ယခုဘဏ္ဍာနှစ် ၂၀၁၅-၂၀၁၆ မှ စတင်ပြီး အစိုးရဝန်ထမ်းများအား လစာတိုးမြှင့်ခံစားခွင့် ပြုလိုက်ပြီးချိန် သင်္ကြန် ကာလမှ တရိပ်ရိပ် တက်လာသည့် ကုန်ဈေးနှုန်းသည် ပြီးခဲ့သည့် လအတွင်း ဒေါ်လာလဲလှယ်နှုန်း မြင့်တက်လာခြင်း ဂယက်နှင့် ပေါင်းစပ်ပြီး အခြေခံ စားကုန်များ တပြေးညီ တဟုန်ထိုးမြင့်တက်လာသည့် ဒဏ်ကို ကြီးမားစွာ ခံစားနေရ ကြောင်း အိမ်ထောင်ဦးစီးများနှင့် အိမ်ထောင်ရှင်မ အများစုက ညည်းညူ ပြောဆိုကြသည်။
အခြေခံစားကုန်များ ဈေးမြင့်လာခြင်းကို အခြေခံ လူတန်းစားများသာမက ဝင်ငွေ အလယ်အလတ် ရရှိကြသူများပါ သိသာစွာ ခံစားနေရပြီး ထိုဈေးနှုန်းများသည် ဝန်ထုပ်ဝန်ပိုး သဖွယ် ဖြစ်လာနေသည်ဟု ပုဂ္ဂလိက ကုမ္ပဏီဝန်ထမ်းများ ကလည်း ဆိုသည်။
ဈေးများမြင့်တက်လာမှု အပေါ် ဒဂုံမြို့သစ်တွင် နေထိုင်သည့် ဘဏ်ဝန်ထမ်း မယဉ်သော်က “မိသားစု ၅ ယောက်ရှိ တယ်။ လင်မယားနှစ်ယောက် ဝင်ငွေ ပေါင်းရင် ၆ သိန်း လောက်ရတယ်။ ကလေး ၂ ယောက်မှာ တယောက်က ကျောင်းသား၊ တယောက်က ၃ နှစ်၊ အမေက ထိန်းပေးနေလို့။ အိမ်ငှားခ၊ ကိုယ်တွေ နေ့စဉ် လမ်းစရိတ်၊ နေ့စဉ် ဈေးသုံးဝယ်တာက ၃ ထောင်၊ ကလေးမုန့်ဖိုး၊ ကျောင်းစရိတ်၊ ကျူရှင်စရိတ်၊ အမေအတွက် ဆေးခန်းက တလတခါ ပြပေး ရတယ်။ ဆေးကုသ စရိတ်လည်း တက်လာတယ်။ သင်္ကြန်မတိုင်ခင်က လစဉ်ငွေပိုလေး ကျန်နေသေးတယ်။ အခုတော့ အဘက်ဘက်က ဈေး မတက်တာရယ်လို့ မရှိတော့ နှစ်ယောက်ပေါင်း ဝင်ငွေက မလောက်တော့ဘူး။ နေ့စဉ် ဈေးဝယ်ရတဲ့ အမေကလည်း ၃ ထောင်နဲ့ ဝယ်လို့ မလောက်တော့ဘူး ညည်း နေတာ နေ့တိုင်းကြားနေရတယ်” ဟု ပြောသည်။
ထိုသို့ အခြေခံစားကုန်များ ဈေးမြင့်လာရခြင်းမှာ ပစ္စည်းပြတ်လပ်ခြင်း ဝယ်လိုအား တက်လာခြင်းကြောင့် မဟုတ်ဘဲ အစိုးရဝန်ထမ်း လစာတိုးနှင့် ဒေါ်လာလဲလှယ်နှုန်း မြင့်တက်လာခြင်းကို အကြောင်းပြ၍ ငွေကြေးဖောင်းပွလာရခြင်း ဖြစ်သည်ဟု စားသုံးကုန် ရောင်းဝယ် လုပ်ကိုင်သူများက ဆိုသည်။
“ကိုယ့်ပြည်တွင်းက ထွက်ကုန်တွေ၊ နယ်တွေက တင်သွင်းလာတဲ့ ပဲ၊ ကြက်သွန်၊ ငရုတ်၊ ဟင်းသီး ဟင်းရွက်တွေက သင်္ကြန် မတိုင်ခင်ရော သင်္ကြန်အပြီးရော ဈေးသိသိသာသာကြီး မမြင့်လာပါဘူး။ ရာသီချိန်ကုန်လို့ ဈေးနည်းနည်း တက်တာတို့၊ မိုးတွင်းမို့ အထွက်နည်းတဲ့ကုန် အချို့ ရှိလို့ ဈေးတက်တာတို့က နှစ်တိုင်းပါပဲ။ သယ်ယူစရိတ်တွေ ကလည်း အရင်လို ပါပဲ။ ဒါပေမယ့် အခုချိန်မှာ စားကုန်တွေ တရိပ်ရိပ် ဈေးတက်လာတာကတော့ ဘာကြောင့် ဆိုတဲ့အဖြေကို ရှာမရတာမျိုး ဖြစ်နေတယ်” လို့ သီရိမင်္ဂလာဈေးတွင် ခရမ်းချဉ်သီး အရောင်းအဝယ်ဒိုင် လုပ်ကိုင်နေ သည့် ဦးတိုးက ပြောသည်။
