မြန်မာ့စီးပွားရေးဈေးကွက်မှာ ၃ နှစ်ကျော်ကြာ တည်တည်ငြိမ်ငြိမ်ရှိနေတဲ့ အမေရိကန်ဒေါ်လာတန်ဖိုး က ဇွန်လဆန်ပိုင်းမှာ ရုတ်တရက် ထိုးတက်သွားတာကြောင့် မြန်မာ့စီးပွားရေး အသိုင်းအဝိုင်းမှာ ဆိုး ရွား တဲ့ ရိုက်ခတ်မှုများစွာဖြစ်ပေါ်ခဲ့ပြီး ဈေးနှုန်း မတည်မငြိမ်မှုတွေဖြစ်ပေါ်လာပါတယ်။
သမ္မတ ဦးသိန်းစိန်အစိုးရတက်လာပြီးတဲ့နောက် အမေရိကန်ဒေါ်လာ အစားထိုး FEC ဒေါ်လာ ဖျက် သိမ်း ခဲ့တာ၊ ဗဟို ဘဏ် ကို ဘဏ္ဍာရေးဝန်ကြီးဌာနလက်အောက်မှ သီးခြားခွဲထုတ်ပြီး သီးသန့် ရပ်တည် စေခဲ့ တာ၊ အမေရိကန်ဒေါ်လာကို နှုန်းရှင် သတ်မှတ်ပေးခဲ့တာတွေကြောင့် ၂၀၁၁ ခုနှစ်မှ ၂၀၁၄ ခုနှစ် နှစ်ကုန် ပိုင်းအထိ အမေရိကန်ဒေါ်လာတန်ဖိုးက တည် တည် ငြိမ်ငြိမ်နဲ့ ရှိနေခဲ့ပါတယ်။ ၂၀၁၄ ခုနှစ် အထိ အမေရိကန်တဒေါ်လာ မြန်မာကျပ်ငွေ ၁၀၀၀ ဝန်းကျင်မှာပဲ ရှိနေရာ က နေ ၂၀၁၅ ခုနှစ် ဧပြီလ က စတင်ပြီး အမေရိကန်ဒေါ်လာ ဈေးတွေ တရိရိပ်မြင့်တက်လာခဲ့ပြီး ဇွန်လဆန်းပိုင်းမှာ တဒေါ် လာ ၁၃၀၀ ကျပ်အထိ အမြင့်ဆုံး ထိုးတက်သွားခဲ့အထိ ဖြစ်လာပါတယ်။
ဒေါ်လာဈေးဘာကြောင့်တက်လဲ
နိုင်ငံတကာစီးပွားရေးအသိုင်းအဝိုင်းမှာ အမေရိကန် စီးပွားရေး ခိုင်မာလာမှုနဲ့အတူ အမေရိကန် ဒေါ် လာ တန်ဖိုးတွေလည်း လိုက်ပါ မြင့်တက်လာပါတယ်။ နိုင်ငံတကာ ငွေကြေးဈေးကွက်အားလုံးမှာ အမေရိကန် ဒေါ်လာတန်ဖိုး မြင့်တက်လာပြီး မြန်မာ နိုင်ငံမှာလည်း ကျပ်ငွေ ကျဆင်းကာ ဒေါ်လာ တန် ဖိုး မြင့်တက်လာပါတယ်။
ဒါပေမယ့် မြန်မာ့ကျပ်ငွေ တန်ဖိုး ကျဆင်းပုံနဲ့ အမေရိကန်ဒေါ်လာ တန်ဖိုး ထိုး တက်လာပုံက နိုင်ငံတကာလို တည်တည် ငြိမ်ငြိမ်မရှိဘဲ ထိုးဆင်း၊ ထိုးတက် ပုံစံ ဖြစ်တာ ကြောင့် စီးပွားရေး ဈေးကွက် အတွင်းမှာ ဂယက်ရိုက်မှုတွေ များစွာ ဖြစ်ပေါ် ခဲ့ပါတယ်။ အထူးသဖြင့် သွင်းကုန် အဓိက အားထား နေရတဲ့ မြန်မာ့စီးပွားရေးဈေးကွက်မှာ အထွေထွေ ကုန်ဈေး နှုန်း မြင့်တက် မှုဆီကို ဦးတည် လာပါတယ်။
