တရုတ် နိုင်ငံက မြန်မာနိုင်ငံမှ ဖရဲသီး ပိုမို မှာယူ စားသုံးနေကြသဖြင့် ပြည်တွင်း ဖရဲစိုက် တောင်သူများသည် ၎င်းတို့ စိုက် ပျိုး သော ဖရဲသီးများ တရုတ်ဈေးကွက် ဝင်ဆံ့ရေးကိုသာ ဦးတည်စိုက်ပျိုးနေကြပြီး တနှစ်ထက် တနှစ် တရုတ်နိုင်ငံသို့ မြန်မာ့ ဖရဲသီးတင်ပို့မှု မြင့်တက်လာကာ ထိပ်တန်းပို့ကုန်တခုအဖြစ် စာရင်းဝင်လာကြောင်း အစိုးရ၏ထုတ်ပြန်ချက်နှင့် ဖရဲ စိုက် တောင်သူများထံမှ စုံစမ်းသိရှိရသည်။
မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ဖရဲသီး တင်ပို့နိုင်မှု ပမာဏသည် လွန်ခဲ့သော ၁၀ နှစ်ကျော်ကာက တန်ချိန် ၅ သောင်းမျှသာ ရှိခဲ့ရာမှ ယခုအခါ တရုတ်နိုင်ငံ၏ လိုအပ်ချက်အရ တနှစ်ထက်တနှစ် သိသာစွာ တိုးမြင့်တင်ပို့လာရပြီး ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေး နှစ်တွင် ဖရဲသီးတန်ချိန် ၄ သိန်းခွဲ တရုတ်ဈေးကွက်သို့တင်ပို့နိုင်ခဲ့ကြောင်း၊ ယခု ဘဏ္ဍာရေးနှစ်တွင် ယခင်နှစ် ထက် ဖရဲတန်ချိန် ပိုမိုတင်ပို့နိုင်ရန် မျှော်လင့်ထားကြောင်း စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ်မှု မြှင့်တင်ရေး ဌာန၏ စာရင်းမှတ်တမ်းများနှင့် ဖရဲသီးတင်ပို့သော ကုန်သည်များ၏ ပြောဆိုချက်အရ သိရှိရသည်။
ပြည်ပဈေးကွက်သို့ တင်ပို့သည့် သစ်သီးဝလံမျိုးစုံတွင် ဖရဲသီး တင်ပို့မှုသည် နှစ်စဉ် တန်ချိန် ၄ သိန်းခွဲ အထိ ရောက်ရှိ လာခဲ့ရာ မြန်မာ့ဖရဲသီးသည် ထိပ်တန်းပို့ကုန်တခုဖြစ်လာကြောင်း၊ မူဆယ်နယ်စပ်မှ တရုတ်ဈေးကွက်သို့ တနေ့ပျမ်းမျှ ဖရဲသီး တင်ပို့နေမှုသည် ၁၇ တန်ရှိ ၁၂ ဘီးကားများဖြင့် အစီးရေ ၂၀၀ မှ ၄၀၀ အထိ ရှိပြီး ပို့ကုန်ရငွေမှာ ဖရဲကား တစီးလျှင် အရောင်းအဝယ် အကောင်းဆုံးချိန်၌ ကျပ်သိန်း ၁၀၀ အထိ ရရှိကြောင်း မြန်မာနိုင်ငံ ဟင်းသီး ဟင်းရွက်နှင့် ပန်းမန် စိုက်ပျိုးထုတ်လုပ် တင်ပို့သူများအသင်း ဥက္ကဋ္ဌ ဦးစိုးသန်းမင်းဒင်က ပြောသည်။
