ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်နှင့် ရန်ကုန်မြို့လယ်ကို ဆက်သွယ်မည့် တံတားတစီးကို ကိုးရီးယား-မြန်မာ ချစ်ကြည် ရေး အဖြစ် တည်ဆောက်တော့မည်ဟု လွှတ်တော်တွင် တရားဝင် အတည်ပြုလိုက်ပြီဖြစ်ရာ ယင်းတံတားထိုးမည့် သတင်း ကြောင့် အေးစက်ငြိမ်သက်လျက်ရှိသော အိမ်ခြံမြေဈေးကွက်တွင် ဒလအိမ်ခြံမြေဈေးကွက် အလှုပ်အရမ်းများဖြင့် ဈေးနှုန်း များမြင့်တက်သွားကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။
ရန်ကုန် – ဒလ မြစ်ကူးတံတား တည်ဆောက် ရေး စီမံကိန်းအတွက် ကိုရီးယားနိုင်ငံမှ အမေရိကန် ဒေါ်လာ သန်း ၁၄၀ နီး ပါး ချေးယူရန် အစိုးရက မေ၂၈ ရက်နေ့တွင် ပြည်ထောင်စု လွှတ်တော်သို့ တင်ပြခဲ့ရာ လွှတ်တော်က ကန့်ကွက် သူ မရှိ အတည်ပြုပေးခဲ့သည်။
လွှတ်တော်က အတည်ပြုပြီးနောက် ဒလတံတား စီမံကိန်း တည်ဆောက်မည့် ပတ်ဝန်းကျင်တလျှောက်ရှိ မြေကွက် များသို့ လာရောက်ဝယ်ယူသူ စုံစမ်းသူများ အဆက် မပြတ် ဝင်ရောက်လာနေပြီး အကျိုးဆောင်အဖြစ် လုပ်ကိုင်ကြသည့် ကြား ပွဲစား များသည်လည်း ဒလ မြို့အဝင် လက်ဖက်ရည်ဆိုင်များတွင် ဥဒဟို ဝင်ထွက် လုပ်ကိုင်နေကြသည်ကို တွေ့ရှိ လာ ရသည်။
ဒလ – တွံတေး လမ်းမထိပ်ပိုင်းရှိ လက်ဖက်ဆိုင် ပိုင်ရှင်တဦးဖြစ်သူ ဦးမောင်က “ဒီမှာက သတင်းစာ တွေကိုပဲ စောင့်ကြည့် နေကြတာ၊ သတင်းထဲမှာ ဒလ တံတား စီမံကိန်းအကြောင်း ပါပြီဆိုတာနဲ့ မြေကွက် ရောင်းမယ့် သူတွေရော ဝယ်မယ့်သူ တွေရော ပွဲစား ပါ အများကြီး လာနေတာ။ ကျနော်တို့ သိသလောက် က ကျန်စစ်သား ရပ်ကွက်တို့၊ ရာဇသင်္ကြန် ရပ်ကွက် တို့ဆို အရမ်းကို အရောင်းအဝယ်ဖြစ်နေတယ်၊ လမ်းမတန်းဆို ရောင်းကြတာ ကုန်နေပြီ” ဟု ပြောသည်။
ဒလ အိမ်ခြံမြေ ဈေးကွက်သည် ခါတော်မီ ဈေးနှုန်းများဖြင့် လှုပ်ရမ်းနေပြီး အိမ်ခြံမြေ ပွဲစား များသည့် ဒလ-တွံတေး လမ်းမ ပေါ်ရှိ လက်ဖက်ရည်ဆိုင်များတွင်ပင် အရောင်းအဝယ်များကို လုပ်ကိုင်နေကြသည်ဟု ဒလမြို့ ဒေသခံများက ပြောသည်။
ဒလမြိုခံ အသက် ၆၀ ကျော်အရွယ် အနှေး ယာဉ်လုပ်သားဖြစ်သူ ဦးမြင့်အောင်က “ ဒီက ပွဲစား တွေ အများစုက လက်ထဲ ပိုက်ဆံကိုင်နိုင်တဲ့ သူတွေ ပဲ လာလုပ်နေကြတာ၊ သူတို့တွေနဲ့ ဝယ်ရောင်းလုပ် နေကြသူတွေက ရန်ကုန်မြို့က ပိုက်ဆံရှိတဲ့ လူမျိုး ခြားတွေပဲ လာဝယ်တာ များတယ်။ မြန်မာတွေက နည်းပါတယ်။ ကျနော်တို့ဆို အိမ်ခြံမြေ လာကြည့်တဲ့ သူတွေကို လိုက်ပြပေးနေရတာ နေ့တိုင်းနီးပါးပါပဲ” ဟု ပြောသည်။
