ယခုအချိန်သည် ပုဂ္ဂလိကပိုင် အာမခံလုပ်ငန်း ကဏ္ဍက မြန်မာနိုင်ငံတွင် စတင်ဖြစ်ထွန်းလာစ ရှိသေးသည်။ ပြီးခဲ့သော ၂ နှစ်အတွင်းတွင် အစိုးရက ပုဂ္ဂလိက လုပ်ငန်းရှင်များကို အသိအမှတ်ပြုလုပ်ကိုင်ခွင့် ပေးခဲ့သော်လည်း ပုဂ္ဂလိက အာမခံ ကုမ္ပဏီများသည် တိုင်းပြည်၏ အပြောင်းအလဲများသော စီးပွားရေး အခြေအနေကြောင့် ရပ်တည်နိုင်ရေးအတွက် အခက် အခဲများနှင့် ရင် ဆိုင် နေကြရသည်။ နောက်ထပ်အခက်အခဲ တခုမှာ အာမခံထားခြင်းက မကောင်းသော ကံကြမ္မာများ ယူဆောင်လာလိမ့် မည်ဟု အစဉ်အလာ ယုံကြည်မှုများ ရှိနေခြင်းကြောင့်လည်းဖြစ်သည်။ KBZ ကုမ္ပဏီများအုပ်စုမှ မန်နေးဂျင်းဒါရိုက်တာ ဦးညိုမြင့်နှင့် ဧရာဝတီက မကြာသေးမီက တွေ့ဆုံမေးမြန်းခဲ့ရာတွင် မြန်မာ နိုင်ငံမှ အာမခံလုပ်ငန်း ကဏ္ဍ၏ အလားအလာနှင့် စိန်ခေါ်မှုများ အကြောင်းကို သူကပြောပြခဲ့ပါသည်။
မေး။ ။ ပြီးခဲ့တဲ့ ၂ နှစ်အတွင်းမှာ အစိုးရက ပုဂ္ဂလိက အာမခံကုမ္ပဏီ ၁၀ ခုကျော်ကို လုပ်ငန်းလုပ်ကိုင်ခွင့်ပြုခဲ့ပါတယ်။ ဒါပေမယ့် ဒီလုပ်ငန်း ကဏ္ဍက ခုချိန်ထိဖွံ့ဖြိုးမလာသေးဘူး။ မြန်မာနိုင်ငံရဲ့ လက်ရှိစီးပွားရေး အခြေအနေမှာ အာမခံ လုပ် ငန်းရှင်တွေ ရှင်သန်နိုင်ပါ့မလား။
ဖြေ။ ။ ၁၉၆၂ ခုနှစ်ကစလို့ အစိုးရပိုင် မြန်မာ့အာမခံလုပ်ငန်းက ပေးတဲ့ အာမခံ အမျိုးအစား ၄၈မျိုး ရှိပါတယ်။ အစိုးရ က အားလုံးကို နှစ်ပေါင်းများစွာ ထိန်းချုပ်ထားခဲ့တယ်။ ဒါကြောင့် အာမခံလုပ်ငန်းက ပြည်သူတွေထဲကို ထိထိ ရောက် ရောက် မရောက်ခဲ့ဘူးလို့ပြောလို့ရတယ်။ ဥပမာပြောရရင် အသက်အာမခံက တခြားနိုင်ငံတွေမှာ အရမ်းခေတ်စားတယ်။ တကယ် လို့ တစုံတယောက်မှာ အသက်အာမခံရှိတယ်ဆိုရင် သူသေသွားတဲ့အခါ သူ့ရဲ့ အနီးစပ်ဆုံး ဆွေမျိုးက အကျိုး ကျေးဇူး ခံစားရမယ်။ သူတို့ကို အသက်အာမခံ ကုမ္ပဏီက လျော်ကြေးငွေပေးလိမ့်မယ်။ ဒါကြောင့် အသက်အာမခံက တခြားနိုင်ငံတွေမှာ လူ ကြိုက်များတယ်။ နောက်ပြီးတော့ အသက် အာမခံမဟုတ်တဲ့ တခြား အာမခံတွေလည်း ရှိပါတယ်။ ဒုတိယ အဆင့် အနေ နဲ့ မီးအာမခံလို၊ မော်တော်ယာဉ် အာမခံလိုမျိုးပေါ့။ အရင်တုန်းက ဆိုရင် မြန်မာ့ အာမခံလုပ်ငန်းက ပြိုင်ဘက်မရှိဘူး။ ဒါ ကြောင့် ဝန်ဆောင်မှုက အခြားတိုင်းပြည်တွေလောက် မကောင်းခဲ့ဘူး။