မြန်မာ့စီးပွားရေးဈေးကွက်မှာ အမေရိကန်ဒေါ်လာ တန်ဖိုး ထိုးတက်လာစေတဲ့ အကြောင်းအရင်း များ စွာ ရှိပြီး အဓိက အားဖြင့်တော့ ဈေးကစားမှုက ဒေါ်လာတန်ဖိုးမြင့်တက်စေတဲ့ အခရာကျတဲ့အကြောင်း အရင်းတခုဖြစ်ပါတယ်။
လတ်တလော အိမ်ခြံမြေဈေးကွက် ရပ်ဆိုင်းလုနီးနီး အရောင်းအဝယ်မကောင်းတော့တာ၊ ရွေးကောက် ပွဲ နီးကပ်လာ တဲ့အတွက် စီးပွားရေး ရင်းနှီးမြှုပ်နှံမှုတွေ ကျဆင်းလာတာ၊ ကားဈေးကွက် မှာလည်း အရင်လို ရင်းနှှီးမြှုပ်နှံပြီး အမြတ် ထွက်အောင် ပြန်ရောင်းနိုင်တဲ့ အခြေ အနေ မရှိတော့တာတွေကြောင့် စီးပွားရေးသမားတွေက အမေရိကန်ဒေါ်လာနဲ့ ရွှေဈေးကွက်ကို ပြန်လည် အာရုံကျလာပါတယ်။
“မြန်မာကျပ်ငွေ အများကြီး လက်ထဲမှာ ရှိတဲ့သူတွေက ဒေါ်လာ ရတဲ့ဈေးနဲ့ လိုက် ဝယ် တယ်။ အရင် တုန်း ကတော့ ဘဏ် မှာ ထားရင် အတိုးရတာကိုး။ အခုကြ ငွေဖောင်းပွမှုနဲ့ဆိုတော့ ဒေါ်လာပဲ ဝယ် သိမ်း တယ်ပေါ့” လို့ ရန်ကုန် စီးပွားရေး သမား တဦးက ဆိုပါတယ်။
ဒေါ်လာတန်ဖိုးမြင့်တက်စေတဲ့ နောက်အကြောင်းအရင်းကြီးတခုကတော့ သွင်းကုန်တင်သွင်းမှု များ ပြား မှုကြောင့် ဒေါ်လာ လိုအပ်ချက် ကြီးမားနေတာ၊ တနည်းအားဖြင့်ဆိုရလျှင် ကုန်သွယ်ရေး လိုငွေ ပြနေ တာကြောင့်ပဲဖြစ်ပါတယ်။
အိမ်တအိမ်မှာ ဝင်ငွေထက် သုံးငွေ ပိုမိုများပြားလာတာကြောင့် ငွေကြေးကျပ်တည်းလာတဲ့ သဘော တရား ဆန်ဆန် ပုံစံ မျိုးပါပဲ။
မြန်မာနိုင်ငံရဲ့ ပို့ကုန်ရငွေက သွင်းကုန်ရငွေထက်နည်းနေလို့ ကုန်သွယ်ရေးလိုငွေ အမေရိကန် ဒေါ် လာ ၅ဘီလီယံ ကျော် ပြနေတာပါ။ ဒီတော့ သွင်းကုန်အတွက် ပေးရမယ့် နိုင်ငံခြားငွေ ဒေါ်လာ လိုပါ တယ်။သွင်းကုန်လုပ်ငန်းရှင်တိုင်း လိုကြ ပါတယ်။ မြန်မာနိုင်ငံမှာ ဒေါ်လာကို များပြားတဲ့ ပမာဏ အထိ လိုအပ် နေတယ်လို့ ပြောရမှာပါ။ ဒါကြောင့် ဈေးကစား တယ်ဆိုတဲ့သူတွေဟာ ဒီလိုအပ်ချက်ကို သိ လို့ ဈေးကွက်မှာ ရှိနေတဲ့ ဒေါ်လာကို ဝင်ကစားကြတာ ပါလို့ စီးပွားရေး သမား တွေက ဆိုကြပါတယ်။