“တရုတ်နိုင်ငံရဲ့ ဖရဲသီး လိုအပ်ချက်က ပို့ရင်ပို့သလောက် ကုန်တယ်၊ ကားအစီးရေ ၅၀၀ လာလည်း ၃ နာရီလောက်နဲ့ ကုန်တာပဲ” ဟု ဖရဲသီး ဈေးကွက်နှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ ဖရဲ၊သခွား စိုက်ပျိုးထုတ်လုပ် ရောင်းချသူများ အစုအဖွဲ့ ဥက္ကဋ္ဌ ဦးနိုင်ဝင်းက ပြောသည်။
တရုတ်ဈေးကွက်တွင် ဖရဲသီး လိုအပ်ချက် များနေခြင်းကြောင့် ပြည်တွင်းမှ တင်ပို့သည့် ဖရဲများကို အရည်အသွေး ပိုင်းဆိုင်ရာ စစ်ဆေးခြင်း၊ ထောက်ခံချက်များ တောင်းခံခြင်း မရှိဘဲ မြန်မာနိုင်ငံမှ တင်သွင်းလာသမျှ ဖရဲများကို တရုတ်နိုင်ငံ ဈေးကွက်က ဝယ်ယူလျှက် ရှိနေကြောင်း မြန်မာနိုင်ငံ ဖရဲ၊သခွား စိုက်ပျိုးထုတ်လုပ် ရောင်းချသူများ အစုအဖွဲ့မှ သိရသည်။
“ တရုတ်ဈေးကွက်က ဘာမှ စစ်ဆေးတာ မရှိဘူး။ လာသမျှကို ဓါတ်ကြွင်းကြွင်း မကြွင်းကြွင်း အကုန်ယူတာပဲ။ အနောက် ဘက် လိုင်းကို ပို့မယ်ဆိုရင်တော့ ဂရုစိုက် ရတယ်” ဟု မြန်မာနိုင်ငံ ဖရဲ၊သခွား စိုက်ပျိုးထုတ်လုပ် ရောင်းချသူများ အစုအဖွဲ့ ဥက္ကဋ္ဌ ဦးနိုင်ဝင်းက ဆိုသည်။
တရုတ်ဈေးကွက်သို့ ဖရဲသီး လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် တရုတ်ကုန်သည်များ ကိုယ်တိုင် မြန်မာနိုင်ငံတွင်းသို့ တရား မဝင် နည်းလမ်းများဖြင့် ဝင်ရောက်ပြီး ဒေသခံများ၏ မြေများကို တဧကလျှင် ကျပ် ၂ သိန်း ၃ သိန်းဖြင့် ဌားရမ်း၍ ဖရဲစိုက် ခင်း များ စိုက်ပျိုးမြုပ်နှံကြကြောင်း၊ ထိုသို့ တရုတ်ကုန်သည်များက ပြည်တွင်းတွင် လာရောက်စိုက်ပျိုးသည့် ဧက အားဖြင့် သောင်းချီ ရှိနေပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံ ဖရဲ၊သခွား စိုက်ပျိုးထုတ်လုပ် ရောင်းချသူများ အစုအဖွဲ့က ပြောသည်။
“တရားဝင် လာစိုက်မယ်ဆိုရင် စိုက်ဧက နည်းနိုင်တာပေါ့။ တရားမဝင်စိုက်တော့ ဧကတွေ များလာတာပေါ့။ သူတို့တွေ အဓိက စိုက်နေတာက မန္တလေးတို့ စစ်ကိုင်းတို့မှာ အများဆုံးပဲ။ မြန်မာတိုင်းရင်းသားတွေက လုပ်နိုင်ရင် ကားအစီးရေ ၂၀၀၊ ၂၅၀ ထက် မပို့နိုင်ဘူး။ သူတို့ရော တိုင်းရင်းသားရော စိုက်ကြတာ ဖရဲသီး ပြိုင်ထွက်တဲ့ အချိန်ဆို ကားအစီးရေ ၅၀၀ လောက် ဖြစ်ကုန်တယ် ”ဟု ဦးနိုင်ဝင်းက ပြောသည်။
