ကျောက်စိမ်း ကျောက်မျက် ရောင်းရငွေ၏ ၂၅ ရာခိုင်နှုန်းအား အခွန်တိုးမြှင့်ကောက်ခံမည် ဆိုသောကြောင့် တနှစ်လျှင်တကြိမ် ကျင်းပသော နိုင်ငံခြားငွေဖြင့် ရောင်းချမည့် နေပြည်တော် ကျောက်မျက် ရတနာပြပွဲကို စိတ်ဝင်စားသူ နည်းပါးသွားကြောင်း မြန်မာနိုင်ငံ ကျောက်မျက် ရတနာ လုပ်ငန်းရှင်များအသင်း၏ ပြန်ကြားရေးနှင့် ဆက်သွယ်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးမြင့်ဟန်က ပြောသည်။
“အခွန်တိုးကောက်မယ်ဆိုတော့ ပြပွဲတင်ရောင်းရမယ့် ကျောက်တွေရဲ့ ၅၀ ရာခိုင်နှုန်းလောက်က မှောင်ခိုဘက် ရောက်သွားနိုင်တယ်၊ လုပ်ငန်းရှင်ကတော့ မကိုက်ရင် ကိုက်တဲ့လမ်းကပဲ သွားမှာပဲ။ အသင်း အနေနဲ့ ကျတော့လည်း အခုလို အခွန်နှုန်းမြှင့်လိုက်တော့ လုပ်ငန်းရှင်ဘက်ကိုလည်း ပြောအား မရှိတော့ဘူး” ဟု ၎င်းက ပြောသည်။
ယမန်နှစ် ပြပွဲများအထိ ပြသရောင်းချသည့် ကျောက်များအတွက် သတ္တုတွင်းဝန်ကြီးဌာန လက်အောက်ရှိ ပြပွဲကျင်းပရေး ကော်မတီက ကောက်ခံသည့် ရောင်းရငွေ၏ ၁၀ ရာခိုင်နှုန်းကိုသာ အခွန်အဖြစ် ပေးဆောင်ခဲ့ကြပြီး ယခုအခါ ဘဏ္ဍာရေးဝန်ကြီးဌာနက ကောက်ခံမည့် ကုန်သွယ်လုပ်ငန်းခွန် ၁၅ ရာခိုင်နှုန်းပါ ထပ်ပေါင်း ပေးဆောင်ရမည်ဟု ဆိုသည်။
၂၀၁၅ – ၂၀၁၆ ဘဏ္ဍာနှစ် ပြည်ထောင်စု အခွန်အကောက် ဥပဒေအရ ဘဏ္ဍာရေးဝန်ကြီးဌာနက ကျောက်စိမ်း ကျောက်မျက် အရိုင်းထည်ဆိုပါက ကုန်သွယ်လုပ်ငန်းခွန် ၁၅ ရာခိုင်နှုန်း၊ အချောထည်ဆိုပါက ၅ ရာခိုင်နှုန်း စည်းကြပ် ကောက်ခံသွားမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ပြည်တွင်းအခွန်များ ဦးစီးဌာနမှူးရုံး၏ ညွှန်ကြားရေးမှူး ဦးသန်းဇော်ဝင်းက ပြည်ထောင်စု အခွန်အကောက်ဥပဒေနှင့် ပတ်သတ်၍ မေလ ဒုတိယပတ်က မန္တလေး မြို့တော်ခန်းမတွင် ရှင်းလင်းပြောကြားခဲ့သည်။
နေပြည်တော်တွင် ဇွန် ၂၄ ရက်မှ ဇူလိုင် ၆ ရက်အထိ ကျင်းပမည့် ကျောက်မျက်ရတနာပြပွဲတွင် အခွန် ၂၅ ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံမည်ဟု ဆိုသောကြောင့် ပြသရောင်းချမည့် ကျောက်အတွဲ စာရင်းတင်သွင်းခြင်းသည် ယမန်နှစ်ပြပွဲတွင် စာရင်းပေးခဲ့သည့် ကျောက်အရေအတွက်၏ လေးပုံတပုံခန့် သာရှိကြောင်း ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း (မန္တလေး) မှ တာဝန်ရှိသူတဦးက ပြောသည်။
နေပြည်တော်၌ ၂၀၁၄ ခုနှစ်က ကျင်းပခဲ့သည့် ၅၁ ကြိမ်မြောက် ကျောက်မျက်ရတနာ ပြပွဲတွင် ကျောက် Log အတွဲပေါင်း ၈ သောင်းကျော် စာရင်းပေးခဲ့ပြီး ယခုနှစ်တွင်မူ မေလ ၁၈ ရက်အထိ စာရင်းပေးသည့် Log အတွဲပေါင်း ၂၈၀၀၀ ခန့်သာ ရှိသေးကြောင်း ၎င်းအသင်းရုံး၏ စာရင်းအရ သိရသည်။
“ကျောက်သမားတွေ အရောင်းအဝယ် မကောင်းတာ ကြာပါပြီ၊ အရင်းအနှီးက ကြီးသလို ရောင်းရငွေမှာ ပြန်ဆောင်ရတဲ့ အခွန်နှုန်းထားကြီးတော့ တဖြည်းဖြည်း အရင်းက ပျောက်သွားတယ်။ တရုတ်မှာ အခွန် သုံးဆယ်ရာခိုင်နှုန်း ကောက်တယ်ဆိုတာ သူတို့တွေ မန္တလေးဈေးကွက်ကို လာဝယ်ရင် ငွေလဲနှုန်းတွေရှိ သေးတယ်လေ” ဟု မန္တလေးမြို့ရှိ မိဘမေတ္တာ ကျောက်မျက်ရောင်းဝယ်ရေးမှ ဦးအေးက ပြောသည်။
