ဘဝသက်တမ်း၏ အချိန်အတော်များများတွင် ခြေတဖက်နှင့် မျက်လုံးတလုံးကိုသာ အားပြုပြီး ရုန်းကန်နေထိုင်ခဲ့ရသော အသက် ၄၄ အရွယ် ဒေါ်စန်းစန်းဦးအတွက် ဘဝရပ်တည်ရေးက ဘယ်တုန်းကမှ မလွယ်ကူခဲ့ပါ။
သူ အသက် ၅ နှစ်အရွယ်က ခြေမတွင် ပြည်တည်နာတခုကို မကုသဘဲ အချိန်အတော်ကြာ ထားသောကြောင့် ခန္ဓာကိုယ်၏ ညာဘက်ခြမ်းတလျှောက် ရောဂါပိုးဝင်ခဲ့သည်။ ညာဘက်ခြေ ထောက်ကို ၃ ကြိမ်တိုင်တိုင် ဖြတ်တောက်ခဲ့ရပြီး နောက်မှာတော့ သူ့မှာ ဘယ်ဘက်ခြေထောက်နှင့် ဘယ်ဘက်မျက်လုံးသာ အကောင်းအတိုင်း ကျန်ရစ်ခဲ့တော့သည်။
မူလတန်းကျောင်း တကျောင်းအနီးတွင် နေထိုင်ခဲ့သော်လည်း ဒေါ်စန်းစန်းဦး ကျောင်းမအပ်နိုင်ခဲ့ပါ။ ကျောင်းကို ဘယ်သောအခါမှ မသွားခဲ့ရသလို စာရေးစာဖတ်ခြင်းကိုလည်း မသင်ကြားခဲ့ပါ။ နောက်ပိုင်းတွင် အလုပ်လုပ်ရာမှာ အဆင်ပြေစေဖို့အတွက် ဂဏန်းများ ရေတွက်နိုင်ရန်နှင့် ပိုက်ဆံရေတွက်နိုင်ရန် ကိုယ့်ဘာသာ လေ့လာသင်ယူခဲ့ရသည်။ နှစ်အတော်ကြာ ဟင်းသီးဟင်းရွက်ရောင်းခြင်းဖြင့် အသက်မွေးခဲ့သော်လည်း အလုပ်ကပင်ပန်း၍ ဝင်ငွေကလည်း ပုံမှန်မရရှိခဲ့ပါ။
“ကျမ တချိန်လုံး ပင်ပန်းခဲ့ရတယ်”ဟု ရန်ကုန် မြို့တဖက်ကမ်း ဒလမြို့နယ်ရှိ သစ်သားအိမ်ငယ်လေး၏ ကြမ်းပြင်ပေါ်တွင် ထိုင်နေသော ဒေါ်စန်းစန်းဦးက ပြောသည်။
လွန်ခဲ့သော တနှစ်ခန့်က မသန်စွမ်းသူများကို အလုပ်ပေးသည့်အပြင် အသက်မွေးဝမ်းကျောင်း ပညာများ သင်ကြားပေးနေသော “ပန်းနန်းအိမ်” သို့ ဒေါ်စန်းစန်းဦး ရောက်ရှိခဲ့သည်။ ၂၀၁၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော ပန်းနန်းအိမ်သည် လက်ဖြင့်ပြုလုပ်သော လက်ဆောင်ကတ်ပြားများ ထုတ်လုပ်ခြင်းလုပ်ငန်းဖြင့် အောင်မြင်မှုရရှိလာပြီး အချိန်ပြည့် ဝန်ထမ်း ၁၈ ဦးကို သင့်တင့်သော လုပ်အားခလည်း ပုံမှန်ပေးနိုင်ခဲ့သည်။