ဒေါ်လာဈေးတက်မှုရဲ့ နောက်ဆက်တွဲ ဂယက်များ
အမေရိကန်ဒေါ်လာတန်ဖိုး ထိုးတက်လာမှုကြောင့် ပြည်တွင်းစီးပွားရေးဈေးကွက်မှာ သက်ရောက်မှု များစွာ ဖြစ်ပေါ်ခဲ့ပြီး အထူးသဖြင့် ဈေးနှုန်းမတည်ငြိမ်မှုနဲ့ စီးပွားရေးသမားတွေရဲ့ ကျပ်ငွေအပေါ် ယုံ ကြည်မှု ပျောက်ဆုံးစေခဲ့တဲ့ ဆိုးကျိုး သက်ရောက် မှုများဖြစ်ပေါ်စေခဲ့ပါတယ်။
ဇွန်လ ၁၀ ရက်နေ့မှာ အမေရိကန်တဒေါ်လာ ၁၃၀၀ ကျပ်အထိ ထိုးတက်သွားခဲ့တာကြောင့် အခေါက် ရွှေ တကျပ်သားကို ၈ သိန်းကျပ်အထိ မြင့်တက်သွားစေခဲ့ပါတယ်။ ဒေါ်လာတန်ဖိုးရုတ်တရက် မြင့်တက်မှု ကြောင့် မြန်မာ့ဘဏ္ဍာရေး နဲ့ငွေ ကြေး စနစ်ကို အကြီးအကျယ် ခြိမ်းခြောက်လာတာကတော့ ဒေါ်လာ မှောင်ခိုဈေးကွက် တခေတ်ပြန်ထလာတာပါပဲ။
စစ်အစိုးရသက်တမ်းတလျှောက်လုံး ကြီးမားကျယ်ပြယ်ခဲ့တဲ့ ဒေါ်လာမှောင်ခိုဈေးကွက်က ဇွန်လ ၁၀ ရက်နေ့ အမေရိကန် တဒေါ်လာ ၁၃၀၀ ကျပ် ရောက်ရှိသွားချိန်မှာတော့ အကြီးအကျယ် ခေါင်းပြန် ထောင်ထလာပါတယ်။ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ရဲ့ ရည်ညွှန်းငွေလဲနှုန်းက အရင် စစ်အစိုးရခေတ် ငွေလဲနှုန်းသတ်မှတ်ချက်လိုဖြစ်သွားပြီး ဘာမှ အရာ မရောက် တော့ပါဘူး။
ဗဟိုဘဏ်ရဲ့ ခွင့်ပြုချက်လိုင်စင်နဲ့ လဲလှယ်လုပ်ကိုင်နေတဲ့ ငွေလဲကောင်တာတွေအားလုံးမှာလည်း အမေရိကန်ဒေါ်လာ အရောင်း အဝယ် ရပ်ဆိုင်သွားပါတယ်။ ဒါဟာ သမ္မတဦးသိန်းစိန်အစိုးရ တည်ဆောက်ခဲ့တဲ့ ငွေကြေးနဲ့ ဘဏ္ဍာရေး ဆိုင်ရာ ပြုပြင်ပြောင်းလဲရေးတွေအတွက် အကြီးအကျယ် ဆုံးသော ခြိမ်းခြောက်မှု ဆိုရင်လည်းမမှားပါဘူး။
