အစိုးရက လုပ်ပိုင်ခွင့်ချပေးခဲ့သော ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ကွက်သစ်များမှ အမေရိကန် ဒေါ်လာ သန်း ချီပြီး ရရန် ရှိနေသော Signature Bonus များ လက်ရှိအချိန်တွင် မရရှိသေးကြောင်း မြန်မာ့ ရေနံနှင့် သဘာ၀ ဓာတ်ငွေ့ လုပ်ငန်း(MOGE)က ဧရာဝတီသို့ ပြောသည်။
Signature Bonus ဆိုသည်မှာ လုပ်ကွက်များ လုပ်ပိုင်ခွင့်ရထားသည့် ကုမ္ပဏီများက ၎င်းတို့၏ ရှာဖွေရေး အဆင့် စတင်မည့် အချိန်တွင် စွမ်းအင်ဝန်ကြီးဌာနနှင့် လက်မှတ်ရေးထိုးသည့်အခါ ပေးရသော သဘောတူမှု တခုဖြစ်သည်ဟု ဆိုသည်။
စွမ်းအင်ဝန်ကြီးဌာနက ရေနံနှင့် သဘာဝဓာတ်ငွေ့ ကုန်းတွင်းလုပ်ကွက်သစ် ၁၆ ကွက်နှင့် ကမ်းလွန် လုပ်ကွက် သစ် ၂၀ တို့ကို ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်နှင့် ၂၀၁၄ ခုနှစ်အတွင်း လုပ်ပိုင်ခွင့် ချထားပေးခဲ့ခြင်း ဖြစ်သည်။
အဆိုပါလုပ်ပိုင်ခွင့်ရသည့် ကုမ္ပဏီများသည် လက်ရှိအချိန်တွင် ပြင်ဆင်ရေးအဆင့်သာ ရောက်နေသေးကြောင်း၊ ရှာဖွေရေးအဆင့် သဘောတူမှု လက်မှတ်ထိုးပြီဆိုမှသာ Signature Bonus များရရှိမည်ဖြစ်ကြောင်း သိရသည်။
Signature Bonus ကြေးသည် တချို့ကုမ္ပဏီက အမေရိကန် ဒေါ်လာ ၁၅ သန်းခန့် ရှိပြီး ထို့ထက်များပြား နိုင်သည် ဟုလည်း ဆိုသည်။
MOGE မှ ညွှန်ကြားရေးမှူး တဦးက“Signature Bonus မှာ ဒေါ်လာ သန်း က ဈေးအမျိုးမျိုးရှိတာပေါ့။ လုပ်ကွက် အပေါ် ကြည့်ပြီးသူတို့က ပေးကြရတယ်၊ အခုထိတော့ လုပ်ကွက်အားလုံးဆီက ဘာမှမရသေးဘူး။ ရှာဖွေရေး အဆင့် သဘောတူမှု ရောက်ပြီဆိုမှ ကျနော်တို့ရမှာ”ဟု ပြောသည်။
ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ပိုင်ခွင့်ရသော ကုမ္ပဏီများ၏ ပြင်ဆင်ရေးကာလတွင် ကုန်းတွင်း လုပ်ကွက် များက ပိုမိုမြန်ဆန်ကြောင်း၊ ကမ်းလွန်လုပ်ကွက်များသည် ပြင်ဆင်ရေးကာလနှင့် လေ့လာစမ်းသပ်သည့် ကာလ ၁ နှစ်ခွဲ ၂ နှစ်အထိ ကြာမြင့်လေ့ရှိကြောင်းလည်း ၎င်းက ဆက်ပြောသည်။
“ကျနော်တို့ရရင် ကုန်းတွင်းလုပ်ကွက်တွေက အရင်စရမှာပါ။ ဒီနှစ်ထဲမှာ ရဖို့ရှိတယ်။ ကမ်းလွန်တွေကတော့ ရေတိမ်လုပ်ကွက်ဆို ၁ နှစ် ၆လ၊ ရေနက်လုပ်ကွက်ဆို ၂နှစ် အထိကြာပါတယ်”ဟု MOGE ညွှန်ကြားရေးမှူးက ပြောပြသည်။
စွမ်းအင် ဝန်ကြီးဌာနမှ လုပ်ပိုင်ခွင့်ရသွားသော လုပ်ကွက် ၃၆ ကွက်တွင် မြန်မာ ကုမ္ပဏီများနှင့်အတူ နိုင်ငံ တကာ မှ ကုမ္ပဏီ အများအပြားပါဝင်သည်။
ဘရူနိုင်း၊ အိန္ဒိယ၊ ကနေဒါ၊ မလေးရှား၊ ပါကစ္စတန်၊ အီတလီ၊ လူဇင်ဘတ်၊ ဗြိတိန်၊ ဟော်လန်၊ နော်ဝေ၊ ပြင်သစ် နိုင်ငံတို့ပါဝင်ပြီး အမေရိကန်ကုမ္ပဏီ Chevron လည်း ပါဝင်ခဲ့သည်။
သို့သော် ကမ်းလွန်လုပ်ကွက်များ၏ ရေနက်ပိုင်းလုပ်ကွက် ၁၀ ခုသည် နိုင်ငံခြားကုမ္ပဏီများသာ ဖြစ်ပြီး မြန်မာ ကုမ္ပဏီ တခုသာ ဖက်စပ်စနစ်ဖြင့် ပါဝင်လုပ်ကိုင်လျက် ရှိကြောင်း သိရသည်။
စွမ်းအင် ဝန်ကြီးဌာန၏ အချက်အလက်များအရ လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၏ ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ကွက်များမှ သဘာဝဓာတ်ငွေ့ ထုတ်လုပ်သည့်ပမာဏမှာ နေ့စဉ် ထိုင်းနိုင်ငံသို့ ကုဗပေ ၁.၄ ဘီလီယံ တင်ပို့နေပြီး တရုတ်နိုင်ငံသို့ ကုဗပေ ဝ.၃ ဘီလီယံ တင်ပို့ လျက်ရှိကြောင်း၊ ပြည်တွင်းသို့ နေ့စဉ်တင်ပို့သည့် ပမာဏသည် ကုဗပေ သန်း ၃၀၀ သာ ရှိကြောင်း သိရသည်။
ပြည်တွင်းသို့ ပေးနေသည့် လုပ်ကွက်များမှာ ရတနာ၊ ဇောတိက နှင့် ရွှေလုပ်ကွက်များ ဖြစ်သည်။
ယင်း သဘာ၀ ဓာတ်ငွေ့သည် ပြည်တွင်း၌ လောက်ငမှုမရှိ၍ လုပ်ငန်းရှင်များက ပြန်လည်ရောင်းချပေးရန် အစိုးရ တာဝန်ရှိသူများသို့ တင်ပြတောင်းဆိုမှုများ ရှိသော်လည်း ပေးနိုင်ခြင်း မရှိသေးပေ။
ယင်းသို့သော အခြေအနေ ရှိနေသောကြောင့် ယခုအစိုးရသစ်လက်ထက်တွင် လုပ်ပိုင်ခွင့် ချပေးခဲ့သော ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ကွက်များမှ ထွက်ရှိလာသည့် စွမ်းအင်ကို ပြည်တွင်းသုံးစွဲမှုအတွက် ဦးစွာ ယူသွားမည်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဇေယျာအောင်က ပြောဆိုထားသည်။