ပြည်တွင်းငွေလဲလှယ်ဈေးကွက်တွင် မြန်မာကျပ်ငွေ တန်ဖိုး တဖြည်းဖြည်း ကျဆင်းလျက်ရှိရာ အမေရိကန်တဒေါ်လာ လျှင် မြန်မာ ငွေကျပ် ၁၂၀၀ နီးပါး အထိမြင့်တက်လာပြီး တရားဝင် ငွေလဲဈေးကွက်တွင် အလုပ်မဖြစ်တော့ဘဲ တရားမဝင် မှောင်ခို ဈေးကွက်တွင်သာ အရောင်းအဝယ် ဖြစ်ထွန်းလျက်ရှိကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။
“ဒေါ်လာ အရောင်းအဝယ်က ကောင်းတယ်။ ပြီးခဲ့တဲ့ ရက်တွေက အဝယ် ၁၁၈၀ကျပ်၊အရောင်း ၁၁၈၅ကျပ်ပါ။ ဒီနေ့ ၁၁၉၀ အဝယ်နဲ့ ရောင်းဈေးက ၁၁၉၂ကျပ်နဲ့ ဖြစ်တယ်” ဟု ရန်ကုန်မြို့မှ ဒေါ်လာ ဝယ်ရောင်း တဦးက ပြောသည်။
ဈေးကွက်တွင် ဒေါ်လာတန်ဖိုးမြင့်တက်လာချိန် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က သတ်မှတ်သော ရည်ညွှန်း ငွေလဲလှယ် နှုန်း ထား သည် ပြင်ပဈေးနှုန်းထက် နိမ့်ကျလျက်ရှိပြီး ဗဟိုဘဏ်က လိုင်စင်ရ ငွေလဲလှယ်စင်တာများနှင့် ပုဂ္ဂလိက ဘဏ် များ ကို တရားဝင်သတ်မှတ်ရည်ညွှန်းငွေလဲလှယ်နှုန်းထားဖြင့်သာ အရောင်းအဝယ်လုပ်ရန် ညွှန်ကြား ထားကြောင်း၊ ယင်း ညွှန် ကြား ချက်ကြောင့် တရားဝင်ငွေလဲဈေးကွက်တွင် ဒေါ်လာအရောင်းအဝယ် အလုပ်မဖြစ်တော့ဘဲ ပြင်ပ မှောင်ခို ဈေး ကွက် တွင်သာ အရောင်းအဝယ် ဖြစ်ထွန်းလျက်ရှိကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဇွန်လ ၈ရက်နေ့အတွက် သတ်မှတ်ထားသော ရည်ညွှန်းငွေလဲနှုန်းမှာ တဒေါ်လာလျှင် ၁၁၀၅ကျပ်ဖြစ်ပြီး လိုင်စင်ဖြင့် နိုင်ငံခြားငွေ တရားဝင်ဖွင့်လှစ်ရောင်းချခွင့်ရထားသော ဘဏ်များနှင့် ပုဂ္ဂလိကငွေလဲ ကောင် တာ များသည် ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်းအပေါ်တွင် အပေါင်း၊အနှုတ် ၀ ဒသမ ၈ ရာနှုန်းဖြင့်သာ အရောင်း အဝယ် လုပ်ရန် ညွှန်ကြားထား၍ တရားဝင်ငွေလဲဈေးကွက်များ အရောင်းအဝယ် မရှိသလောက် နည်းပါးပြီး အလုပ် မဖြစ် ခြင်းဖြစ်သည်ဟု စုံစမ်းသိရှိရသည်။
ကမ္ဘောဇဘဏ်မှ အရာရှိတဦးက “ကျမတို့ သတ်မှတ်ငွေလဲနှုန်းက နိမ့်နေတဲ့အခါကြတော့ ဝယ်ချင်တဲ့သူပဲ များတယ်။ ကျမတို့ ပြန်ရောင်းတာလည်း ၁ကျပ်တန် ၅ကျပ်တန် အသေးပဲ ရောင်းနိုင်တယ်။ ကျမတို့က အပြင်ဈေးကွက်နဲ့ တန်းတူ ဝယ်နိုင်ရောင်းနိုင်မယ်ဆိုရင် တော့တမျိုးပေါ့။ အခုဟာ နှုန်းက အရမ်းဟနေတော့ လုပ်ရကိုင်ရ အရမ်းကျပ်ပါတယ်” ဟု ပြောသည်။
လတ်တလော မြန်မာနိုင်ငံတွင်သာမ နိုင်ငံတကာ တွင်ပါ ဒေါ်လာငွေကြေးတန်ဖိုး ပြန်လည်မြင့်တက် လာကြောင်း၊ မြန်မာ နိုင်ငံတွင် ဒေါ်လာတန်ဖိုးမြင့်တက်လာရသည့်အကြောင်းအရင်းများတွင် ကုန်သွယ်ရေးလိုငွေပြ လာခြင်း၊ ပြည်တွင်း ဒေါ်လာ လိုအပ်ချက် မြင့်မားနေခြင်းတို့ကြောင့် ဖြစ်ကြောင်း၊ ဒေါ်လာတန်ဖိုး မြင့်တက်ခြင်းကြောင့် စက်သုံးဆီ အပါအဝင် သွင်းကုန် ဈေးနှုန်းများမြင့်တက်ပြီး အထွေထွေ ကုန်ဈေးနှုန်းတက်မှုအထိ ဖြစ်လာကြောင်း စီးပွားရေးပညာရှင်တချို့က သုံးသပ် ပြောဆိုသည်။
မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလက်မှု လုပ်ငန်းရှင်ကြီးများအသင်းချုပ်(UMFCCI) ဒုတိယဥက္ကဋ္ဌ ဒေါက်တာ မောင် မောင် လေးက “ဗဟိုဘဏ်တို့က ဒါကိုထိန်းချုပ်မယ်ဆိုရင် သူ့မှာ နောက်ခံ ငွေကြေး အမာ တောင့်တောင့် တင်း တင်း ရှိရ မယ်။ မြန်မာလိုနိုင်ငံမျိုးမှာ အသစ်ပြန်စနေရတဲ့အချိန် Infrastructure Development က လုပ်ရစမြဲပဲ။ အဲ့ဒီမှာ အကုန် လုံးက ဝယ်ရပါတယ်။ ဒီဝယ်တဲ့ အချိန်မှာ နိုင်ငံခြားငွေလိုမယ်။ လုံလုံလောက်လောက် ငွေ နောက်ခံ ရှိရပါမယ်။ မြန်မာ နိုင်ငံ မှာ လုံလုံလောက်လောက် ငွေနောက်ခံ မရှိတော့ ကျပ်တည်းတာပေါ့” ဟု သုံးသပ်ပြောဆိုသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် အမေရိကန်ဒေါ်လာ ငွေတန်ဖိုးမြင့်တက်လာမှုနှင့်ပတ်သက်၍ လိုင်စင်ရ ငွေလဲလှယ် ကောင်တာများကို ခေါ်ယူသတိပေးမှုတချို့ရှိသော်လည်း မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းနေခြင်းကို မည်သို့မည်ပုံ ထိန်း သိမ်း လုပ်ဆောင်နေသည်ကို ထုတ်ပြန်ပြောဆိုခြင်းမရှိပေ။