စက်သုံးဆီးဈေးနှုန်းတွေ၊ မော်တော်ကားဈေးနှုန်းတွေ၊ ဆေးဝါးဈေးနှုန်းတွေ အပါအဝင် သွင်းကုန် ဈေးနှုန်း တွေအားလုံး တပြိုင်နက်တည်း ဈေးတွေ တရိပ်ရိပ်တက်လာတာမို့ အထွေထွေ ကုန်ဈေးနှုန်း မြင့်တက်ရေးအထိ ဦးတည်လာနေတာ က လည်း ဒေါ်လာဈေးနှုန်းထိုးတက်မှုရဲ့ နောက်ဆက်တွဲ တွေ ဖြစ်ပါတယ်။
စီးပွားရေးလုပ်ငန်းရှင်တဦးဖြစ်တဲ့ ဦးနှင်းဦးက “စီးပွားရေးလုပ်ငန်းလုပ်တဲ့သူတွေအားလုံးကတော့ ဒေါ်လာ ဈေး ငြိမ်နေမှ လုပ်လို့ရတာ။ အခုဟာ စီးပွားရေးမှာ (Trading) ကုန်သွယ်မှုကြောင့် မဟုတ်ဘဲနဲ့ (Currency) ငွေကြေး ကြောင့် ဖြစ်သွား တာပေါ့။ ကုန်ရောင်းကုန်ဝယ်မှာတော့ ကိုက်နေ တယ်။ ငွေလဲနှုန်းကြောင့် ရှုံးသွားတာမျိုးပေါ့။ မညီမျှမှု တွေ ဖြစ်သွား တာပေါ့” လို့ ပြောပါတယ်။
ဗဟိုဘဏ်နဲ့ အာဏာပိုင်တွေရဲ့ ထိန်းသိမ်းမှု
ဒေါ်လာဈေးနှုန်းရုတ်တရက် မြင့်တက်လာတဲ့နောက်ပိုင်းမှာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ငွေလဲ ကောင်တာ တွေကို ခေါ်ယူသတိပေးတာ၊ အမေရိကန်ဒေါ်လာအစား မြန်မာကျပ်ငွေကို ပိုမို အသုံးပြုဖို့ ညွှန်ကြားချက်ထုတ်ပြန်တာတွေ၊ လုပ်ငန်း ရှင် တွေကို ခေါ်ယူတွေ့ဆုံတာတွေ လုပ်ဆောင်ခဲ့ပါတယ်။
ဒါပေမယ့်လည်း ဈေးကွက်မှာ ဖြစ်ပေါ်နေတဲ့ မှောင်ခို ဒေါ်လာဈေးကွက်ကို ထိန်းချုပ်နိုင်ခြင်းမရှိဘဲ ဗဟိုဘဏ်ရဲ့ သြဇာ သက်ရောက်မှုကလည်း မရှိသလောက် ဖြစ်နေပါတယ်။
ဗဟိုဘဏ်က အခုလို ငွေလဲနှုန်း ကမောက်ကမ ဖြစ်နေတာတွေနဲ့ပတ်သတ်ပြီး အခုလ ၁၂ရက်နေ့က နေပြည်တော်မှာ ဘဏ်လုပ်ငန်းရှင်များနှင့် ဒုတိယအကြိမ် ထပ်မံတွေ့ဆုံခဲ့သလို ၁၃ ရက်နေ့ကလည်း သမ္မတရုံးဝန်ကြီးတွေနဲ့ ပို့ကုန်လုပ်ငန်း ရှင်၊ သွင်းကုန်လုပ်ငန်းရှင်တွေ ရန်ကုန်မှာ တွေ့ဆုံခဲ့ကြပါတယ်။
