ပြည်တွင်းအာမခံလုပ်ငန်းတွင် ပြည်တွင်းကုမ္ပဏီများနှင့် နိုင်ငံခြားကုမ္ပဏီများ ယှှဉ်ပြိုင်လုပ်ကိုင်စေရန် ရည်ရွယ်၍ အာမခံ လက်ခံသည့် ဒေါ်လာငွေကြေး ပမာဏကို တိုးမြှင့်လုပ်ကိုင်ခွင့်ပြုသွားမည်ဖြစ်ကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုဝန်ကြီး ဒေါက်တာ မောင်မောင်သိမ်းက ပြောသည်။
အစိုးရက ပြည်တွင်းအာမခံ ကုမ္ပဏီများတွင် အာမခံ ထားရှိခွင့်ပြုသည့် ပမာဏမှာ အမေရိကန် ဒေါ်လာ ၅၀၀၀၀ သာ ဖြစ်ပြီး နိုင်ငံခြား အာမခံ ကုမ္ပဏီများကို ပြည်တွင်းတွင် လုပ်ကိုင်ခွင့်ပြုလိုက်ပြီးနောက်ပိုင်း ပြည်တွင်ကုမ္ပဏီများ အတွက် အာမခံ လက်ခံထားရှိသည့် ငွေကြေးပမာဏကို တိုးမြှင့််လုပ်ကိုင်ခွင့်ပြုရန် စီစဉ်ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
“ဒေါ်လာ ငါးသောင်း အထိပဲ ခွင့်ပြုပေးထားသေးတယ်၊ ဒီထက်မက တိုးပေးဖို့ ရှိတယ်၊ ဘာကြောင့်လဲဆိုတော့ သီလဝါ အထူးစီးပွားရေးဇုန်မှာ သွားပြိုင်တဲ့အခါ နိုင်ငံခြား ကုမ္ပဏီတွေက များများလက်ခံနိုင်ပြီး၊ မြန်မာကုမ္ပဏီက ဒေါ်လာ ငါးသောင်း လောက်ဆိုတော့ ဘာမှ မပြောပလောက်တဲ့ ပမာဏ ဖြစ်နေတော့ ယှဉ်နိုင်အောင် ဒေါ်လာနဲ့ လက်ခံငွေကို တိုးမြှင့်ခွင့်ပြုမယ်” ဟု ဒေါက်တာ မောင်မောင်သိမ်းက ပြောသည်။
အာမခံလုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင် ချထားပေးရာတွင် မြန်မာကုမ္ပဏီများကို ပေးသည့် လိုင်စင်အမျိုးအစားသည် တနိုင်ငံလုံး တွင် လုပ်ကိုင်နိုင်သည့် လုပ်ငန်းလိုင်စင် ဖြစ်သော်လည်း နိုင်ငံခြား ကုမ္ပဏီများကိုပေးသည့် လိုင်စင် အမျိုး အစားသည် သီလဝါ အထူးစီးပွားရေးဇုန်၌သာ လုပ်ကိုင်ခွင့်ရသည့် လိုင်စင်အမိျိုးအစား ဖြစ်ကြောင်း၊အထူးစီးပွားရေးဇုန် အတွင်း၌ ဝင်ရောက်လုပ်ကိုင်ကြမည့် နိုင်ငံခြား အာမခံ ကုမ္ပဏီများသည် မီးအာမခံ လုပ်ငန်း၊ မော်တော်ယာဉ် အာမခံ လုပ်ငန်းနှင့် အသက်အာမခံ လုပ်ငန်း ၃ မျိုးသာ လုပ်ကိုင်ခွင့်ရရှိကြောင်း သိရှိရသည်။
မြန်မာနိုင်ငံတွင် အာမခံထားရှိမှုတွင် မီးအာမခံ ထားရှိမှုသည် အများဆုံးဖြစ်ပြီး အသက်အာမခံ ထားရှိမှုမှာ အနိမ့်ဆုံး ဖြစ်နေကြောင်း သိရသည်။ လက်ရှိအချိန်၌ မြန်မာနိုင်ငံတွင် ပြည်တွင်း အာမခံ ကုမ္ပဏီ ၁၂ ခုရှိပြီး၊ အသက် အာမခံ၊ မီး အာမခံ၊ သမာဓိ အာမခံ၊ ငွေကြေးအာမခံနှင့် ခရီးသွား အာမခံ စသည့် လုပ်ငန်းအမျိုးအစား ၅ မျိုးကို လက်ရှိ လုပ်ကိုင်ခွင့် ရရှိထားကြသည်။
ဇွန် ၁ ရက်မှ စပြီး ကျန်းမာရေး အာမခံကို စတင်လုပ်ကိုင်ခွင့် ပြုလိုက်ပြီဖြစ်ပြီး ရေကြောင်းကုန်စည် အာမခံကိုလည်း ဆက်လက် လုပ်ကိုင်ခွင့်ပြုသွားမည်ဟု ဘဏ္ဍာရေး ဒုတိယဝန်ကြီး ဒေါက်တာမောင်မောင်သိမ်းက ဆက်ပြောသည်။
မြန်မာနိုင်ငံ၌ ကိုယ်စားလှယ်ရုံး ဖွင့်ထားသည့် နိုင်ငံခြား အာမခံ ကုမ္ပဏီ အရေအတွက်သည် ၁၆ ခု အထိ ရှိနေပြီး၊ ယခင်က ပြည်တွင်း အာမခံ လုပ်ငန်းကို အစိုးရ တခုတည်းသာ လုပ်ကိုင်ခဲ့ရာမှ ၂၀၁၂ ခုနှစ်မှ စတင်ကာ ပုဂ္ဂလိက ကုမ္ပဏီများသို့ လုပ်ပိုင်ခွင့် လိုင်စင်များ ချပေးခဲ့ခြင်း ဖြစ်သည်။