လူတရပ်စာရှိ အဖြူရောင်လေးထောင့် ကျောက်တုံးကြီးကို မျက်နှာမူပြီး အသက်နှစ်ဆယ်ခန့်အရွယ် အမျိုးသားငယ်တဦးက လွှသွားပုံ ကျောက်ဖြတ်စက်နှင့် ဖြတ်တိုက်လိုက်ချိန်တွင် ကျောက်စများနှင့်အတူ အဖြူရောင်အမှုန့်များ လေထုထဲကိုဖွေးခနဲ တက်လာသည်။
ထိုအဖြူရောင် အမှုန့်များကြောင့် ကျောက် ဖြတ်စက်ကိုင်ထားသော အမျိုးသားငယ်၏ ဆံစမှ ခြေဖျားအထိ တကိုယ်လုံး ဖွေးဖွေးဖြူသွားသည်။ အမျိုးသားငယ် စိတ်ရှည်လက်ရှည် ပုံဖော်ထုဆစ်မှု ကြောင့် အဖြူရောင် လေးထောင့်ကျောက်တုံးကြီး သည် ဗုဒ္ဓမြတ်စွာဘုရား ထိုင်လျက်သီတင်းသုံးနေဟန် ရုပ်ပွားတော်မြတ် ပုံသဏ္ဌာန် တဖြည်းဖြည်း ပုံပေါ် လာသည်။
ထိုမြင်ကွင်းသည် မြန်မာပြည်တွင်း၌ သာမက အိမ်နီးချင်း ပြည်ပနိုင်ငံများအတွက် ကိုးကွယ်ရာ ဘာသာအလိုက် ဆင်းတုရုပ်ပွားတော်များ၊ သိမ်တိုင်၊ ကျောက်စာတိုင်များ အစရှိသည့် လုပ်ငန်းများကို အဓိကလုပ်ကိုင်ရာ မန္တလေးတိုင်း မတ္တရာမြို့နယ် အတွင်းရှိ စကျင်ရွာမှ ကျောက်ဆစ်လုပ်ငန်းခွင် တခုပင်ဖြစ်သည်။
လွန်ခဲ့သည့် ရှေးနှစ်ပေါင်းများစွာ ကတည်းက စကျင်ရွာမှ ထွက်ရှိသည့် ကျောက်များဖြင့် ထုဆစ် ပူဇော်ခဲ့သော အထင်ကရ ဘုရားများဖြစ်သည့် အလေးချိန် ပိသာတသောင်းကျော်ရှိသော မန္တလေး ကျောက်တော်ကြီးဘုရား၊ အမရပူရ ကျောက်တော် ကြီးဘုရားတို့သည် ကုန်းဘောင်ခေတ်၏ အထင်ရှား ဆုံးလက်ရာများဖြစ်ပြီး ယနေ့ထိ ဖူးမြော်နိုင်ဆဲပင် ဖြစ်သည်။
စကျင်ရွာလေးသည် မတ္တရာမြို့ အနောက် မြောက်ဘက် ခြောက်မိုင်ခန့်အကွာတွင် တည်ရှိပြီး ရွာ၏ သုံးပုံတပုံခန့်သာ လယ်ယာလုပ်ငန်း လုပ်ကိုင် ကြပြီး ရွာသားအများစုသည် ကျောက်ဆစ်လုပ်ငန်းကို လုပ်ကိုင်လျက် ရှိကြသည်။ ထို့ကြောင့် စကျင်ရွာနှင့် ကျောက်ဆစ်လုပ်ငန်းမှာ ခွဲ၍မရပေ။ မတ္တရာမြို့မှ ဆိုင်ကယ်ဖြင့် နာရီဝက်သာသာ သွားမည်ဆိုပါက မညီမညာ ခင်းထားသော ကျောက်လမ်းများကို ဖြတ်ကျော်ပြီး စကျင်ရွာသို့ ရောက်ရှိမည်ဖြစ်သည်။
စကျင်ရွာတွင် အိမ်ခြေတထောင်ကျော်ရှိပြီး လူဦးရေအားဖြင့် ငါးထောင်ကျော်ရှိသည်။ အဓိက အသက်မွေးကျောင်းမှု လုပ်ငန်းဖြစ်သည့် ကျောက် ဆစ်လုပ်ငန်းအတွက် စကျင်တောင်ကြီးများသည် ပင်မအသက်သွေးကြော ဖြစ်သကဲ့သို့ ရွာအနီး ပတ်ဝန်းကျင်ရှိ စကျင်တောင်ငယ်များသည် ရွာသား များအတွက် အဓိက ကုန်ကြမ်းထုတ်ပေးရာ နေရာ တခုလည်း ဖြစ်သည်။