၂၀၁၄ စက်တင်ဘာလမှ စတင်ကာ ကချင်ပြည်နယ် ဖားကန့်တွင် တရားဝင် ကျောက်တူးဖော်ခွင့် ပေးခဲ့သည့် ၈ လ တာကာလအတွင်း ကျောက်စိမ်းထွက်ရှိမှု၊ မိုးကုတ်မြို့မှ ကျောက်မျက်ရတနာ ထွက်ရှိမှုနှင့် ကျောက်စိမ်း ဈေးကွက်၏ အဓိကဖြစ်သော မန္တလေးနှင့် စစ်ကိုင်းတို့၏ အရောင်းအဝယ် အခြေအနေများအား အောက်ခြေ အဆင့်အထိ လေ့လာသုံးသပ်ပြီးမှ အခွန်တိုးမြှင့် ကောက်ခံခြင်းကို ဆုံးဖြတ်သင့်ကြောင်း ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း (စစ်ကိုင်းတိုင်း) ဥက္ကဋ္ဌ ဦးအောင်ကြီးက ပြောသည်။
တရုတ်အစိုးရ၏ မူဝါဒအချို့ကြောင့် မန္တလေး ကျောက်စိမ်းဈေးကွက်တွင် တရုတ်ကုန်သည်များ ရင်းနှီးမြှပ်နှံမှု နည်းသွားသည့်အတွက် ဈေးကွက်မှာလည်း အရောင်းအဝယ် အေးသွားသည်မှာ ၁ နှစ်ကျော် ကြာပြီဖြစ်ကြောင်း မန္တလေးဈေးကွက်အတွင်းရှိ ကျောက်လုပ်ငန်းရှင်များက ပြောသည်။
“ဈေးကွက်လည်း မကောင်းသလို ကျောက်ကောင်းလည်း မရှိတော့သလောက်ပါပဲ၊ ကိုယ့်နိုင်ငံက ကျောက်ထွက်ပေမဲ့ ဈေးကွက်ကျ သူများဆီမှာ ဖြစ်နေတယ်၊ ပြည်တွင်းမှာ ဈေးကွက်ဖွံ့ဖြိုးဖို့ အတွက်ဆိုရင် အခွန်ကောက်ခံသလို ဈေးကွက်ကိုလည်း ဖော်ဆောင်ပေးသင့်တယ်” ဟု ကျောက်ကုန်သည်တဦးက ပြောသည်။
ထို့အတွက် မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်းက ပြပွဲကျင်းပသည့် သတ္တုတွင်းဝန်ကြီး ဌာနသို့ ပေးဆောင်ရသည့် အခွန် ၁၀ ရာခိုင်နှုန်းတွင် ဘဏ္ဍာရေးဝန်ကြီးဌာနက ၇ ရာခိုင်နှုန်းနှင့် သတ္တုတွင်းဝန်ကြီးဌာန လက်အောက်ရှိ မြန်မာ့ကျောက်မျက် ရတနာလုပ်ငန်းအား ၃ ရာခိုင်နှုန်းပေးဆောင် ရခြင်းဖြစ်ရာ ၎င်းအနက် ဘဏ္ဍာရေး ဝန်ကြီးဌာနအား ပေးဆောင်ရသည့် ၇ ရာခိုင်နှုန်းသည် အခွန်နှစ်ထပ်ဖြစ်နေသောကြောင့် လျှော့ချပေးရန် ယခုအထိ တောင်းဆိုနေဆဲဖြစ်ကြောင်း မြန်မာနိုင်ငံ ကျောက်မျက် ရတနာ လုပ်ငန်းရှင်များအသင်း၏ ပြန်ကြားရေးနှင့် ဆက်သွယ်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးမြင့်ဟန်က ရှင်းပြသည်။
ဇွန်လ ၂၄ ရက်တွင် ကျင်းပမည့် ပြပွဲအတွက် မေလ ၁ ရက်မှ ၁၅ ရက်အထိ ပြပွဲတင်မည့် ကျောက်များအား ကြိုတင်စာရင်းတောင်းခြင်း၊ မေ ၁၈ ရက်မှ စတင်ကာ ကျောက်လက်ခံခြင်းတို့အား ဆောင်ရွက်သွားမည်ဖြစ်ပြီး ပြပွဲဝင်ကြေးများမှာလည်း ယခင် နှစ်အတိုင်းပင်ဖြစ်ကြောင်း ကျောက်မျက်ရတနာ လုပ်ငန်းရှင် များအသင်း (မန္တလေး) က ထုတ်ပြန် ကြေညာထားသည်။
နေပြည်တော်တွင် ကျောက်မျက်ရတနာ ပြပွဲများအား တနှစ်လျှင် နှစ်ကြိမ် နှစ်စဉ်ကျင်းပလျက်ရှိရာ နိုင်ငံခြားငွေ (ယူရို) ဖြင့်တပွဲ၊ မြန်မာကျပ်ငွေဖြင့် ရောင်းချသည့်ပွဲတပွဲ ပြုလုပ်ပေးပြီး နိုင်ငံခြားငွေဖြင့် ရောင်းချသည့် ကျောက်မျက် ရတနာပြပွဲတွင် ပုလဲ၊ နီလာ၊ ပတ္တမြား အစရှိသည့် ကျောက်မျက်ရတနာ အချောထည်များ သာမက အရည်အသွေးကောင်း ‘A’ အဆင့် ကျောက်စိမ်း အရိုင်းထည်များလည်း ပြသရောင်းချပြီး ဝယ်ယူသူအများစုမှာ တရုတ် ကုန်သည်များသာ ဖြစ်ကြောင်း မန္တလေးကျောက်ကုန်သည်များက ဆိုသည်။