ပန်းနန်းအိမ်မှ အလုပ်သမားများ အားလုံးက မသန်စွမ်းသူများ ဖြစ်ကြသည်။ အချို့က အကြားအာရုံ ချို့ယွင်းနေသူများ ဖြစ်သည်။ ဉာဏ်ရည်မပြည့်သည့် ရောဂါရှိနေသူ အချို့နှင့် ဒေါ်စန်းစန်းဦးကဲ့သို့ ကိုယ်လက်အင်္ဂါ မပြည့်စုံသူများလည်း ရှိပါသည်။ သူတို့အားလုံးက ရန်ကုန်တဖက်ကမ်း ဒလမြို့တွင် နေထိုင်ကြသူများ ဖြစ်ကြသည်။ တပတ်တခါ လိုအပ်သည့် ပစ္စည်းကိရိယာများ ဖြည့်တင်းရန် တွေ့ဆုံကြပြီး အတူအလုပ်လုပ်ခြင်း လေ့လာသင်ယူခြင်းများဖြင့် တနေ့တာကို ကုန်ဆုံးကြသည်။ ဝန်ထမ်း ၅ ယောက်သည် အကြားအာရုံ ချို့တဲ့နေသော်လည်း မြန်မာဘာသာစကား သင်္ကေတကို အားလုံးသင်ယူထား ကြသောကြောင့် တဦးနှင့်တဦး အဆင်ပြေစွာ ဆက်သွယ်ပြောဆိုနိုင်ကြသည်။
ပန်းနန်းအိမ်မှ ဝန်ထမ်းများ၏ မသန်စွမ်းမှုက အမျိုးမျိုးကွဲပြားသည်။ သို့သော်လည်း အားလုံးတူညီစွာ ကြုံတွေ့ခဲ့ရသည်မှာ လူမှုဘဝတွင် စာသင်ကျောင်းများနှင့် အလုပ်ခွင်များတွင် ခွဲခြားဆက်ဆံခံရခြင်း ဖြစ်သည်။ မြန်မာနိုင်ငံရှိ ကျောင်းများတွင် မသန်စွမ်းသူအများစု တက်ရောက်နိုင်ခြင်း မရှိသည့်အတွက် အရွယ်ရောက်လာသည့် အချိန်တွင် ကြီးမားသည့် အခက်အခဲများနှင့် ရင်ဆိုင်ကြရသည်။ လူအများက အရေးမပါသူများ အစွမ်းအစမရှိသူများအဖြစ် သဘောထားခြင်းနှင့် ကြုံတွေ့ကြရသည်။ ပညာရေး ပြုပြင်ပြောင်းလဲလိုသူအချို့က အားလုံး ပါဝင်နိုင်သည့် ပညာရေးဖြစ်ရန် တွန်းအားပေးနေကြသော်လည်း အစိုးရကျောင်းများတွင် မသန်စွမ်းကလေးငယ်များ တက်ရောက်ခွင့်မရသည့် အဖြစ်များ ရှိနေသလို သူတို့အတွက် အခြားရွေးချယ်စရာက အနည်းငယ်မျှသာရှိသည်။
မြန်မာနိုင်ငံတွင် ဆွံ့အနားမကြား၊ မျက်မမြင်၊ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ချို့တဲ့သူများအတွက် သီးသန့် ကျောင်း ၁၅ ကျောင်းသာရှိပါသည်။ နိုင်ငံတွင်းရှိ မသန်စွမ်း ကျောင်းနေရွယ် ကလေးများထဲမှ ဝ ဒသမ ၅ ရာခိုင်နှုန်းသာ အစိုးရကျောင်းများတွင် တက်ရောက်နေကြကြောင်း အစိုးရ၏ စာရင်းဇယားများအရ သိရသည်။ အစိုးရမဟုတ်သော အဖွဲ့အစည်းများက တည်ထောင်ထားသည့် သီးသန့် သင်တန်းကျောင်းကလည်း အနည်းငယ်သာ ရှိနေ ည့်အတွက် ရန်ကုန်နှင့် မန္တလေးကဲ့သို့သော မြန်မာနိုင်ငံ၏ အကြီးဆုံးမြို့များတွင် နေထိုင်သည့် မသန်စွမ်း ကလေးငယ်များ အတွင်ပင်လျှင် အခြေခံပညာ သင်ကြားရေးက အကန့်အသတ် ကြီးမားနေသည်။
