာ တစုံတယောက် သေဆုံးခဲ့တာရှိနိုင်တယ်၊ ဒါကြောင့် ခုတင်ဟောင်းကို အသုံးပြုတာက မင်္ဂလာမရှိဘူးလို့ အယူရှိကြတာကိုး။ အလကားပေးမယ်ဆိုရင်တောင် အများစုက ယူမှာမဟုတ်ဘူး” ဟု သူက ရှင်းပြသည်။
“ဒါပေမယ့် ကြည့်တဲ့ သူရဲ့အမြင်ပေါ်မှာလည်း မူတည်ပါတယ်။ ကိုယ်တွေက ပစ္စည်းဟောင်းတွေကို ကြိုက်တတ်တဲ့သူဆိုရင်တော့ ဒါတွေက ကောင်းတယ်ပေါ့။ အဲဒီလိုမှ မဟုတ်ရင်တော့ မီးမွှေးဖို့ လောက်ပဲသုံးလို့ ရတဲ့ ထင်းသက်သက်ပါပဲ”။