အနည်းဆုံး အခကြေးငွေဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ၏ ဇွန် ၂၉ ရက်နေ့က အဆိုပြုထားသော အခြေခံလုပ်ခနှုန်းထား ၃၆၀၀ ကျပ် အတည်ဖြစ်သွားမည်ဆိုလျှင် ပြည်တွင်းသို့ လက်ရှိ လာရောက်လုပ်ကိုင်နေသော တရုတ်နိုင်ငံနှင့် ကိုရီးယားနိုင်ငံမှ စက်ရုံများ ပိတ်သိမ်းသွားမည်ဟု သိရသည်။
အမျိုးသားအဆင့် ကော်မတီ၏ အဆိုပြုမှုနှင့် ပတ်သတ်၍ အထည်ချုပ်လုပ်ငန်းရှင်များ ဇူလိုင် ၂ ရက်နေ့က တွေ့ဆုံဆန္ဒသဘောထား ယူကြရာတွင် စက်ရုံများ ပိတ်သွားမည့် အကြောင်းကို တရုတ်နှင့် ကိုရီးယားလုပ်ငန်းရှင်များဘက်က ပြောဆိုလိုက်ခြင်းဖြစ်သည်။
တရုတ် အထည်ချုပ်လုပ်ငန်းရှင်များထဲမှ ကိုယ်စာလှယ်တဦးက “၂၅၀၀ ကျပ်အထက်ကို အားလုံးက မတိုးပေးနိုင်ပါဘူး။ တကယ်လို့ ၃၆၀၀ ကျပ်သာ ဖြစ်သွားမယ်ဆိုရင် ဒီ ၉ လပိုင်းထဲမှာ စက်ရုံတွေ ပိတ်ဖို့ စီစဉ်ထားပါတယ်” ဟု ပြောသည်။
တရုတ်နိုင်ငံက မြန်မာနိုင်ငံသို့ လာရောက်လုပ်ကိုင်နေသော အထည်ချုပ် စက်ရုံအရေအတွက်မှာ လက်ရှိ ၃၀ နီးပါးရှိပြီး အလုပ်သမား အင်အား စုစုပေါင်း ၇ သောင်းနီးပါး ရှိကြောင်းလည်း ၎င်းတို့က ပြောဆိုသွားသည်။
ထို့အတူ ကိုရီးယားနိုင်ငံမှ အထည်ချုပ်လုပ်ငန်းရှင်များကလည်း “ဒီလိုသာ ဖြစ်ရင် ကိုရီးယားစက်ရုံတွေလည်း မရှေးမနှောင်းမှာ ပိတ်သွားရမှာပါ” ဟု ပြောသည်။
မြန်မာနိုင်ငံတွင် ၂၀၁၃ ခုနှစ် မတ်လ ၂၂ ရက်နေ့က အတည်ပြု ပြဌာန်းခဲ့သော အနည်းဆုံး အခကြေးငွေဥပဒေနှင့် နောက်ဆက်တွဲ ဇူလိုင် ၁၂ ရက်တွင် ပြဌာန်းခဲ့သော လုပ်ထုံးလုပ်နည်း ဥပဒေများအရ အလုပ်သမား၊ အလုပ်ရှင်၊ အစိုးရတို့ ပါဝင်သော အနည်းဆုံးအခကြေးငွေဆိုင်ရာ အမျိုးသားအဆင့် ကော်မတီကိုဖွဲ့စည်းခဲ့ပြီး အခြေခံလုပ်ခလစာ ညှိနှိုင်းမှုကို အဆင့်ဆင့် လုပ်ဆောင်၍ ယခုကဲ့သို့ ၃၆၀၀ ကျပ်အဖြစ် အဆိုပြုမှု စတင်ခဲ့ခြင်းဖြစ်သည်။
အခြေခံလုပ်ခ လစာနှင့် ပတ်သတ်၍ အလုပ်သမားကိုယ်စားလှယ်များဘက်မှ ယခင်က အဆိုပြု ထားသည်မှာ ၄၀၀၀ ကျပ်ဖြစ်ကြောင်းသိရပြီး ယခု အမျိုးသားအဆင့် ကော်မတီက အဆိုပြုသည့် ၃၆၀၀ ကျပ်အပေါ်တွင်လည်း သဘောထားမှတ်ချက်များ ပေးရန်အတွက် ဇူလိုင်လ ၃ ရက်နေ့တွင် အလုပ်သမားများသမဂ္ဂအဖွဲ့ချုပ်၊ တောင်သူလယ်သမားနှင့် စိုက်ပျိုးရေးလုပ်သားများ သမဂ္ဂအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ ဆရာများ အဖွဲ့ချုပ်၊ ပင်လယ်ရေကြောင်းလုပ်သားများ သမဂ္ဂ အဖွဲ့ချုပ်နှင့် ရွှေ့ပြောင်းလုပ်သားများ ကွန်ရက်တို့ တွေ့ဆုံသွားမည်ဟု သိရသည်။
