အမေရိကန်ဒေါ်လာနဲ့ မြန်မာငွေလဲလှယ်နှုန်း တရိပ်ရိပ် မြင့်တက်လာခဲ့ပြီး အခုလို တဒေါ်လာကို မြန်မာငွေ ၁၁၃၀ ကျပ် အထက် အရောင်းအဝယ်တွေ ဖြစ်လာချိန်မှာ ဗဟိုဘဏ်က ဈေးကွက်ကို ဝင်ရောက်ထိန်းမယ်ဆိုပြီး ဖြစ်လာပါတယ်။
ဒီလို ဒေါ်လာဈေးတက်လာတာနဲ့ ပတ်သတ်ပြီး ပြောဆိုကြတဲ့ အသံတွေက အမျိုးမျိုးပါ။ သွင်းကုန်များပြားမှု ဖြစ်စဉ်နဲ့ ထပ်တူ သွင်းကုန်အတွက် ပေးချေရမယ့် ဒေါ်လာလိုအပ်ချက် ကြီးမားနေတာက တကြောင်း၊ အမေရိကန် စီးပွားရေး အားကောင်းလာတာကြောင့် ဒေါ်လာဈေး ပြန်ခိုင်မာလာတာကတကြောင်းလို့ ပြောဆိုကြသလို ဈေးကစားမှုတွေကြောင့် အခုလိုဈေးတွေ တက်လာတယ်လို့လည်း ပြောကြပါတယ်။
ဒါ့အပြင် ဘဏ်အချို့က ဒေါ်လာတွေ ဝယ်တာရှိတာမို့လို့လည်း ပြောဆိုတဲ့ အသံတွေ ထွက်လာပါတယ်။ အချက်အမျိုးမျိုးနဲ့ အခုလို မြင့်တက်လာတဲ့ ဒေါ်လာဈေးဟာ ထပ်ပြီးတော့လည်း တရိပ်ရိပ် တက်နေအုံးမယ်လို့ ပညာရှင်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေက ပြောဆို သုံးသပ်ခဲ့ဖူးပါတယ်။
ဒီလို သုံးသပ်ပြောဆိုခဲ့တာတွေနဲ့အတူ မြင့်တက်လာနေတဲ့ ဒေါ်လာဈေးကို ဗဟိုဘဏ်က ဝင်ထိန်းတော့မယ်ဆိုတဲ့အခါ ဘယ်လို အချက်တွေနဲ့ထိန်းမှာလည်း ဆိုတာ မေးစရာ ရှိလာပါပြီ။
ဗဟိုဘဏ် တာဝန်ရှိသူတွေ ပြောဆိုတာကတော့ ဘဏ်တွေနဲ့ ငွေလဲကောင်တာတွေမှာ ဗဟိုဘဏ်သတ်မှတ်နှုန်းအပေါ် အတိုးအလျှော့ ဝ.၈ နဲ့သာ ရောင်းဝယ်ရမယ်ဆိုတဲ့ သတ်မှတ်ချက်ကို လိုက်နာဖို့ ခေါ်ယူသတိပေးတာတွေ လုပ်ခဲ့တဲ့အကြောင်း၊ ဒါအပြင် ရောင်းလိုအား ဝယ်လိုအားအပေါ်ကြည့်ပြီး ဈေးကွက်ကိုထိန်းညှိဖို့ လိုအပ်လာရင် ဒေါ်လာတွေ ထုတ်ရောင်းချပေးသွားဖို့လည်း ရှိတယ်လို့ သိရပါတယ်။
ပထမအချက်ဖြစ်တဲ့ ဗဟိုဘဏ်က ခေါ်ယူသတိပေးမှုမှာ ဘဏ်တွေ ငွေလဲကောင်တာတွေက ဗဟိုဘဏ် သတ်မှတ်တဲ့နှုန်းနဲ့ပဲ အတိုးအလျော့ ဝ.၈ လုပ်ပြီး ရောင်းဝယ်ဖို့ဆိုတာ အခုလိုအချိန်မှာ အရောင်းအဝယ် ရပ်ထားရုံပဲ ရှိမှာပါ။ ပြီးခဲ့တဲ့ရက်တွေက ဗဟိုဘဏ်သတ်မှတ်နှုန်း တဒေါ်လာကို ၁၀၈၀ ကျပ်လောက်ရှိချိန်မှာ အပြင်ဈေးကွက်မှာ ၁၁၃၀ ကျပ်အထိ အရောင်းအဝယ် လုပ်နေကြတာပါ။ ဗဟိုဘဏ်နှုန်းထားအတိုင်း လာဝယ်ပြီး အပြင်ပေါက်ဈေးနဲ့ ပြန်ရောင်းသွားနိုင်မယ့် မှောင်ခိုဈေးကွက် ပြန်ပေါ်လာနိုင်ပါတယ်။