သို့သော် အိမ်နီးချင်းနိုင်ငံများနှင့် ပြည်ပနိုင်ငံများမှ တင်သွင်းရသည့် စားကုန်အချို့နှင့် လူသုံးကုန် ပစ္စည်းအချို့မှာ ဒေါ်လာဖြင့် လဲလှယ်ဝယ်ယူရသဖြင့် ဒေါ်လာလဲလှယ်နှုန်း မြင့်တက်လာခြင်းနှင့် အတူ သွင်းကုန်ဈေးနှုန်းများပါ မြင့်တက်လာခြင်း ဖြစ်သည်ဟု ညောင်ပင်လေးဈေး အတွင်းရှိ ထိုင်းနိုင်ငံမှ တင်သွင်းသည့် အခြေခံစားကုန်၊ လူသုံးကုန်ပစ္စည်းများ ဖြန့်ဖြူးရောင်းချနေသည့် ဦးထွန်းရှိန်က ပြောသည်။
“ယိုးဒယားဘက်က တင်သွင်းတဲ့ အချိုမှုန့်ဆို ဈေးတက်သွားတာက ယိုးဒယားဘက်က အဝင်မရှိလို့ မဟုတ်ဘူး။ ငွေဈေး တက်တာကြောင့်ပါ။ ငွေဈေး တက်ရင် ယိုးဒယားပစ္စည်းတွေ လိုက်တက်တာပဲ” ဟု ၎င်းက ဆိုသည်။
ပြီးခဲ့သည့် လများက စတင်ပြီး အမေရိကန် ဒေါ်လာအား ကျပ်ငွေဖြင့် လဲလှယ်နှုန်း မြင့်တက်လာခြင်းကြောင့် ငွေကြေး ဖောင်းပွမှု ဖြစ်ပေါ်ခဲ့ပြီး ထိုအခြေအနေကို သက်ဆိုင်ရာ အုပ်ချုပ်သူများက ကောင်းစွာ မထိန်းချုပ်နိုင်ခြင်းကြောင့် စားဝတ် နေရေးတွင် အခရာကျသည့် အထွေထွေ ကုန်စည်ဈေးနှုန်းများ မြင့်တက်လာပြီး နောက်ဆုံးတွင် လက်လီ စားသုံးကြသည့် အခြေခံလူတန်းစားများသာ အခက်အခဲ ဖြစ်လာရကြောင်း စီးပွားရေးပညာရှင်များက သုံးသပ်ပြောဆို ကြသည်။
“ဒေါ်လာနဲ့ အရောင်းအဝယ် လုပ်တယ် ဆိုတာက စားဝတ်နေရေး အတွက် လုပ်နေကြတာ။ နောက်ဆုံး ပြန်ကြည့်ရင် စားဖို့သောက်ဖို့ နေဖို့ပဲ။ လုပ်ဆောင်ချက် မပီပြင်ဘူး ဆိုရင် နေထိုင် စားသောက် စရိတ်တွေ တက်လာမှာပဲ၊ အခြေခံ စားကုန်ဈေးတွေ တက်လာမယ်။ နောက်ပြီး ခေတ်ကလည်း မတူတော့ဘူး။ နိုင်ငံတကာနဲ့ ဆက်စပ်နေရတဲ့ အတွက် ဒေါ်လာထိ ဆက်နွှယ်တာတွေ ထိမယ်။ ဒါကြောင့် ပိုဆိုး မလား၊ ကောင်းမလားကတော့ ဒေါ်လာရဲ့ ဂယက်ပေါ်မှာပဲ မူတည်တယ်” ဟု စီးပွားရေးပညာရှင် ဒေါက်တာမောင်မောင်စိုးက ပြောသည်။
လက်ရှိ အချိန်အထိ စားသုံးသူ ဈေးကွက်တွင် အခြေခံကျသည့် ဆန်၊ ဆီ၊ ကြက်သွန်၊ အချိုမှုန့်၊ ဆပ်ပြာမှုန့်၊ ကော်ဖီမစ်၊ အသားငါး၊ ဟင်းသီးဟင်း ရွက်များသာမက လူသုံးကုန်ပစ္စည်းများ၊ ဆေးဝါး၊ အဝတ်အထည်များ၊ အီလက်ထရောနစ် ပစ္စည်းများ၊ အိုင်တီပစ္စည်းများ၏ ဈေးနှုန်းများသည် မြင့်တက်နေဆဲ ဖြစ်သည်။
