ဥရောပစီးပွားရေးအင်အားကြီးနိုင်ငံဖြစ်သော ဂျာမနီနိုင်ငံမှ စီးပွားရေးကုမ္ပဏီကြီးများသည် မြန်မာ နိုင်ငံ တွင် ပိုမို ရင်းနှီးမြှုပ်နှံရန် အလားအလာကောင်းများရှိနေကြောင်း ဂျာမန်-မြန်မာ စီးပွားရေးကုန်သည်ကြီးများအသင်း အုပ်ချုပ်မှု ဒါရိုက်တာ Ms Monika Staerk က မေ၁၆ရက်နေ့ ပြည်တွင်း မီဒီယာများ နှင့်တွေ့ဆုံစဉ် ပြောကြားသည်။
ဂျာမန်ကုမ္ပဏီများအနေဖြင့် မြန်မာပြည်သို့ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လုပ်ကိုင်ရာတွင် မော်တော်ယာဉ်နှင့် ဆက်စပ် ပစ္စည်းများ ထုတ်လုပ်သည့်ကဏ္ဍ၊ အခြေခံ အဆောက်အဦများ ဆောက်လုပ်ရေးဆိုင်ရာ အထောက်အပံပစ္စည်း များထုတ် လုပ်သည့် ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားနေကြောင်း သိရှိရသည်။
“အခုလက်ရှိကတော့ စိတ်ဝင်တစားနဲ့ ဝင်ရောက်နေတာက အထည်ချုပ်ကဏ္ဍနဲ့ ခရီးသွားကဏ္ဍတွေမှာပါ။အနာဂတ်မှာ အလားအလာရှိတာကတော့ မော်တော်ယာဉ် ဆက်စပ်ပစ္စည်းတွေ ထုတ်လုပ်မှုအပိုင်းနဲ့ အခြေခံအဆောက်အဦဆိုင်ရာ ပံပိုးမှု ပစ္စည်းတွေ ထုတ်လုပ်မှု အပိုင်းတွေပါ” ဟု ပြောသည်။
လက်ရှိတွင် ဂျာမန်ကုမ္ပဏီ ၅ ခုသည် မြန်မာကုမ္ပဏီများနှင့် ဖက်စပ်လုပ်ကိုင်၍ စွမ်းအင်ကဏ္ဍ၊ အခြေခံ အဆောက်အဦ တည်ဆောက်ရေး ကဏ္ဍ၊ အထည်ချုပ်ကဏ္ဍနှင့် အခြားကဏ္ဍတို့တွင် လုပ်ကိုင်နေသည်များရှိကြောင်း၊ ဂျာမန်-မြန်မာ စီးပွားရေး ကုန်သည်ကြီးများအသင်းကို ထူထောင်ထားရာတွင် အသင်းဝင်ကုမ္ပဏီပေါင်း ၅၀ ကျော်ရှိနေပြီး ဂျာမန်-မြန်မာ ကုန်သွယ်ရေးအခြေအနေမှာလည်း သိသာစွာတိုးတက်လာကြောင်း အဆိုပါကုန်သည်ကြီးများအသင်းမှ သိရှိရသည်။
မြန်မာပြည်ဆိုင်ရာ ဂျာမန်သံရုံး၏ စီးပွားရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ အကြံပေး Ms Laura Ahrens က“၂နိုင်ငံ ကုန်သွယ် ရေး ပမာဏက တိုးလာပါတယ်။ ပြီးခဲ့တဲ့နှစ်က ဂျာမနီက မြန်မာကိုပို့တဲ့ ပို့ကုန်ပမာဏဟာ ယူရို ၁၃၀ မီလီယံ အထိရှိပြီး မြန်မာက ဂျာမနီကို တင်ပို့တာဟာ အမေရိကန်ဒေါ်လာ ၁၀၀ မီလီယံအထိ ရှိခဲ့ပါတယ်” ဟု ပြောသည်။
ကုန်သွယ်မှုတွင် ဂျာမနီနိုင်ငံမှ မြန်မာနိုင်ငံသို့ စက်ယန္တရား ပစ္စည်းများ၊ လျှက်စစ်နှင့် ဆက်စပ် ပစ္စည်း၊ ဓါတုဗေဒပစ္စည်းများ၊ မော်တော်ကားနှင့် ဆက်စပ်အပိုပစ္စည်း၊ ဆေးပစ္စည်းများအဓိက တင်ပို့လျက်ရှိကြောင်း သိရသည်။
ဂျာမန် ကုမ္ပဏီကြီးများ ဖြစ်သည့် Bayer ၊ BASF ၊ Henkel ၊ Siemens ၊ Bosch နှင့် Thyssenkrupp ကုမ္ပဏီများ က မြန်မာ နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်လာရန်ရှိသည့် လူသုံးကုန်နှင့် စက်မှုလုပ်ငန်းကဏ္ဍတို့တွင် ဝင်ရောက်ရင်းနှီးမြှုပ်နှံရန် ရှိနေ ကြောင်း အသင်းက ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံတွင် အသေးစားနှင့် အလတ်စားလုပ်ငန်း ၉၀ ရာခိုင်နှုန်းကျော်ရှိသည်နှင့် အညီ ဂျာမနီနိုင်ငံတွင်လည်း အသေး စား အလတ်စာလုပ်ငန်းများမှာ ၉၉ ဒသမ ၆ ရာခိုင်နှုန်းဖြစ်ကြောင်း၊ ထို့အတွက် အသေးစား၊အလတ်စား လုပ်ငန်း များကို ပံပိုးရေးနှင့် ထိုလုပ်ငန်းများ ဖွံ့ဖြိုးရေးကို အရေးတကြီးလုပ်ဆောင်သင့်ကြောင်း ဂျာမန်-မြန်မာကုန်သည်ကြီးများ အသင်းက အကြံပြုတိုက်တွန်းထားသည်။