ဒလမြို့နယ်ရှိ အိမ်ခြံမြေ အဓိက အရောင်း အဝယ် ဖြစ်ပေါ်နေသော နေရာများမှာ ကျန်စစ်သား ရပ်ကွက်၊ ဗညားဒလ ရပ်ကွက်၊ တပင်ရွှေထီးရပ်ကွက်၊ ရာဇသင်္ကြန်ရပ်ကွက်၊ ဗိုလ်ရန်ပြေ ရပ်ကွက်များနှင့် တံတားစီမံကိန်း တည်ဆောက်မည့် နေရာ နှင့် နာရီစင် အနီးတို့ ဖြစ်ပြီး အရောင်းအဝယ် ဖြစ်နေသည့် ဈေးနှုန်းမှာ ကျပ်သိန်း ထောင်ဂဏန်း ဝန်းကျင်တွင် ရှိနေကြောင်း စုံစမ်းသိရှိရသည်။
တံတားစီမံကိန်း အနီးဝန်းကျင်ရှိ လယ်မြေများ ကိုလည်း ဝယ်ယူမှုများနေသည့်အပြင် တံတားစီမံ ကိန်းလမ်း တလျှောက် နှင့်ဆက်စပ်နေသည့် တွံတေး၊ ကော့မှူးမြို့နယ်များ၌ပါ လယ်မြေဈေးနှုန်များ လိုက်ပါမြင့်တက်နေပြီး ဝယ်လက်များက လယ်မြေ ၁ ဧကလျှင် ကျပ်သိန်း ၁ ထောင် အထိပေး၍ ဝယ်ယူနေသည်ဟု ဒလမြို့ခံများက ဆိုသည်။
ဒလမြစ်ကူး တံတားစီမံကိန်းကို ပြီးခဲ့ သည့် ၂၀၁၃ ခုနှစ်တွင် ကိုရီးယား အကူအညီဖြင့် တည်ဆောက်မည်ဟု သတင်းများ ထွက်ပေါ် လာချိန်ကလည်း ငွေကျပ်ထောင်ချီ ဈေးနှုန်းမြင့်တက်ခဲ့ဖူးပြီး ၂၀၁၄ ခုနှစ် နှစ်လယ်ပိုင်းတွင်မူ တံတားမထိုးဖြစ် တော့ဆိုသော သတင်းများကြောင့် ဒလ အိမ်ခြံမြေ အရောင်းအဝယ် ဈေးကွက် ပြန်လည် ရပ်ဆိုင်းသွားခဲ့သည်။
ယခုတဖန် ဒလမြစ်ကူးတံတားစီမံကိန်းကို လွှတ်တော်က အတည်ပြုပြီးနောက် ထပ်မံ၍ ဒလမြို့ အိမ်ခြံဈေးနှုန်းများ ပြန် လည် မြင့်တက်လာခြင်းဖြစ်ကြောင်း၊ သို့ရာတွင် ဝယ်လက်သာရှိ၍ ရောင်းလိုသူ နည်းပါးကြောင်း အိမ်ခြံမြေ ပွဲစားများက ပြောသည်။
“အရင်ကထက် ပိုသေချာလာတဲ့အတွက် အရောင်းအဝယ် ပိုဖြစ်ကြတယ်။ ဒါပေမယ့် ဝယ်ချင် နေတဲ့ သူတွေသာ များနေ တာ၊ ရောင်းတဲ့သူက ရှားတယ်” ဟု ဒလမြို့ အိမ်ခြံမြေပွဲစား ကိုအသေး လေးက ပြောသည်။
တံတားစီမံကိန်း တည်ဆောက်မည့် နေရာ အနီး ကျောက်တိုင်ဘက် တံတားအဆင်း လမ်းမရှိ အလျားပေ ၄၀၊ အနံပေ၆၀ ခြံကွက် ဈေးနှုန်းသည် ကျပ်သိန်း ၁၅၀ဝ မှ ၃၀ဝ၀ အထိ ရှိကာ၊ ဈေးနှုန်းအနိမ့်ဆုံး မြေကွက်သည် ကျပ်သိန်း ၁၀ဝ၀ အထက် ဖြင့် အရောင်းအဝယ် ဖြစ်နေပြီး၊ ဒလ – တွံတေး လမ်းမ ကြီး နောက်ကျောရှိ လယ်ဧက ၁ ဧကလျှင် ကျပ်သိန်း တထောင် အထိ အရောင်းအဝယ် ဖြစ်နေ ကြောင်း အိမ်ခြံမြေ ပွဲစားများက ဆိုသည်။