ဗဟိုဘဏ်ရဲ့ ငွေလဲနှုန်းအပေါ် လက်ရှိကျင့်သုံးနေတဲ့ စနစ်က ထိန်းချုပ်နှုန်းရှင်စနစ် managed floating exchange rate system ပါ။ ဒါနဲ့ ပတ်သက်ပြီး ဈေးကွက်ရဲ့ ဝယ်လိုအား ရောင်းလိုအား ဖြစ်စဉ်အပေါ် ထိန်းချုပ်ဖို့ ဆိုတာ အဆင်ပြေဖို့ ခက်မယ်လို့ ဘဏ်နဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အကြံပေးအဖြစ်လုပ်ကိုင်နေတဲ့ ဒေါက်တာ ဂျော့စိုးဝင်းက ပြောပါတယ်။
သူက “တခုရှိတာ အခုလုပ်နေတဲ့ Managed Floating ဆိုတာက အတိုင်းအတာတခုအထိတော့ ဗဟိုဘဏ်က ထိန်းကြောင်းထားတာ ကန့်သတ်ထားတာ ရှိတယ်။ တကယ် ဖြစ်သင့်နေတာက ဈေးကွက်မှာ ရောင်းလိုအား ဝယ်လိုအား Supply and Demand Theory အရ ဖြစ်သင့်နေတာပေါ့။ ဒီသီအိုရီကို Managed Float အတိုင်း လုပ်မယ်ဆိုရင်တော့ သိပ်ထိန်းလို့မရဘူး ထင်တယ်။ ဒါမှမဟုတ် ဒီ managed float ကနေပြီးတော့ နည်းနည်း modified ပေါ့။ နည်းနည်း free ထက်ဖြစ်မယ်ဆိုရင်တော့ ထိန်းလို့ရနိုင်တယ်” လို့ ပြောပါတယ်။
ဒီလို သီအိုရီပိုင်း၊ နည်းစနစ်ပိုင်းတွေနဲ့ မဟုတ်ပဲ တကယ့်လက်တွေ့ ဈေးကွက်ထဲက အခြေအနေအပေါ်မှာ ဗဟိုဘဏ်အနေနဲ့ ဝင်ရောက် ထိန်းမယ်ဆိုရင်လည်း ထိန်းလို့ရနိုင်တယ်လို့ သူက ဆက်ပြောပါတယ်။ ဒေါက်တာဂျော့စိုးဝင်းက “technical တွေမပြောပဲနဲ့ တကယ့်လက်တွေ့ operation ထဲမှာ တကယ်ဝင်ထိန်းမယ်ဆိုရင် တရက်တရက်ကို အရောင်းအဝယ်လုပ်နေတာ ဒေါ်လာသန်း၂၀ နဲ့ ၃၀ ပေါ့။ အများဆုံး သန်း ၅၀ ပဲ ရှိတာ။ အဲဒီလောက်ကို ဗဟိုဘဏ်ကနေပြီး ထိထိရောက်ရောက် ရဲရဲဝင့်ဝင့်နဲ့ ဝင်ပြီး လုပ်လိုက်မယ်ဆိုရင်တော့ ဒီထက် နည်းနည်းတန့်သွားမယ်လို့ ထင်တယ်” လို့ ပြောပါတယ်။