“ဒီထက် ပင်ရင်းကျတာတော့ မရှိတော့ဘူး။ လူတော်တော်များများက မန္တလေးဘုရားကြီး ကျောက်ဆစ်တန်းကို ပင်ရင်းလို့ ထင်ကြပေမယ့် အဓိက ကုန်ကြမ်းရော၊ ကုန်ချောပါထွက်တဲ့ နေရာက ဦးလေးတို့ရွာပါ” ကျောက်ဆစ်လုပ်ငန်းကို မိရိုးဖလာ လုပ်ငန်းအဖြစ် လုပ်ကိုင်လာခဲ့သည့် အသက်ခြောက် ဆယ်အရွယ် ဦးညွန့်ဝေက ဂုဏ်ယူဝင့်ြွကားစွာ ပြော ဆိုသည်။
ပန်းဆယ်မျိုးတွင် တမျိုးအပါအဝင်ဖြစ်သည့် ပန်းတမော့လုပ်ငန်း သို့မဟုတ် စကျင်ကျောက်တုံးကြီးများကို အသေးစိတ် ပုံဖော်ထုဆစ်ရသည့် ကျောက်ဆစ် လုပ်ငန်းကို မိဘများထံမှ လူပျိုပေါက်အရွယ်ကတည်း ကသင်ယူပြီး ယနေ့အထိ လုပ်ကိုင် အသက်မွေးမြူ နေဆဲဖြစ်ကာ ၎င်း၏ ကျောက်ဆစ်ပညာအမွေကို သားနှစ်ယောက်ထံ ဆက်ခံစေပြီး မိသားစု၏ အဓိကလုပ်ငန်းအဖြစ် ဆက်လက်လုပ်ကိုင်နေကြောင်း ဦးညွန့်ဝေက ဆိုသည်။
စကျင်ရွာဝအနီး စက်မှုဝန်ကြီးဌာန လက် အောက်ရှိ မြန်မာ့ကျောက်ပြား စက်ရုံအမှတ် ၂ ရှိရာ ဝင်းကြီးအတွင်းသို့ ဝင်လိုက်မည်ဆိုပါက ကြီးမား ကျယ်ပြန့်သည့် စကျင်ကျောက်တောင်ကြီး သုံး တောင်က ဆီးကြိုနေသည်ကို တွေ့ရသည်။
ရွာဓလေ့ အခေါ်အဝေါ်အရ ထိုစကျင်တောင် သုံးတောင်ကို မကြီး၊ မလတ်၊ မငယ်တောင်ဟု ခေါ် ကြပြီး မကြီးနှင့် မလတ်တောင်တွင်သာ ကျောက် ဆစ်လုပ်ငန်းအသုံးပြုရန် ခွင့်ပြုထားပြီး မငယ်တောင် တွင်မူ ဘုရားတည်ကာ သာသနာမြေအဖြစ်လျှောက် ထားသည့် လုပ်ငန်းကင်းလွတ်ခွင့် ရထားသည့် တောင်ဖြစ်သည်။
ကျောက်ဆစ်လုပ်ငန်းအတွက် အဓိကဖြစ်သည့် ကုန်ကြမ်းကို ကျောက်တူးထုတ်လုပ်ခွင့် လေလံရရှိ ထားသူများထံမှ လည်းကောင်း၊ စက်မှုဝန်ကြီးဌာနမှ ပြန်လည်ရောင်းချသည့် စကျင်ကျောက် တန်အတွဲ လိုက်ကိုလည်းကောင်း ပြန်လည်ဝယ်ယူပြီး လုပ်ငန်း လုပ်ကိုင်ကြရသည်ဟု စကျင်ရွာသားများကပြောသည်။
အနီးဝန်းကျင်ရှိ စကျင်ကျောက်တောင်များမှ ကျောက်တူးခွင့်လိုင်စင်အား အစိုးရက တနှစ်တကြိမ် လေလံချထားပေးပြီး ကုန်ကြမ်းထုတ်လုပ်လိုသူတိုင်း လေလံလျှောက်ထားနိုင်ရန် သတ္တုတွင်းဝန်ကြီးဌာနက ညွှန်ကြားထားကြောင်း ၎င်းတို့ကဆိုသည်။
တောင်သုံးတောင်အနက် ကျောက်တူးဖော်ခွင့် ပြုထားသည့် ကျောက်တောင်နှစ်ခုတွင် တခုကို မြန်မာ့စီးပွားရေး ဦးပိုင်လီမီတက်နှင့် MEC ကလည်းကောင်း၊ ကျန်တခုကို ပြည်ထောင်စုဝန်ကြီး တဦး၏ နီးစပ်သည့် အသိုင်းအဝိုင်းက လုပ်ပိုင်ခွင့် ရထားသည်ဟု စကျင်ရွာသားများက ပြောဆိုသည်။