လွန်ခဲ့တဲ့ ၃ နှစ်လောက်တုန်းက ပုဂ္ဂလိက ကဏ္ဍကို အစိုးရက ဖိတ်ခေါ်ခဲ့တယ်။ ပုဂ္ဂလိက ကုမ္ပဏီတွေအတွက် လိုအပ် တဲ့ အရင်းအနှီးက မြင့်မားပါတယ်။ ဒါကြောင့် လိုင်စင်တွေ အများကြီး မလျှောက်နိုင်ခဲ့ကြဘူး။ အခုလိုင်စင်ရတဲ့ အာမခံ ကုမ္ပဏီ ၁၁ ခုမှာ ၆ခု ကပဲ အသက်အာမခံနဲ့ အခြားအာမခံတွေပေးနိုင်တယ်။ ကျန်တဲ့ ကုမ္ပဏီတွေက အသက်အာမခံပဲ လုပ်နိုင်ကြ တယ်။ အသက်အာမခံပဲ ပေးနိုင်တဲ့ အဲဒီကုမ္ပဏီ ၅ခုက ခုထိအောင်မြင်မှုသိပ်မရကြသေးဘူးလို့ ကျနော်ပြောနိုင်ပါတယ်။ ကျန်တဲ့ ကု မ္ပ ဏီတွေကတော့ အဆင်ပြေပြေလုပ်နေကြပါတယ်။ အသက်အာမခံ မဟုတ်တဲ့ အခြား အာမခံတွေထဲမှာ မီးအာမခံက စာ ရင်းမှာ ထိပ်ဆုံးမှာ ရှိပါတယ်။ အဲဒါပြီးရင်တော့ အလုံးစုံ မော်တော်ယာဉ် အာမခံဖြစ်ပါတယ်။
မေး။ ။ အာမခံ အမျိုးအစား ၄၈ မျိုးထဲက ပုဂ္ဂလိက ကုမ္ပဏီတွေကို ဘယ်နှစ်မျိုး လုပ်ခွင့်ပေးထားပါသလဲ။
ဖြေ။ ။ အမှန်တကယ်အားဖြင့် ကျနော်တို့ကို ၇ မျိုးပဲ လုပ်ခွင့်ပေးထားပါတယ်။ ဒါပေမယ့် အသက် အာမခံကိုတော့ တဦးချင်း၊ အစုအဖွဲ့လိုက်၊ အားကစား၊ မြွေအန္တရာယ် အစရှိသဖြင့် အနည်းငယ်ထပ်ခွဲလို့ရပါတယ်။ အသက် အာမခံ မဟုတ်တဲ့ အာမခံ အမျိုးအစားကတော့ ၆ခု ရှိပါတယ်။ အဲဒီထဲမှာ မီးအာမခံနဲ့ မော်တော်ယာဉ် အာမခံက လူကြိုက်များ ပါတယ်။ ငွေပို့ ငွေလွှဲအာမခံ၊ ငွေသားလုံခြုံမှုအာမခံ နဲ့ သမာဓိအာမခံတို့ ဖြစ်ပါတယ်။ ပြီးရင်တော့ ခရီးသွားအာမခံ ရှိပါ တယ်။
ခရီးသွား အာမခံက စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ဘာကြောင့်လဲဆိုတော့ လက်မှတ်ခအပြင် ငွေ ၃၀၀ လောက်ထပ်ပေး ရုံနဲ့ ထားနိုင်လို့ ဖြစ်ပါတယ်။ တကယ်လို့ ခရီးသွားရင်း သေဆုံးသွားမယ်ဆိုရင် သူနဲ့ အနီးဆုံးဆွေမျိုးက လျော်ကြေး ကျပ် ၃ သန်းရမှာဖြစ်ပါတယ်။ ခရီးသည်က နောက်ထပ် အပို အာမခံဝယ်မယ်ဆိုရင် လျော်ကြေးက ကျပ် ၆သန်းအထိရနိုင် ပါ တယ်။
မေး။ ။ အစိုးရက ပုဂ္ဂလိက လုပ်ငန်းရှင်တွေကို လုပ်ခွင့် မပေးသေးတဲ့ အာမခံတွေထဲက ဘယ်လိုအမျိုးအစားတွေကို လုပ်ချင်ပါသလဲ။
ဖြေ။ ။ နည်းနည်းတော့ရှိပါတယ်။ ရေကြောင်း ပို့ကုန်ပစ္စည်း အာမခံပါ။ ကျနော်တို့ကို မကြာခင် ခွင့်ပြုလိမ့်မယ်လို့ မျှော် လင့်ထားပါတယ်။ နောက်ပြီးတော့ လေကြောင်း အာမခံဖြစ်ပါတယ်။ ကျနော်တို့ အတွက် အရေးကြီးတာက ထပ်ဆင့် အာ မခံ (Re-Insurance) ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် ကျနော်တို့က ပမာဏ များတဲ့ အာမခံတခု ရောင်းတော့မယ်ဆိုရင် ကျနော် တို့ ချည်းပဲ မလုပ်ပါ ဘူး။ တခြား အာမခံလုပ်ငန်းတွေနဲ့တွဲပြီး လုပ်ပါတယ်။ ကျနော်တို့ နိုင်ငံခြား အာမခံ ကုမ္ပဏီ တွေနဲ့ အလုပ်လုပ်လေ့ ရှိ ပါတယ်။ အခုအချိန်မှာ မြန်မာနိုင်ငံကို နိုင်ငံခြားကုမ္ပဏီတွေ အမြောက်အများဝင်လာနေတဲ့ အတွက် အစိုးရက ကျနော် တို့ကို ဒီ ထပ်ဆင့် အာမခံကို ခွင့်ပြုပေးသင့်ပါတယ်။ အခု ကျနော်တို့ အခု ပူးပေါင်း အာမခံ (Co-Insurance) လုပ်ဖို့ ကြိုးစားနေပါတယ်။ တကယ်လို့ အာမခံ တန်ဖိုး ကျပ် သန်း၅၀၀ ထက်ကျော်ရင် အသက်အာမ ခံ မဟုတ်တဲ့ အာမခံပေးတဲ့ ကုမ္ပဏီတွေက ဒါကိုကာမိဖို့ အတွက် မြန်မာ့ အာမခံလုပ်ငန်းနဲ့ ပူးပေါင်းပြီး လုပ်ရပါလိမ့်မယ်။ အခုအချိန်အထိတော့ ဒါက အဆင်ပြေနေပါတယ်။ ဒါပေမယ့် ကျနော်တို့ ပိုပြီးတိုးတက်ဖို့ လိုပါတယ်။
မေး။ ။ အနာဂတ်မှာ အာမခံလုပ်ငန်း စီးပွားရေး ကောင်းမွန်လာရေးအတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ အများအပြား ရှိလာမယ်လို့ မျှော်လင့်ပါသလား။
ဖြေ။ ။ ကျနော်တို့ ချည်းပဲ လုပ်လို့မရပါဘူး။ နိုင်ငံခြားကုမ္ပဏီတွေကလာနေတယ်။ ဒါကြောင့် အစိုးရက ထပ်ဆင့် အာ မ ခံကို ခွင့်ပြုပေးဖို့ လိုပါတယ်။ ခွင့်ပြုပေးမယ်ဆိုရင် နိုင်ငံခြား ကုမ္ပဏီတွေ ဘယ်လောက်များများ ကျနော်တို့က ထပ်ဆင့် အာမခံထားပြီးတော့ နိုင်ငံခြား အာမခံကုမ္ပဏီတွေနဲ့ အလုပ်လုပ်လို့ ရပါပြီ။ အခုဆိုရင် အစိုးရက နိုင်ငံခြား ဘဏ်တွေနဲ့ အထူးစီးပွားရေး ဇုန်တွေကို ခွင့်ပြုပေးနေပါတယ်။ တကယ်လို့ ကျနော်တို့က နိုင်ငံခြား ကုမ္ပဏီတွေနဲ့ ယှဉ်ပြိုင်နေတယ် ဆိုရင် ကျနော်တို့ နစ်နာနိုင်ပါတယ်။ ဒါကြောင့် အစိုးရက ပြည်တွင်း ကုမ္ပဏီတွေကို ကာကွယ်ပေးဖို့လိုပါတယ်။
မေး။ ။ အာမခံလုပ်ငန်း ကဏ္ဍမှာ အကြီးမားဆုံး စိန်ခေါ်မှုတွေက ဘာတွေပါလဲ။
ဖြေ။ ။ ကျနော်ပြောခဲ့သလိုပါပဲ။ ထပ်ဆင့်အာမခံ စည်းမျဉ်းတွေပါ။ နောက်ထပ် စိန်ခေါ်မှုတခုက မြန်မာ့ အာမခံ လုပ် ငန်း က ဒီလုပ်ငန်းကဏ္ဍကို စီမံခန့်ခွဲတဲ့ အာဏာပိုင် အဖွဲ့အစည်း ဖြစ်သလို လုပ်ငန်းလုပ်နေတဲ့ အဖွဲ့အစည်းလည်း ဖြစ်နေ တာပါ ပဲ။ မြန်မာ့ အာမခံလုပ်ငန်းက အခွင့်အလမ်းကောင်းတွေ အများကြီး ရှိနေပြီး ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီမှာ နှစ် ပေါင်းများစွာ လုပ်လာခဲ့လို့ ဖြစ်ပါတယ်။ တခြားအခွင့် အရေးတွေ ထပ်မယူသင့်တော့ပါဘူး။
ကျနော်တို့က အတွေ့အကြုံမရှိသေးဘူး။ ဒါကြောင့် သူတို့ ဆက်လက်ထိန်းကျောင်းနေရတယ်လို့ သူတို့ကပြောပါတယ်။ အခု ကျနော်တို့မှာ အတွေ့အကြုံ အနည်းငယ်ရနေပါပြီ။ ဒါကြောင့် ကျနော်တို့ကို ဒီအတွေ့အကြုံတွေ အသုံးပြုခွင့်ပေးဖို့ အချိန် ဖြစ်နေပါပြီ။ အနာဂါတ်မှာတော့ အစိုးရက ဈေးကွက်ကို မျှတအောင်လုပ်ပေးမယ်လို့ ကျနော်မျှော်လင့်ပါတယ်။