ဈေးကွက်ထဲက ရောင်းလိုအား၊ ဝယ်လိုအား မမျှတတဲ့ အခြေအနေအပေါ် ကြည့်ပြီး ဗဟိုဘဏ်မှာ ရှိတဲ့ ဒေါ်လာတွေ ထုတ်ရောင်း ထိန်းညှိပေးတာမျိုးလည်း ဗဟိုဘဏ်က လုပ်ခဲ့ဖူးပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလထဲမှာတုန်းက ဗဟိုဘဏ်က ဒေါ်လာသန်း ၃၀၀ လောက် ထုတ်ရောင်းပေးခဲ့ဖူးပါတယ်။ ဒါပေမယ့် ဝယ်လိုအားကို စဉ်ဆက်မပြတ် ဖြည့်စွမ်းပေးဖို့ ဗဟိုဘဏ်မှာ အရံငွေအင်အားတောင့်တင်းဖို့ လိုပါတယ်။
ဒေါ်လာလဲလှယ်နှုန်း မြင့်တက်လာတဲ့ ဖြစ်စဉ်မှာ အဓိက အကြောင်းအရင်း တခုလို့ ပညာရှင်တွေ လုပ်ငန်းရှင်တွေ ပြောဆိုနေကြတဲ့ ပို့ကုန်နည်းပြီး သွင်းကုန်တွေများလာတာ၊ သွင်းကုန်လိုအပ်ချက်အတွက် ပေးရမယ့် ဒေါ်လာတွေလိုအပ်လာတာကို ဗဟိုဘဏ်က အမြဲ တစေဝင်ထိန်းပေးဖို့ ဆိုတာ ဗဟိုဘဏ်မှာ စုဆောင်းထားတဲ့ အရံငွေအင်အား တောင့်တင်းဖို့လိုပါတယ်။
သွင်းကုန်များ ပို့ကုန်နည်းလို့ ကုန်သွယ်ရေးလိုငွေ ဒေါ်လာ ၅ ဘီလီယံကျော်အထိ ရှိလာနေတဲ့ ဒီလိုအချိန်မှာ ဗဟိုဘဏ်ရဲ့ အရံငွေဟာ ၄.၈ ဘီလီယံပဲ ရှိတယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ်က ထုတ်ပြန်ထားပါတယ်။
ကုန်သွယ်ရေးလိုငွေဟာ အိမ်နီးချင်းနိုင်ငံ တော်တော်များများမှာလည်း ရှိကြပေမယ့် သူတို့နိုင်ငံတွေက အရံငွေအင်အားတောင့်တင်းကြပါတယ်။ ထိုင်းနိုင်ငံဟာ ပို့ကုန်ဝင်ငွေ ဒေါ်လာ ၂၂၈ ဘီလီယံနဲ့ သွင်းကုန်က ဒေါ်လာ ၂၄၉ ဘီလီယံမို့ ကုန်သွယ်ရေးလိုငွေ ဘီလီယံ ၂၀ ဝန်းကျင်ရှိပါတယ်။ ဒါပေမယ့် နိုင်ငံခြားအရံငွေအင်အားက ၂၀၁၃ ခုနှစ်ကတည်းက ဒေါ်လာ ၁၇၂ ဘီလီယံအထိ ရှိတာကို IMF ရဲ့စာရင်းအချက်အလက်တွေမှာ တွေ့ရပါတယ်။
ဗီယက်နမ်နိုင်ငံကလည်း ပို့ကုန်ဝင်ငွေ ဒေါ်လာ ၁၃၂ ဘီလီယံအထက်နဲ့ သွင်းကုန်ကလည်း ၁၃၂ဘီလီယံအထက်ပါပဲ။ လိုငွေမရှိသလောက်ဖြစ်ပေမယ့် နိုင်ငံခြားအရံငွေပမာဏက ဒေါ်လာ ၂၆ ဘီလီယံ ရှိနေပါတယ်။
မြန်မာနိုင်ငံက ကုန်သွယ်ရေးလိုငွေပြမှု တနှစ်ထက်တနှစ် များများလာချိန်မှာ အရံငွေကလည်း နည်းနေတဲ့အချိန် ဗဟိုဘဏ်က သွင်းကုန်အတွက် ဒေါ်လာလိုအပ်ချက်တွေကို ဈေးကွက်မှာ ထိန်းညှိရောင်းချပေးဖို့ဆိုတာ ရေရှည်မလွယ်တာ သက်ဆိုင်ရာတွေလည်း သိမှာပါ။