စကျင်ကျောက်အား အသေးစိတ် ပုံဖော်ထုဆစ်ရသည့် ကျောက်ဆစ်လုပ်ငန်းပညာအား သင်တန်း ကျောင်းအဖြစ် တိတိပပ မရှိသော်လည်း ဘိုးစဉ် ဘောင်ဆက် သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာအဖြစ် လက်ဆင့်ကမ်းသင်ကြားပေးသော ပညာနှင့်လုပ်ငန်း လုပ်သက် အတွေ့အကြုံတို့ကို ပေါင်းစပ်ကာ အသက် မွေးဝမ်းကျောင်းသည်အထိ လုပ်ကိုင်နိုင်သည်။ ဉာဏ်ရည်ထက်မြက်သူဆိုပါက ငါးနှစ်အတွင်း ကျောက်ဆစ်ဆရာတဦးအဖြစ် ရပ်တည်နိုင်သည် အထိ သင်ကြားနိုင်သည်ဟု သိရသည်။
“ကျောက်ဆစ်ဆိုတာ စာပေပညာလိုပါပဲ၊ ပညာကုန်သွားတယ်ဆိုတာ မရှိပါဘူး။ လေ့လာရင်း လိုက်စားရင်းနဲ့ ပညာက တဖြည်းဖြည်း တိုးပွားလာ တာပါပဲ” ဟု စကျင်ရွာခံတဦးက ဆိုသည်။
တတောင်အမြင့် ဘုရားငယ်တဆူကို စကျင် ကျောက်ဖြင့် အပြီးအစီး ထုလုပ်ရန်အတွက် အချိန် သုံးရက်သာလိုအပ်ပြီး လုပ်ခမှာ ပုတ်ပြတ်ဖြင့် တဆူ လျှင် နှစ်သောင်းကျပ် ရရှိကြောင်း စကျင်ရွာမှ ကျောက်ဆစ်လုပ်သားတဦးက ပြောသည်။
ယခင်က မန္တလေးကျောက်ဆစ်တန်းဈေးကွက် တခုတည်းကိုသာ မှီခိုခဲ့ရသော်လည်း လွန်ခဲ့သည့် ငါးနှစ်ခန့်မှ စတင်ကာ တရုတ်ကုန်သည်များက ရွာအထိ တိုက်ရိုက်ဆင်းဝယ်သဖြင့် တရုတ်ပြည်နှင့် ဈေးကွက်ရရှိပြီးဖြစ်သည်ဟု စကျင်ရွာမှ ကျောက် ဆစ်လုပ်ငန်း လုပ်ကိုင်သူများက ပြောဆိုသည်။
ယခုအခါတွင် ဈေးကွက်ကျယ်ပြန့်လာပြီး မြန်မာ-တရုတ်နယ်စပ် မူဆယ်၊ ရွှေလီမှသည် ထိုင်ဝမ်၊ ဟောင်ကောင် တရုတ်ပြည် တကြောသာမက ထိုင်း- မြန်မာနယ်စပ် မြဝတီ၊ တာချီလိတ် အပြင် မဲဆောက်နှင့် ဗီယက်နမ်နိုင်ငံတို့ပါ တင်ပို့ရနေရ သည်ဟု ၎င်းတို့ကပြောသည်။
“အရင်တုန်းကတော့ မန္တလေး ကျောက်ဆစ် တန်းက ဈေးကွက်ကို ပိတ်ထားတယ်၊ အခုကျတော့ ပိုအဆင်ပြေသွားပြီ၊ တရုတ်ပြည်နဲ့ တိုက်ရိုက်ဈေးကွက် ဖြစ်သွားတယ်” ဟု စကျင်ရွာမှ ကျောက်ဆစ် လုပ်ငန်းရှင် ဦးဖိုးထာက ပြောသည်။
သို့ရာတွင် စကျင်ရွာမှ ကျောက်ဆစ်လုပ်ငန်းရှင် များအနေဖြင့် ယခင်ကကဲ့သို့ ပြည်တွင်းဈေးကွက် ချည်းသာ မမှီခိုရဘဲ တရုတ်ဈေးကွက်သို့ပါ တိုက်ရိုက် တင်ပို့နိုင်သည့်အတွက် အကျိုးအမြတ် ပိုမိုဖြစ်ထွန်း လာသော်လည်း တနေ့ထက်တနေ့ အရည်အသွေး ကောင်းသည့်ကုန်ကြမ်း ရှားပါးလာခြင်းသည် ကျောက် ဆစ်လုပ်ငန်းအတွက် အကြီးမားဆုံး စိန်ခေါ်မှု ဖြစ်လာသည်ဟု စကျင်ရွာသားများက ပြောဆိုကြ သည်။
ထို့အတွက် ရွာခံလူကြီးတချို့က ယခင်အစိုးရ လက်ထက်က ရွာသားများ လုပ်ပိုင်ခွင့်ရရှိထားသည့် ကျောက်တောင်ကြီးအား ယနေ့အချိန်၌ ပြန်လည် ရရှိရန် ဆောင်ရွက်နေကြောင်း သိရသည်။
ပြီးခဲ့သည့်နှစ်က တရုတ်ကုမ္ပဏီတခုက လုပ် ပိုင်ခွင့်ရရှိသွားခဲ့သည့် စကျင်ရွာ အဝင်ဝရှိ စကျင် ကျောက်တောင်သည် တနှစ်အတွင်း ပျောက်သွားသည့် အတွက် စကျင်ရွာသားများ ယနေ့ထိ အံ့ဩမဆုံး ဖြစ်နေကြရကြောင်း ၎င်းတို့ကပြောသည်။
“ပေါင်မုန့်ကို ဓားနဲ့ လှီးချလိုက်သလိုပါပဲ၊ ကျောက်တောင်ကြီးက တနှစ်လောက်အတွင်းမှာပဲ မျက်စိရှေ့က ပျောက်သွားတယ်” ဟု အဆိုပါ ကျောက်တောင်နှင့် ပတ်သက်ပြီး စကျင်ရွာခံတဦးက မှတ်ချက်ပြု ပြောသည်။
အစိုးရသစ်လက်ထပ်တွင် ကျောက်ဆစ်လုပ် ငန်းသည် ဈေးကွက်အရ ကျယ်ပြန့်လာသော်လည်း ကုန်ကြမ်းရရှိရန် အရင်းအနှီးကြီးလာခြင်း၊ အရည် အသွေးကောင်းသည့် ပထမတန်းစား စကျင်ကျောက် ရှားပါးလာခြင်းတို့က မိရိုးဖလာ မြန်မာ့လက်မှုပညာ တရပ်ဖြစ်သည့် ကျောက်ဆစ်လုပ်ငန်း သားစဉ် မြေးဆက် ရပ်တည်နိုင်ရန်အတွက် ထည့်သွင်း စဉ်းစားရန် လိုအပ်လာသည့် အချက်ဖြစ်လာသည်ဟု စကျင်ရွာသားအချို့က ပြောသည်။
လွန်ခဲ့သည့် ဆယ်နှစ်ခန့်က တကုဗပေလျှင် ငွေကျပ် ၄ သောင်းဖြင့် ဝယ်ယူနိုင်သည့် စကျင် ကျောက်သည် ယခုအခါ ကျောက်တတန်လျှင် (တတန်-ကုဗပေ ၄၀) ငွေကျပ် ၁၅ သိန်းဖြင့် ဝယ်ယူ ရသဖြင့် ကုန်ကြမ်းဈေးအရ ကြီးကြီးမားမားကွာခြား မှုမရှိသော်လည်း လိုအပ်သည့် ပထမတန်းစား ကျောက်အရည်အသွေးမျိုး ရရှိနိုင်ရန် ခဲယဉ်းသွား သည်ဟု ၎င်းတို့က ဆိုကြသည်။
ဈေးကွက်ဝယ်လိုအားနောက် လိုက်ပါရင်း သဘာဝသယံဇာတ အရင်းအမြစ်များ ပြုန်းတီးပြီး တဖြည်းဖြည်း ပျောက်ကွယ်သွားပါက မိရိုးဖလာ လုပ်ငန်းဖြစ်သည့် ကျောက်ဆစ်လုပ်ငန်းကိုပါ ထိခိုက်လာနိုင်သည့်အတွက် ဒေသခံရွာသားများ သာမက သက်ဆိုင်ရာ တာဝန်ရှိသူများက ရေရှည် အစီအမံများ ချမှတ်ဆောင်ရွက်ရန် လိုအပ်နေပြီ ဖြစ်သည်ဟု စကျင်ရွာသားများက ပြောကြသည်။
“ကျနော်တို့ မြေးမြစ်တွေ လက်ထက်အထိ ဒီကျောက်တောင်ကြီးတွေ ရှိနေဦးမယ်ဆိုတာက သိပ်မသေချာတော့ဘူး ထင်ပါတယ်” ဟု ဦးဖိုးထာက ၎င်း၏အိမ်ဝိုင်းထဲရှိ စကျင်ကျောက်ပုံကြီးကို ကြည့် လျက် ဝမ်းနည်းစွာပြောဆိုသည်။