ပုံမှန်အားဖြင့် တရုတ်ဈေးကွက်တွင် ဖရဲသီး တကီလိုလျင် ၂ ဒသမ ၈ ယွမ် (တရုတ်၁ ယွမ်လျှင် မြန်မာကျပ်ငွေ ၂၀၀ နီးပါး) ဖြင့် ဈေးနှုန်း ပေါက်နေကြောင်း ၊ ၂၀၁၅ မတ်လအတွင်း တရုတ်ဈေးကွက်တွင် ဖရဲ တကီလိုလျှင် တရုတ်ငွေ ၄ ဒသမ ၈ ယွမ် အထိ ဈေးအမြင့်ဆုံးတက်ခဲ့ကြောင်း သိရှိရသည်။
“စက်တင်ဘာ လပိုင်းကနေ ဧပြီလပိုင်း အထိ စုစုပေါင်း ၈ လတာ ကာလက ပြည်ပကို ဖရဲတင်ပို့တဲ့ ရာသီ၊ ကျန်တဲ့လက ပြည်တွင်း စားသုံးဖို့ပဲ စိုက်ကြပါတယ်” ဟု မြန်မာနိုင်ငံ ဖရဲ၊သခွား စိုက်ပျိုးထုတ်လုပ် ရောင်းချသူများ အစုအဖွဲ့ ဥက္ကဋ္ဌ ဦးနိုင်ဝင်းက ဆိုသည်။
မြန်မာနိုင်ငံတွင် ကယားပြည်နယ်နှင့် ချင်းပြည်နယ်မှအပ ကျန် တိုင်းနှင့်ပြည်နယ်များတွင် ပြည်ပတင်ပို့ရန် အတွက် ဖရဲသီးကို တွင်ကျယ်စွာ စိုက်ပျိုးလျက်ရှိကြောင်း၊ ယခင်က ဖရဲသီး ရာသီချိန် ဆောင်းတွင်း၌သာ စိုက်ပျိုးခဲ့ရာမှ ယခုအခါ တနှစ်ပတ်လုံး စိုက်ပျိုး ထုတ်လုပ်လာသည်ဟု ၎င်းက ဆက်ပြောသည်။
ဖရဲသီး စိုက်ပျိုးရာတွင် ပြည်ပဈေးကွက်ဝင် သီးနှံဖြစ် လာစေရန် အသီးကြီးထွားစေသည့် ဟော်မုန်းဆေး၊ အားဖြည့် ဓါတ်မြေသြဇာများကို တောင်သူများက အလွန်အကျွံ သုံးစွဲ၍ စိုက်ပျိုးလာကြသည်ကို တွေ့ရှိနေရကြောင်း မြန်မာနိုင်ငံ ဟင်းသီးဟင်းရွက်နှင့် ပန်းမန် စိုက်ပျိုးထုတ်လုပ် တင်ပို့ ရောင်းချသူများအသင်း ဥက္ကဋ္ဌ ဦးစိုးသန်းမင်းဒင်က ပြောသည်။
“စိုက်ပျိုးနည်းတွေမှာ မလိုအပ်ဘဲ ဓာတ်မြေသြဇာ ပိုးသတ်ဆေးတွေကို ပိုသုံးစွဲနေကြတာ သတိထားမိတယ်။ အသင်း အနေနဲ့က နေရာအနှံ ပညာပေးတာတွေ လုပ်ချင်ပေမယ့် ခက်ခဲတယ်။ အဓိက ကတော့ နိုင်ငံတော်ပိုင်းမှာ တာဝန် အများကြီး ရှိတယ်။ နိုင်ငံတော်က ပေါ်လစီ ချလုပ်ဖို့ လိုနေတယ်” ဟု ၎င်းက ဆိုသည်။
လက်ရှိအချိန်၌လည်း ဖရဲစိုက်ခင်းများတွင် ပြဿနာများ ဖြစ်ပေါ်နေပြီး ရာသီဥတုကြောင့် ဖရဲစိုက်ခင်း မအောင်မြင်မှုများ ရှိနေသကဲ့သို့ တချို့ဒေသများရှိ ဖရဲစိုက်ခင်းများတွင် မျိုးစေ့ပြဿနာများကြောင့် အရည်အသွေး မမီသည့် အသီးများ ထွက်လာခြင်းကြောင့် တောင်သူများ နစ်နာဆုံးရှုံးကြသဖြင့် မြန်မာနိုင်ငံ ဟင်းသီးဟင်းရွက်နှင့် ပန်းမန် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်းသို့ တိုင်ကြားထားသည့် အမှုများ ရှိနေကြောင်း ဦးစိုးသန်းမင်းဒင်က ဆက်ပြောသည်။