ဒီလိုတွေ့ဆုံဆွေးနွေးမှုတွေကနေ ဖြေရှင်းစရာ အဖြေတခုတော့ မထွက်ခဲ့ဘူးလို့ ဒုတိယနေ့ ရန်ကုန် ဆွေးနွေးပွဲမှာ တက်ရောက် ခဲ့တဲ့ လုပ်ငန်းရှင်တဦးက ပြောပါတယ်။ ပထမနေ့ နေပြည်တော် တွေ့ဆုံ ဆွေးနွေးပွဲမှာ ဆွေးနွေးခဲ့တာ တွေထဲ က အဓိက အကြောင်းအရာ တခုကတော့ သွင်းကုန်လုပ်ငန်း လုပ်ကိုင်နေသူတွေအတွက် အမှန်တကယ်လိုအပ်တဲ့ ဒေါ်လာ ကို ဗဟိုဘဏ်ကနေ ရောင်းချပေးဖို့ ဆိုတာပါ။ ဒါပေမယ့် အဲ့ဒီအစီအစဉ်ဟာ ဖြစ်မလာပါဘူးလို့ သိရပါတယ်။
ဗဟိုဘဏ်က သွင်းကုန်လုပ်ငန်းရှင်တွေ အမှန်တကယ်လိုအပ်တဲ့ ဒေါ်လာကို မရောင်းချပေးနိုင်ဘူး ဆိုရင် ဒေါ်လာလိုအပ် ချက်က ဆက်ရှိနေဦးမှာပါ။
ဗဟိုဘဏ် အနေနဲ့လည်း သူ့မှာ ရှိတဲ့ နိုင်ငံခြားအရံငွေထဲက ဒေါ်လာတွေ ထုတ်ရောင်းပေးဖို့ ဆိုတာမှာ သူ့ရဲ့ အင်အား တောင့်တင်းမှ ဖြစ်နိုင်မှာပါ။ ဒါကို စီးပွားရေးပညာရှင်တွေက အမြဲတစေ ပြောဆို တိုက်တွန်းပြောဆိုနေ တာဖြစ်ပါတယ်။ လက်ရှိဗဟိုဘဏ်မှာ ရှိနေတဲ့ နိုင်ငံခြားအရန်ငွေပမာဏဟာ အမေရိ ကန် ဒေါ်လာ ၄.၈ဘီလီယံပဲရှိပါတယ်။ ဒါက အရင် ၈ဘီလီယံ ကျော်ရှိရာကနေ လျော့လာ နေတဲ့ အခြေ အနေပါ။
မြန်မာနိုင်ငံအနေနဲ့ ပို့ကုန် တင်ပို့မှုပမာဏ နည်းပါးလွန်းတာမို့ ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ချက် ချင်း ကြီး တိုးလာ စရာ အကြောင်းမရှိတဲ့အတွက် ဒေါ်လာ လိုအပ်ချက် ဆက်လက် ကြီးမား နေဦး မယ် လို့ စီးပွားရေးပညာရှင် ဒေါက်တာ အောင်ကိုကိုက သုံးသပ်ပါတယ်။
ဈေးကစားမှုကြောင့် ထိုးတက်လာတဲ့ ဒေါ်လာတန်ဖိုးမြင့်တက်မှုကို ကိုင်တွယ်တဲ့နေရာမှာ ဗဟိုဘဏ် ဘက်ကရော အစိုးရတာဝန်ရှိသူတွေဘက်ကရော ပွင့်လင်းမြင်သာမှု ဘာတခုမှ မရှိသလောက်လို့ ပြောရမှာပါ။
ဗဟိုဘဏ်ကဒေါ်လာတန်ဖိုးမြင့်တက်မှုကို ဘယ်လိုကိုင်တွယ်နေသလဲဆိုတဲ့ မီဒီယာတွေရဲ့ မေးမြန်းချက်ကို ဖြေဆိုဖို့ ငြင်းဆန် နေသလို အစိုးရနဲ့ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်တွေ တွေ့ဆုံတဲ့ ဆွေးနွေးပွဲမှာလည်း မီဒီယာတွေကို လုံး၀ သတင်း ရယူခွင့် မပေးခဲ့ပါဘူး။