ဒါနဲ့ ပတ်သတ်ပြီး စီးပွားရေးပညာရှင် ဒေါက်တာအောင်ကိုကိုက “ပို့ကုန် ကဏ္ဍမှာ ကြည့်လိုက်ရင် အစိုးရက ပုဂ္ဂလိကထက် မြင့်နေတယ်ဗျာ။ သွင်းကုန်မှာကျ ပုဂ္ဂလိကက အစိုးရထက် မြင့်နေတယ်ဗျာ။ သွင်းကုန်အတွက် ပုဂ္ဂလိကရဲ့ ဒေါ်လာ လိုအပ်တာက သူပို့တဲ့ ပို့ကုန်ပမာဏထက် ပိုလိုနေတယ်။ ဒီတော့ သူ ဝယ်ရပြီပေါ့။ ဒေါ်လာကို အစိုးရဆီက ဝယ်မရရင် သူ လုံလုံလောက်လောက်ရတဲ့ ပြင်ပဈေးကွက်ကနေ ယူရော။ အဲ့ဒါက တခုပဲ။ ကမ္ဘာ့ဒေါ်လာတန်ဖိုး တက်လာတာလည်း တပိုင်းပေါ့” လို့ ပြောပါတယ်။
ဒီကာလမှာ ဒေါ်လာဈေးတက်တာနဲ့ ပတ်သတ်တဲ့ အခြား အကြောင်းတခု အဖြစ် ပြည်တွင်းဘဏ်အချို့က ဒေါ်လာတွေ ဝယ်နေတယ် ဆိုတဲ့ အသံတွေလည်း ထွက်နေပါတယ်။ ဖြစ်နိုင်တဲ့ အကြောင်းတွေလည်း ရှိနေပါတယ်။
လက်ရှိ ဘဏ်လုပ်ငန်းခွင်မှာ အကြံပေးလုပ်ကိုင်နေသူ တဦးက “အချို့ဘဏ်ကြီးတွေက ဝင်ဝယ်တယ်ဆိုတာ ဟုတ်ချင်လည်းဟုတ်မယ်။ အခု အစိုးရဌာနတွေမှာ အာမခံလုပ်ငန်းတွေအတွက် စပေါ်တင်ရမယ်။ ဒါမှမဟုတ် foreign banking အတွက် အာမခံတင်ရမှာတို့၊ foreign banking နဲ့ ပြည်တွင်းဘဏ်နဲ့ တခုခုလုပ်မယ်ဆိုရင် ပိုက်ဆံတင်ရမယ်ပေါ့။ တင်ရမယ့် ပိုက်ဆံတွေကို ဒေါ်လာ ဒေါ်လာပဲဗဟိုဘဏ်က ပြောနေတယ်။ အဲ့ဒါတွေကို ကျပ်နဲ့ပဲ သွင်းရမယ်ဆို ဘာမှ လိုက်လဲနေစရာ အကြောင်းမရှိဘူးလေ။ အခု ပြောနေတာ ဘယ်ဘဏ်က ထွက်ဝယ်တယ်၊ ဘာညာဆိုတာ လိုအပ်လို့ ဝယ်တာပေါ့။ မင်းတို့ ကျပ်နဲ့ပဲ လာတင်ဆိုရင် ဘာမှ ဝယ်စရာ အကြောင်းမရှိတော့ဘူး” လို့ ပြောပါတယ်။
ဒီလို အခြေအနေတွေ အမျိုးမျိုး ဖြစ်လာနေတဲ့အပေါ်မှာ ဗဟိုဘဏ်က ဘယ်လိုထိန်းမလဲဆိုတာ စောင့်ကြည့်ရဦးမှာပါ။ ဝယ်လိုအား ရောင်းလိုအား မမျှတမှု ဖြစ်စဉ်မှာ ထိန်းချုပ် နှုန်းရှင်စနစ်နဲ့ အံဝင်ဂွင်ကျ ဘယ်လို ထပ်လုပ်မလဲ၊ ဈေးကွက် အခြေအနေပေါ်ကြည့်ပြီး ဗဟိုဘဏ်က ဒေါ်လာတွေ ဈေးကွက်မှာ ဘယ်လို ထုတ်ရောင်းမလဲ၊ ဘယ်လောက်ထုတ်ရောင်းမလဲ။ ရေရှည်မှာ အရံငွေအင်အားများလာအောင် ဘယ်လိုစုမလဲ၊ ကုန်သွယ်ရေးလိုငွေပြမှုကို ဘယ်လို ဖြေရှင်းသွားမလဲဆိုတဲ့ အချက်တွေကတော့ စိန်ခေါ်နေမြဲ ဖြစ်ပါတယ်။