အမေရိကန်ဒေါ်လာ လဲလှယ်နှုန်းသည် နေ့စဉ် ဆက်တိုက်မြင့်တက် လျက်ရှိရာမှ ဇွန်လ ၁၀ ရက်နံနက်ပိုင်းတွင် အမေရိကန် ၁ ဒေါ်လာလျှင် ကျပ် ၁၃၀၀ နီးပါးဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ပြီး ညနေပိုင်း၌ ကျပ် ၁၂၃၀ ဖြစ်လာသည်ကို တွေ့ရသည်။
ဒေါ်လာဈေး မတည်ငြိမ်မှု ဖြစ်စဉ်နှင့်အတူ ပြည်တွင်းသို့ သွင်းကုန်များဖြစ်သည့် စက်သုံးဆီ၊ လျှပ်စစ်ပစ္စည်း၊ အိုင်တီ ပစ္စည်းများနှင့် ဆေးပစ္စည်း ဈေးနှုန်းများလည်း မြင့်တက်လာနေကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။
“ငွေလဲနှုန်းက တရက်တရက် အများကြီး တက်သွားတော့ ကျနော်တို့တောင် ဘယ်လိုလုပ်ရမှန်း မသိဘူး။ ဆက်တက်နေရင်တော့ ဆီဈေးနှုန်းလည်း ငြိမ်မှာမဟုတ်ဘူး။ စက်သုံးဆီကတော့ ကမ္ဘာ့ဈေး တက်တော့တက်တယ်။ မသိသာဘူး။ ၃၅ ဂါလန်လောက်မှ ၁ ဒေါ်လာခွဲလောက် တက်တာဆိုတော့ ဒီဘက်မှာ နင်လားငါလား တက်မသွားဘူး။ ဆီဈေးက ဒီလောက် အပြောင်းအလဲ မများဘူး။ ဒေါ်လာဈေးက အတက်အကျ ကြမ်းလို့သာ”ဟု နယူးဒေး စက်သုံးဆီဆိုင် တာဝန်ခံ ဦးလှမြင့်မောင်က ပြောသည်။
စက်သုံးဆီဆိုင်များတွင် ဓာတ်ဆီဈေးနှုန်းသည် ယခင်က ၁ လီတာလျှင် ၆၀၀ ကျပ် ဝန်းကျင်ဖြင့် အချိန်ကြာမြင့်စွာ ရှိနေခဲ့ရာမှ ငွေလဲလှယ်နှုန်းနှင့်အတူ ယခုရက်များ အတွင်း ၁ လီတာလျှင် ၇၅၀ ကျပ် အထက်တွင် ရှိနေသည်ကို တွေ့ရသည်။
ဆေးပစ္စည်း ဈေးကွက်တွင် ဒေါ်လာငွေ လဲလှယ်နှုန်း အတက်ကြမ်းလာမှုကြောင့် တချို့ကုမ္ပဏီများ အရောင်းပိတ်ထားရကြောင်း ရန်ကုန်မြို့ မင်္ဂလာဈေး အတွင်းရှိ ဆေးလက်ကား တင်သွင်း ဖြန့်ဖြူးရောင်းချ လုပ်ကိုင်နေသူ တဦးက ပြောသည်။
“ဆေးကုမ္ပဏီတွေက ဈေးတက်သွားတယ်။ ၅ ရာခိုင်နှုန်းတို့ ၇ ရာခိုင်နှုန်းတို့ အဲဒီလိုတွေ တက်ကြတယ်။ ဆေးပစ္စည်းတွေတက်တာ ဒီနေ့ဆို တချို့ကုမ္ပဏီတွေ အရောင်းပိတ်ကြတယ်။ ငွေဈေး တအားတက်လာတော့ သူတို့တွေက ပစ္စည်းအရောင်း ဖွင့်လိုက်ပြန်ရင် လည်း ပစ္စည်းပြန်သွင်းရတဲ့အခါ မကိုက်တာဖြစ်မှာစိုးလို့ နေမယ်။ ငွေဈေးနည်းနည်း ငြိမ်အောင် ပြန်ကြည့်နေတဲ့ သဘောဖြစ်မှာပါ” ဟု ၎င်းက ပြောသည်။
ဒေါ်လာငွေ လဲလှယ်နှုန်းသည် တရားဝင် ဖွင့်လှစ်ခွင့် ရရှိထားသော ငွေလဲကောင်တာများနှင့်ဘဏ်များ၌ သတ်မှတ်ဈေးနှုန်းနှင့် ပြင် ပ မှောင်ခို ဈေးကွက်ရှိ ဈေးနှုန်း သိသာစွာကွာဟမှု ရှိနေသောကြောင့် တရားဝင် ဈေးကွက် အလုပ်မဖြစ်ဘဲ ပြင်ပမှောင်ခို လဲလှယ်ကြ သည့် ဈေးကွက်တွင်သာ အရောင်းအဝယ်ဖြစ်လျက် ရှိကြောင်း ဒေါ်လာငွေ လဲလှယ် ရောင်းချသူများက ပြောပြသည်။
Mr.Fone မိုဘိုင်းဆိုင်မှ အထွေထွေ မန်နေဂျာ ကိုထက်လင်းကျော်က “အခြေအနေက ဒေါ်လာဈေးတက်တာပေါ် မူတည်ပြီး ပစ္စည်း ဈေးက ဒီရက်ပိုင်းတွေမှာ တက်တယ်။ လှုပ်လှုပ် လှုပ်လှုပ်ပါပဲ”ဟု ပြောသည်။
ယနေ့၌ ပြင်ပမှောင်ခို ဒေါ်လာလဲလှယ်နှုန်း ဈေးကွက် ဖွင့်ဈေးသည် ၁ ဒေါ်လာ ၁၃၀၀ ကျပ် နီးပါးဖြင့် အရောင်းအဝယ် ဖြစ်နေချိန်တွင် တရားဝင် ငွေလဲကောင်တာများနှင့် ဘဏ်များတွင် ဗဟိုဘဏ်က သတ်မှတ်ပေးသော ရည်ညွှန်းငွေ လဲလှယ်နှုန်းထားအရ ၁ ဒေါ်လာ လျှင် ၁၁၀၅ ကျပ် ဖြစ်နေသည်။
ယခုကဲ့သို့ ဒေါ်လာနှင့်ကျပ်ငွေ လဲလှယ်နှုန်း အတက်ကြမ်းလာသည့် ဖြစ်စဉ်အပေါ် ဗဟိုဘဏ်က မည်သို့ထိန်းသိမ်း ဆောင်ရွက်သွားမည့် အစီအစဉ်နှင့် ပတ်သက်ပြီး ဗဟိုဘဏ်မှ တာဝန်ရှိ ပုဂ္ဂိုလ်အား ဧရာဝတီက ဆက်သွယ် မေးမြန်းရန် ကြိုးစားခဲ့သော်လည်း ဆက်သွယ်၍ မရရှိပေ။