“ကျောင်းဝင်ခွင့် ရရှိရေးက အဓိကပြဿနာပါပဲ” ဟု ပန်းနန်းအိမ်ကို တည်ထောင်သူများထဲမှ တဦးဖြစ်သော ဒေါ်နှင်းဖြူကောင်းက ပြောသည်။ သူသည် ယခင်က The Leprosy Mission International တွင် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ ပညာရေးဆိုင်ရာ တာဝန်ရှိသူများတွင်ပင် မသန်စွမ်းခြင်းနှင့် ပတ်သက်၍ နားလည်မှု အယူအဆ လွဲမှားမှုများ ရှိနေသည့်အတွက် အထူးသင်ကြားရေး စနစ်များမရှိသည့် သာမန်ကျောင်းများတွင် မသန်စွမ်း ကလေးငယ်များ တက်ရောက်ပညာသင်ကြားရန် အခက်အခဲ ဖြစ်စေခဲ့သည်ဟု သူကပြောသည်။
“တကယ်လို့ သူတို့ရဲ့ သဘောထားတွေ ပြောင်းလဲလိုက်မယ်ဆိုရင် သီးသန့်ကျောင်းတွေ မလိုအပ်ပါဘူး။ ကျမတို့အားလုံးက လူတွေပါပဲ။ တူညီတဲ့ အသိုင်းအဝိုင်းတခုရဲ့ အစိတ်အပိုင်းတွေပါ။ ဒါကြောင့် ကျောင်းအတူတူတက်လို့ ရပါတယ်” ဟု ဒေါ်နှင်းဖြူကောင်းက ပြောသည်။
အနာကြီးရောဂါ ဝေဒနာသည်များအား ကူညီပေးရသည့် အလုပ်ကို ၇ နှစ်လုပ်ခဲ့ပြီးနောက် ပန်းနန်းအိမ်ကို တည်ထောင်ရာတွင် ပါဝင်ခဲ့ကြောင်း ဒေါ်နှင်းဖြူကောင်းက ပြောသည်။ အနာကြီးရောဂါသည် ကိုယ်ခန္ဓာကို ဆိုးရွားစွာ ထိခိုက်ပျက်စီးစေနိုင်သည့် ရောဂါတခု ဖြစ်သော်လည်း ကုသလျှင် ပျောက်ကင်းနိုင်သည့် ရောဂါမျိုးဖြစ်ပါသည်။ ကမ္ဘာ့နေရာ အတော်များများတွင် အမြစ်ပြတ် သုတ်သင် ရှင်းလင်းနိုင်ခဲ့ပြီ ဖြစ်သော်လည်း အာရှတောင်ပိုင်းနှင့် အရှေ့တောင်အာရှတွင် ရောဂါပျံ့နှံ့မှု မြင့်မားနေဆဲဖြစ်သည်။
အနာကြီးရောဂါသည်များနှင့် နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့ပြီးနောက် မသန်စွမ်းသူများ၏ အကြီးမားဆုံး အခက်အခဲများထဲမှ တခုသည် အလုပ်အကိုင် ရရှိနိုင်ရေး ဖြစ်သည်ကို ဒေါ်နှင်းဖြူကောင်း သတိပြုခဲ့မိသည်။ ပညာအရည်အချင်း မပြည့်စုံမှုနှင့် လူမှုရေး အမြင်လွဲမှားခြင်းများကြောင့် ဖြစ်သည်။