မျိုးစေ့ပြဿနာများနှင့် ပတ်သက်ပြီး မြန်မာ့သြဘာ ကုမ္ပဏီခွဲ တခုဖြစ်သည့် ဧရာဝတီမျိုးစေ့ ကုမ္ပဏီ၏ မန်နေဂျင်း ဒါရိုက်တာ ဦးစိုးသန်းက “ မျိုးစေ့က ကုမ္ပဏီ တခုနဲ့တခု မတူပါဘူး။ ကုန်ကျစရိတ်ကို ပြန်လျှော်ပေးရတာလည်း ရှိတယ်၊ တခါလေ ရာသီဥတုကြောင့် ပိုးမွှားကြောင့် တောင်သူနဲ့ ကုမ္ပဏီကြားမှာ အငြင်းပွားမှုတွေ ရှိနေတယ်” ဟု ဆိုသည်။
ပြည်တွင်းဈေးကွက်တွင် စိုက်ပျိုးရေးသုံး အင်အားစုများ ဖြန့်ဖြူးနေသည့် ကုမ္ပဏီများစွာ ရှိနေပြီး မြန်မာ့သြဘာ၊ အာမို၊ ဝီစာရ စသည့် ကုမ္ပဏီများသည် အဓိက ရေပန်းစားနေသည့် စိုက်ပျိုးရေးသုံး အင်အားစု ကုမ္ပဏီများဖြစ်ကြောင်း သိရသည်။
အဆိုပါ ကုမ္ပဏီများသည် နိုင်ငံခြား စိုက်ပျိုးရေးသုံး ကုမ္ပဏီများမှ တဆင့် ဓာတ်မြေသြဇာ၊ အားဖြည့်ဆေးများ မှာယူ တင်သွင်းကာ ဒေသခံ တောင်သူများသို့ ဖြန့်ချီရောင်းချပေးနေသည်ဟု မြန်မာနိုင်ငံ ဖရဲ၊သခွား စိုက်ပျိုးထုတ်လုပ် ရောင်းချသူများ အစုအဖွဲ့က ပြောသည်။
ပြည်တွင်း၌ ဓါတ်မြေသြဇာ၊ မျိုးစေ့၊ စိုက်ပျိုးရေးဆေး ဖြန့်ချိရောင်းချနေသည့် ရန်ကုန်အခြေစိုက် စိုက်ပျိုးရေးသုံး ကုမ္ပဏီ စုစုပေါင်း ၂၈ ခုမှ ၃၀ ခုအထိ ရှိပြီး၊ အသေးစားဆိုင်ပေါင်း ၃၀ ခန့် ရှိနေကြောင်း မြန်မာနိုင်ငံ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေး လုပ်ငန်းရှင်များ အသင်း၏ မှတ်တမ်းများအရ သိရသည်။
ဈေးကွက်ကိုကြည့်ပြီး တောင်သူများက စိုက်ပျိုးထုတ်လုပ်မှု ပြုလုပ်လာခြင်းကြောင့် ဓါတ်မြေသြဇာ သုံးစွဲမှုသည် ပိုမိုတွယ်ကျယ်လာကြောင်းနှင့် ဓါတ်မြေသြဇာ ဖြန့်ဖြူးရောင်းချသည့် ကုမ္ပဏီများကလည်း တောင်သူများ စိုက်ပျိုးရေး လုပ်ငန်းခွင်များသို့ သွားရောက်ပြီး ရောင်းချခြင်းများလည်း ရှိနေကြောင်း တောင်သူများက ပြောသည်။