ဒလမြို့နယ် ကနောင်လမ်းမကြီးပေါ်ရှိ ရာဇ သင်္ကြန် ရပ်ကွက်၌ ရုံးခန်းဖွင့်လှစ်ထားသည့် အိမ်ခြံ မြေ အကျိုးဆောင် တဦး ဖြစ်သူ ဦးသန်းဌေးက“အရောင်းအဝယ်အခြေအနေနဲ့ ပတ်သက်ပြီး တိတိ ကျကျ ဖြေပေးလို့ မရဘူး။ ဆိုလိုတာက ဒီတံ တား စီမံကိန်း အကောင်အထည် ဖော်မှု၊မဖော်မှုဆိုတဲ့ အပေါ်မှာပဲ မှုတည်တယ်၊ အရင်က ဝယ်တဲ့သူ မရှိ ဘူး။ အခု တော့ ဝယ်တဲ့သူ ရှိတယ်။ ဈေးနှုန်းတွေက လည်း ညှိနှိုင်းဈေးနဲ့ ဖြစ်နေတယ်” ဟု ဆိုသည်။
ဒလမြစ်ကူး တံတားစီမံကိန်း ကင်းလွတ် ခွင့် အမြင့်ပေကို ၄၉ မီတာဖြင့် တည်ဆောက်ပါက တန်ချိန် ၁၅ဝဝဝ သင်္ဘောများသာ ဝင်ထွက်သွား လာနိုင်ပြီး၊ ၅၄ မီတာဖြင့် တည်ဆောက်ပါက တန်ချိန် ၂၀ဝဝဝ သင်္ဘောများ ဝင်ထွက် သွားလာ နိုင်မည် ဖြစ်ကြောင်းနှင့် ၆၀ မီတာဖြင့် တည်ဆောက် ပါက တန်ချိန် ၃၅ဝဝဝ သင်္ဘောများ ဝင်ထွက်သွား လာနိုင်မည် ဖြစ်သည်ဟု မြန်မာ့ဆိပ်ကမ်းအာဏာပိုင် မှ ရေကြောင်းမှူးချုပ် ဦးအောင်ကျော်ထူးက ဆက် ပြောသည်။
တံတား တည်ဆောက်ရန် ကိုရီးယားနိုင်ငံမှ ငွေချေးယူရာတွင် အတိုးနှုန်း တနှစ်လျှင် ဝ ဒသမ ဝ၁ ရာခိုင်နှုန်း၊ ဆိုင်းငံ့ ကာလ ၁၅ နှစ်၊ ပြန်ဆပ်ရမည့် ကာလ ၂၅ နှစ်နှင့် ဝန်ဆောင်စရိတ် ဝ ဒသမ ၁ ရာခိုင်နှုန်းကို ပေးဆောင်သွားရမည် ဖြစ်ကြောင်း လွှတ်တော်အတွင်း ဆွေးနွေးတင်ပြမှုများမှတဆင့် သိရသည်။
ရပ်ဆိုင်းထားခဲ့သော ရန်ကုန် – ဒလ တံတား စီမံကိန်း ပြန်လည်စတင်ရန် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၏ ကိုရီးယား ခရီးစဉ်တွင် ဆွေးနွေးခဲ့ခြင်း ဖြစ်ကြောင်းနှင့် ကိုရီးယား အစိုးရက အမေရိကန် ဒေါ်လာ ၁၃၈ သန်း ကူညီမည်ဟု သဘောတူညီခဲ့ကြောင်း ကိုရီးယား Daily Economy သတင်းစာ၌ ဖော်ပြခဲ့သည်။
ဒလမြိုခံ အသက် ၆၀ ကျော်အရွယ် အနှေးယာဉ်လုပ်သားဖြစ်သူ ဦးမြင့်အောင်က “တံတား အသစ်ကိုပဲ လူတွေ အာရုံ စိုက်နေကြတာပါ။ လက်ရှိမှာ ဒလမြို့က စည်ကားပြီးသားပဲ။ မြေကွက်တွေကလည်း နှစ်ခြောက်ဆယ် ဂရန်တွေ ဆို တော့ အားလုံး ပြည့်စုံပြီးသား၊ ဒီစီမံကိန်းကြောင့် တံတားအသစ်ပေါ် လာလို့လည်း လက်ရှိဆိပ်ကမ်း အဟောင်း ကို ဖျက်လို့ မရ ပါဘူး။ အသုံးပြုနေကြဦးမှာပဲ။ ဒီဆိပ်ကမ်းကို ဂျပန်က လုပ်ပေးထားတာ။ ဒီကသွားလည်း ၅ မိနစ်ပဲ ကြာတာပါ” ဟု ပြော သည်။
ရန်ကုန်-ဒလ မြစ်ကူးတံတားကို ဆူးလေဘုရား လမ်း၊ ပြည်လမ်း၊ ဗိုလ်တထောင်လမ်း တို့နှင့် ဆက်သွယ်မည် ဖြစ်ပြီး တံတား အရှည်မှာ ၂ ဒသမ ၉ ကီလိုမီတာ (တမိုင်ကျော်) ရှိမည်ဟု သိရှိရသည်။