“သူတို့အတွက် ရေရှည်အကျိုးရှိတဲ့ အသက်မွေးဝမ်းကျောင်းက အရေးကြီးတယ်ဆိုတာ ကျမ တွေ့ရှိခဲ့တယ်။ အကယ်၍ သူတို့ကို အကျိုးရှိတဲ့ အလုပ်ပေးပြီး အရည်အချင်းတွေကို မြှင့်တင်ပေးမယ်ဆိုရင် သူတို့ကိုပို၍ လူရာဝင်စေပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိလာပါလိမ့်မယ်” ဟုလည်း သူကပြောသည်။
ပန်းနန်းအိမ်မှ အလုပ်သမားများကိုကြည့်လျှင် ဒေါ်နှင်းဖြူကောင်း၏ အယူအဆ မှန်သည့်အသွင် ရှိပါသည်။ ဦးနေလင်းအောင်နှင့် ဇနီး ဒေါ်ခင်မိုးဝင်းတို့သည် ပန်းနန်းအိမ်သို့ ၂၀၁၃ ခုနှစ်နှောင်းပိုင်းတွင် ရောက်ရှိလာခဲ့သည်။ ဒေါ်ခင်မိုးဝင်းက မွေးကတည်းက ဘယ်ခြေနှင့် ဘယ်လက် မသန်စွမ်းသူဖြစ်သည်။ ဦးနေလင်းအောင်ကတော့ လွန်ခဲ့သော နှစ်အနည်းငယ်က လယ်ယာလုပ်ငန်းခွင်တွင် စက်ပစ္စည်းတခုနှင့် မတော်တဆ ထိခိုက်မိပြီး ခြေထောက်တဖက် ဆုံးရှုံးခဲ့ရသည်။
မတော်တဆဖြစ်ပြီး နောက်ပိုင်းတွင် ဦးနေလင်းအောင် စိတ်ဓာတ် အလွန်ကျဆင်းခဲ့ရသည်။ လူတွေက သူ့အပေါ် ဆက်ဆံပုံ ရုတ်တရက်ကြီး ပြောင်းလဲသွားသည်ဟု သူကပြောသည်။ “ကျနော့် သူငယ်ချင်း တွေကတောင် ကျနော့်ကို အထင်သေးကြတယ်”ဟု ဦးနေလင်းအောင်က ဆိုသည်။
ရွေးချယ်စရာကလည်း နည်းပါးသည့်အတွက် ဦးနေလင်းအောင်သည် ခြင်းတောင်းနှင့် ငါးဖမ်းပိုက်ကွန်များ ရက်သည့် အလုပ်ကို ခက်ခက်ခဲခဲ ကြိုးစားလုပ်ကိုင်ခဲ့ရသည်။ ယခုချိန်မှာတော့ သူတို့ လင်မယား၂ ယောက် ပုံမှန်ဝင်ငွေ ရှာနိုင်ကြပြီဖြစ်သည်။ ဒလရှိ အိမ်ငယ်လေး တလုံးမှာနေထိုင်ရင်း ကလေးရဖို့လည်း မျှော်လင့်နေကြသည်။ ကလေးယူရန်လည်း မျှော်လင့်ထားကြသည်။ အေးအေးဆေးဆေးထိုင်၍ ပိတ်စငယ်လေးများကို သေသပ်စွာ ညှပ်နေသော သူ၏ဇနီးကို လှမ်းကြည့်ကာပြုံးရင်း “ကျနော် ဒီမှာ အလုပ်လုပ်ရတာ သဘောကျပါတယ်” ဟုဦးနေလင်းအောင်က ပြောလိုက်သည်။
ပန်းနန်းအိမ်မှ ပြုလုပ်သော လက်မှုပစ္စည်းများကို အမှတ် (၈၉) သိမ်ဖြူလမ်းရှိ Pomelo တွင် ဝယ်ယူရရှိနိုင်ပါသည်။
(၂၀၁၅ ဧပြီလထုတ် The Irrawaddy မဂ္ဂဇင်းပါ Feliz Solomon ၏ Crafting a Better Life for Myanmar’s Disabled ဆောင်းပါးကို ဆုမွန်ဖြိုး ဘာသာပြန်ဆိုသည်။)