“တောင်သူတွေက ဓာတုသုံးမှ အလုံးကြီးမယ်။ အလုံးကြီးမှ ဈေးရောင်းလို့ အဆင်ပြေမယ်လို့ ထင်နေတာ။ ဓါတု ဓါတ်ကြွင်းကတော့ ကျန်မှာပဲ၊ ပိုးသတ်ဆေး ဒီလောက်တောင် သုံးနေကြတာ၊ တရုတ်စိုက်ခင်းပဲ ဖြစ်ဖြစ် တိုင်းရင်းသား စိုက်ခင်းပဲ ဖြစ်ဖြစ် ဓါတ်ကြွင်းကတော့ အသင့်အတင့် ရှိနေမှာပါပဲ” ဟု မြန်မာနိုင်ငံ ဖရဲ၊သခွား စိုက်ပျိုး ထုတ်လုပ် ရောင်းချသူများ အစုအဖွဲ့ ဥက္ကဋ္ဌ ဦးနိုင်ဝင်းက ပြောသည်။
မြန်မာနိုင်ငံ ဖရဲ၊သခွား စိုက်ပျိုးထုတ်လုပ် ရောင်းချသူများ အစုအဖွဲ့ ကော်မတီဝင် ဦးတင်အောင်က “တောင်သူတွေက ပိုးသတ်ဆေးဆို ပိုးသေတာကို မြင်မှ သဘောကျနေတယ်။ စိုက်ပျိုးရေးမှာ ပြဿနာတွေ အများကြီး ရှိတယ်။ မျိုးစေ့ စချချိန်ကနေ လူ့ပါးစပ်အတွင်း ရောက်တဲ့အထိ အဆင့်တိုင်းကို ဂရုစိုက်ဖို့ လိုတယ်။ ကျင့်ဝတ်တွေကို ထိန်းရမယ်”ဟု ပြောသည်။
ပိုးသတ်ဆေး အန္တရာယ်နှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ ဟင်းသီးဟင်းရွက်နှင့် ပန်းမန် စိုက်ပျိုးထုတ်လုပ် တင်ပို့ ရောင်းချသူများ အသင်း၏ အကြံပေး ဒေါက်တာ သန်းသန်းစိန်က“ ပိုးသတ်ဆေးရဲ့ အန္တရာယ်က ပိုးကို သတ်နိုင်တယ် ဆိုကတည်းက အဆိပ်ပါပဲ၊ ပိုးသတ်ဆေးတွေက အမျိုးမျိုး ရှိတယ်။ စားရင် သေတဲ့အဆိပ်၊ ထိသေ အဆိပ် ၊ ရှုသေအဆိပ် ရှိတယ်။ နောက် အဖို မြုံသွားတဲ့ အဆိပ်တွေလည်း ရှိတယ်။ အကြောဆွဲပြီး သေတဲ့ အဆိပ်တွေလည်း ရှိတယ်။ ဒါပေမယ့် လူရဲ့ ကိုယ်အလေးချိန် အချိုးအစားနဲ့ လိုက်ဖက်တဲ့ ပမာဏ ရောက်လာရင်တော့ အသက်အန္တရာယ် ထိခိုက်နိုင်တယ်။ အဲဒီ အချိန်ကာလကို မရောက်သေးဘူးဆိုရင် လူ့ကိုယ်ခန္ဓာ အတွင်းက အဆီပြင်နဲ့ အသဲနေရာများမှာ စုနေတတ်ပြီး တဖြည်းဖြည်းနဲ့ စုပုံ အာနိသင်ဖြစ်လာ အစာအိမ်က မချေဖျက်နိုင်တော့ဘူး” ဟု သတိပေး ပြောဆိုသည်။
သီးနှံများတွင် ဓါတုဆေးဝါး အသုံးပြုခြင်းနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ စားသုံးသူများ သမဂ္ဂမှ ၂၀၁၄ ခုနှစ်တွင် ရန်ကုန် တိုင်း ဒေသကြီးအတွင်း သုတေသနများ လုပ်ဆောင်ခဲ့သော်လည်း သက်ဆိုင်ရာမှ ပူးပေါင်းဆောင်ရွက်မှု မရှိခဲ့ခြင်းကြောင့် ထိရောက်မှု အားနည်းခဲ့ရသည်ဟု မြန်မာနိုင်ငံ စားသုံးသူ သမဂ္ဂ ဥက္ကဋ္ဌ ဦးမောင်မောင်က ပြောဆိုသည်။