ပြည်ပမှ အထည်ချုပ်လုပ်ငန်းရှင်များနှင့် ပြည်တွင်း အထည်ချုပ်လုပ်ငန်းရှင်များက စက်ရုံများပိတ်သည်အထိ လုပ်ဆောင်သွားနိုင်သည်ဆိုသော ယခုပြောဆိုမှုများနှင့် ပတ်သတ်၍ အလုပ်သမားများသမဂ္ဂ အဖွဲ့ချုပ် ဥက္ကဌ ဦးအောင်လင်းက “ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးကို ပြန်ကြည့်ရပါလိပ်မယ်။ နိုင်ငံခြားသားမြှုပ်နှံတဲ့ လုပ်ငန်းရှင်တွေက သူတို့ အကျိုးစီးပွားပဲ ကြည့်ပါလိမ့်မယ်။ ကိုယ့်လူမျိုး လူသားအရင်းအမြစ်ဖွံ့ဖြိုးရေးကိစ္စကို ဦးစားပေးကြည့်မှာ မဟုတ်ပါဘူး။ နိုင်ငံတကာနဲ့ ဆက်စပ်လုပ်နေတဲ့ လုပ်ငန်းရှင်တွေကိုလည်း ကိုယ့်နိုင်ငံက သူတွေကိုကြည့်ပါလို့ ပြောချင်တယ်။ ဒီနိုင်ငံက လူတွေ မငတ်ရုံတမယ် စားသောက်နေရ လုပ်နေရမယ့် အခြေအနေမျိုးတခုကို အရမ်းကောင်းလှပါပြီလို့ ပြောနေလို့ မရပါဘူး။ ဘယ်လိုမြှင့်တင်ပေးမလဲကိုပဲ စဉ်းစားရပါမယ်” ဟု ပြောသည်။
ထို့ပြင် မြန်မာနိုင်ငံတွင် လက်ရှိ လုပ်ငန်းမျိုးစုံ ရှိသည့်အထဲတွင် ယခုအခြေခံလုပ်ခ ၃၆၀၀ ကျပ်အဆိုပြုသည့်အပေါ် ကန့်ကွက်ဝေဖန်မှုများ လုပ်ဆောင်နေသည်မှာ CMP လက်ခစားစနစ် လုပ်ငန်းများသာဖြစ်ကြောင်း၊ ယင်းအထဲတွင် အထည်ချုပ်လုပ်ငန်းရှင်များက ပိုမို ပြင်းထန်ကြောင်းလည်း ပြောသည်။
ဦးအောင်လင်းက “အခု လုပ်ငန်းခွင်မှာ ဝင်နေတဲ့ ၂၆ သန်းကျော် အလုပ်သမားတွေထဲမှာမှ CMP အထည်ချုပ်က အများဆုံး ရှိ ၂ သိန်းကျော်ပေါ့ဗျာ။ အလုပ်သမားဦးရေ အများကြီးထဲမှာ ၂ သိန်းကျော်လောက်နဲ့တော့ သန်း ၃၀ ကို စဉ်းစားရပါလိမ့်မယ်။ တနိုင်ငံလုံး တပြေးညီ လုပ်အားခ သတ်မှတ်မယ့် အချိန်မှာ CMP က ဒီလိုမျိုး ထထ ကန့်ကွက်နေလို့ အခြားလုပ်ငန်း တွေမှာ လုပ်နေတဲ့ သန်းပေါင်းများစွာသော အလုပ်သမားထုကို ထိခိုက်မခံနိုင်ပါဘူး” ဟု ပြောသည်။
အထည်ချုပ်လုပ်ငန်းရှင်များဘက်မှ တင်ပြသည့် အချက်များအရ ဆိုပါက အထည်ချုပ်စက်ရုံများတွင် လက်ရှိ ခန့်အပ်ထားသော ဝန်ထမ်းဦးရေပမာဏမှာ ၂ သိန်းခွဲကျော်ရှိနေပြီး ၉၁ ရာခိုင်နှုန်းမှာ အမျိုးသမီးထု ဖြစ်ကြောင်း၊ ထိုအထဲတွင် ဘွဲ့ရမှာ ၃ ရာခိုင်နှုန်းသာ ပါကြောင်း သိရသည်။
လက်ရှိ အမျိုးသားကော်မတီက အဆိုပြု အနည်းဆုံးအခကြေးငွေပမာဏ ၃၆၀၀ ကျပ်မှာ အာဆီယံ ဒေသတွင်း အနိမ့်ဆုံးနိုင်ငံတနိုင်ငံ ဖြစ်သည့် ကမ္ဘောဒီးယားနိုင်ငံ၏ လုပ်ခနှုန်းထားထက်ပင်နိမ့်နေသည်ဟု သိရပြီး မြန်မာနိုင်ငံသည် သယ်ယူပို့ဆောင်စရိတ် မြင့်တက်ခြင်းကြောင့် ဒေသတွင်းနိုင်ငံများ၏ ဈေးနှုန်း၊ ဈေးကွက်များနှင့် မယှဉ်ပြိုင်နိုင်ကြောင်း အထည်ချုပ်လုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦမြင့်စိုးက ပြောသည်။
၎င်းက “ကျနော်တို့ နိုင်ငံမှာ ပိတ်၊ ကြယ်သီး၊ အပ်ချည် ထုတ်လုပ်တဲ့ လုပ်ငန်း တယောက်မှ မရှိပါဘူး။ ဒီအတွက် တရုတ်၊ အာဆီယံနဲ့ ကိုရီးယားနိုင်ငံတွေကနေ တင်သွင်းရပါတယ်။ အဲ့လို တင်သွင်းရပြီဆိုရင် ရေနက်ဆိပ်ကမ်းမရှိတဲ့ မြန်မာနိုင်ငံဟာ တရုတ်က သွင်းမယ်ဆိုရင် တကွေ့တပတ် လာရတယ်။ အချိန်ပေးရတယ်။ သယ်ယူပို့ဆောင်ရေးစရိတ်တွေ အများကြီးကုန်တယ်။ အပ်ချည် ကြယ်သီးကအစ သူများကို မှာနေရတယ်။ ဒါကြောင့် ဒေသတွင်းက ဈေးနှုန်းတွေ ဒေသတွင်းက ဈေးကွက်တွေကို မယှဉ်နိုင်ပါဘူး” ဟု ပြောသည်။