စားသုံးကုန်၊ လူသုံးကုန်များ ဈေးမြင့်လာခြင်း အပေါ် ရန်ကုန်မြို့ ညောင်ပင်လေးဈေးရှိ ရွှေနဂါး ကုန်စုံဆိုင်ပိုင်ရှင်က “အခု စားသောက်ကုန်တွေ အကုန်ဈေးတက်တယ်။ ဒါတွေက အခွန်အခတွေလည်း ပါတယ်။ စည်ပင်ခွန်၊ ကုန်သွယ်ခွန်၊ လျှပ်စစ်မီးဖိုး မီတာခတွေလည်း တက်တယ်။ တချို့ပစ္စည်းတွေက ဒေါ်လာနဲ့ ဝယ်ရတာ၊ ဒေါ်လာဈေး တက်တော့ လိုက်တက် ရောင်းတဲ့သူက တက်ရင် တက်ဈေးနဲ့ လိုက်ရောင်းတော့ ဝယ်တဲ့သူကလည်း စားကုန်ဆိုတော့ မဖြစ်မနေ တက်ဈေးနဲ့ ဝယ်စားရတော့တာပဲ ပေါ့” ဟု ပြောသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ကုန်ဈေးနှုန်းများ တည်ငြိမ်ရေး အတွက် ထိန်းချုပ်ဆောင်ရွက်ရန် တာဝန်ပေးထားသည့် ကုန်ဈေးနှုန်း ကြီးကြပ်ရေးအဖွဲ့က ကုန်ဈေးနှုန်း ကြီးမြင့်လာမှု အပေါ်တွင် ကောင်းစွာ ထိန်းသိမ်းနိုင်သည်ကို ယနေ့ချိန်အထိ မတွေ့ရှိရသေးပေ။
ကုန်ဈေးနှုန်းများ တရိပ်ရိပ် မြင့်တက်လာခြင်း အပေါ် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ စီးပွားရေး အကြံပေး ဒေါက်တာမောင်အောင်က “ငွေကိုင်ထားနိုင်တဲ့ သူတွေက အလုပ် မလုပ်ဘဲ ငွေကို ကစားနေတဲ့ အတွက်ကြောင့် ဖြစ်နေရတာ။ ထုတ်လုပ်မှုတွေ လုပ်နေမယ် ဆိုရင် ဒီလိုမျိုး မဖြစ်ဘူး။ ငွေကို အိမ်ခြံမြေတို့ ရွှေတို့ ဒေါ်လာတို့မှာ ကစားနေ ကြတာ မှားနေတယ်။ ဒါကိုလည်း နိုင်ငံတော်ပိုင်းက လိုက်လုပ်နေတယ်။ အခု အများစုကို ကြည့်ရင် တသီးပုဂ္ဂလ လုပ်နေတဲ့ ပို့ကုန်တွေမှာ တက်နေတာ။ ဆန်၊ ရော်ဘာ၊ နှမ်း တက်တယ်။ ထုတ်လုပ်မှုနဲ့ ချိန်ရမယ်” ဟု ဆိုသည်။
အခြေခံ စားကုန်များ ဈေးမြင့်လာခြင်း အပေါ် အုပ်ချုပ်သူ အစိုးရက ထိန်းချုပ်နိုင်ခြင်း မရှိသော်လည်း မိမိတို့ အသက်ရှင်နေထိုင် နိုင်ရန် အတွက် မိမိတို့ဘာသာ ပြေလည်အောင် ရှာဖွေကြံစည် လုပ်ကိုင်နေရသည်ဟု အခြေခံ လူတန်းစား တဦးဖြစ်သည့် ရန်ကုန်မြို့တော်ခန်းမ ဘေး၌ သရက်သီးစိပ်များ ရောင်းချနေရသည့် ဒေါ်တင်က အခုလိုပြောဆို သည်။
“ကျမတို့မှာ မိသားစု ခြောက်ယောက် ရှိတယ်။ ကျောင်းတက်နေတဲ့ ကလေး တယောက်ရှိတယ်။ အရင်က တနေ့ ဈေးဖိုး ငွေငါးထောင်ရရင် အဆင် ပြေတယ်။ ဆန်ရောဆီရော ဟင်းဖိုးရော လောက်င တယ်။ အခုတော့ တနေ့ကို တသောင်းလောက်မှ မရှိရင် အဆင်မပြေဘူး။ ဒီတော့ သားမိသုံးယောက်လုံး လူစည်ကားတဲ့ နေရာတွေမှာ ခွဲပြီး ဈေးရောင်းမှ တသောင်း အနိုင်နိုင်ရတာ။ မရတဲ့ နေ့လည်း ရှိတာပေါ့။ ကလေးတွေလည်း ပညာ မသင်နိုင်တော့ဘူး။ ကုန်ဈေးနှုန်း တက်တော့ ဒီလိုပဲ ရှာကြံစားနေရတယ်” ဟု ညည်းညူ ပြောဆိုသည်။ ။