စီးပွားရေးလုပ်ငန်းရှင်ဦးနှင်းဦးက “ခဏခဏ ဖြစ်တိုင်းဖြစ်တိုင်း အဓိက ခံရတာက ပြည်သူပဲ။ အောက်ခြေ နဲ့ အလယ် အလတ် လူတန်းစားတွေပဲပေါ့ဗျာ။ ချမ်းသာတဲ့သူတွေအတွက်ကတော့ ဒါကိုသိပ်မသိသာဘူးပေါ့။ ဘာဖြစ်လို့ဆိုရင် သူတို့စီးပွားရေး လုပ်ငန်းမှာ ပိုက်ဆံတွေ အများကြီး ရှိတဲ့အခါကျ သွင်းကုန်များများသွင်းနိုင်တဲ့အခါ တက်တက်ဈေး၊ ကျကျ ဈေး ရောင်းတဲ့အခါ သူတို့က မရှုံးဘူး” လို့ ပြောပါတယ်။
ပြည်ထဲရေးဝန်ကြီးဌာနက ဒေါ်လာတရားမဝင်ရောင်းဝယ်သူ လက်ကြီးသမားတွေကို ဝင်ရောက် ဖမ်း ဆီး တာတွေ လုပ်ဆောင် လာပေမယ့်လည်း မှောင်ခိုဈေးကွက်တခုလုံးကို ဖြိုဖျက်မယ့် မဟာ ဗျူဟာ ရှိပုံမရပါဘူး။
ကမ္ဘောဇဘဏ် အကြံပေး အရာရှိ ဦးသန်းလွင်က “ဒေါ်လာကိစ္စကို ဖြေရှင်းနိုင်ဖို့ ပြည်တွင်း တရားမဝင် ဟွန်ဒီ ဈေးကွက်ကို အစိုးရ အနေနဲ့ ထိန်းချုပ်နိုင်ဖို့ လိုတယ်။ အဲဒီ ဈေးကွက်က ၅ ဘီလီယံလောက် ရှိတယ်။ အဲဒါကို ထိန်းချုပ်ရမှာ။ ဘဏ်တွေ ကြောင့်ဆိုပြီး လက်ညိုးထိုးနေလို့ မရဘူး။ ဗဟိုဘဏ်ကိုလည်း လွတ်လပ်ခွင့် ပေးရမယ်။ ဗဟိုဘဏ်က ဒီထက် လွတ်လွတ် လပ်လပ် လုပ်နိုင်ဖို့ လိုတယ်။ အဖွဲ့ ပေါင်းစုံ ပေါင်းပြီး အဖြေရှာသင့်တယ်”လို့ ဆိုပါတယ်။
ဘဏ္ဍာရေးနဲ့ ငွေကြေးစနစ်က တိုင်းပြည်ရဲ့ နိုင်ငံရေး ၊ စီးပွားရေး စနစ်တခုလုံး ကို သက်ရောက်မှု ကြီးမား လွန်းတာမို့ တိကျသေချာတဲ့ မူဝါဒ ၊ ပွင့်လင်းမြင်သာမှုရှိတဲ့ တာဝန်ခံမှုတွေ မရှိသမျှ ကာလ ပတ် လုံး မြန်မာ့စီးပွားရေးက မှောင်ခို ဒေါ်လာ ဈေးကွက်ရဲ့ ဈေးကစားမှုအောက်မှာ မတည်မငြိမ် နဲ့ ဆက် လက် စခန်းသွားရမယ့် အခြေအနေရှိတယ်လို့ စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ စီးပွားရေး ပညာရှင် တွေက သုံးသပ်ပြောဆိုပါတယ်။