“ကိုယ့်စီးပွားရေးကို လုပ်ရင်းနဲ့ တခြားသူကို အကျိုးပြုတာပဲ ဖြစ်ချင်တယ်၊ အန္တရာယ် ပြုတာကို မဖြစ်စေချင်ဘူး” ဟု ကောင်းသန့်နှစ်ပြန်ကြော် လုပ်ငန်းပိုင်ရှင် ဦးလူမင်းက ပြောသည်။
မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ် စိတ္တသုရပ်ကွက်ထဲရှိ အကြော်ဖိုတခု တည်ဆောက်ထားပုံမှာ အခြားအကြော်ဖိုများနှင့်မတူ သံမီးခိုးခေါင်းတိုင်ရှည်သုံးခုကို အဝေးကပင် လှမ်းမြင်လိုက်ရသည်။ ဘောလုံးကွင်းကြီးတခုစာမက ကျယ်ပြန့်သည့် စက်ရုံဝင်းကြီး၏ ခြံတံခါးအထက်တွင် “ကောင်းသန့် နှစ်ပြန်ကြော်”ဟု ဆိုင်းဘုတ်တပ်ထားသည်။
ရေစကြိုမြို့နယ်အတွင်းတွင် နှစ်ပြန်ကြော်လုပ်ငန်း ၁၀ ခုခန့်ရှိသည်။ နှစ်ပြန်ကြော်လုပ်ငန်းဆိုသည်မှာ လက်ဖက်နှင့် တွဲဖက်စားသုံးရသော ပဲအကြော်မျိုးစုံတွင် ပါဝင်သည့် ပဲခြမ်းဟုအသိများသည့် တရုတ်ပဲကြီးနှင့် စွန်တာနီ၊ ကုလားပဲဟု အသိများသည့် ပဲစာဥ၊ မြေပဲ စသည်တို့ကို ကြော်လှော်သည့် လုပ်ငန်းဖြစ်သည်။
အကြော်ဖိုများတွင် ပုံမှန်အားဖြင့် ပေ ၄၀ အမြင့်ရှိ အုတ်ခေါင်းတိုင်များကို အသုံးပြုပြီး ပဲကြော်ချိန်တွင် ခေါင်းတိုင်များမှ မီးခိုးများကို ထုတ်လွှတ်ကြသည်။ သို့သော် ကောင်းသန့်တွင် တပ်ဆင်ထားသည့် သံမီးခိုးခေါင်းတိုင်ရှည်သုံးခု မှာ လေထုညစ်ညမ်းမှုဖြစ်စေသည့် ဓါတ်ငွေ့များကို လေထဲသို့ တိုက်ရိုက် မစွန့်ပစ်ဘဲ စစ်ထုတ်သန့်စင်သည့်နည်းပညာ အသုံးပြုထားသည်။
ပဲကြော်လုပ်ငန်းကို လွန်ခဲ့သော ၇ နှစ်မှ စတင်လုပ်ကိုင်ခဲ့ပြီး လေထုညစ်ညမ်းမှု လျော့ချရေးနှင့် ထင်းလောင်စာ လျှော့ချရေးအတွက် စနစ်သစ် (စက်ဖြင့်ကြော်ခြင်းကို) လုပ်ဆောင်လာခဲ့သည်ကတော့ ယခုနှစ်ဆန်းပိုင်းမှ စတင်ခဲ့သည်ဟု ဦးလူမင်းက ရှင်းပြသည်။
ပဲကြော်စက်မှ ထွက်ရှိလာသည့် မီးခိုးများကို စက်ရုံအနောက်ဘက်ရှိ ရေကန်အတွင်းသို့ ဖြတ်သန်းစေပြီး ဆီအမှုန်များ၊ အနည်များအား ကန်အတွင်း စစ်ထုတ်စေသည်။ ထိုရေကန်ကို ဖြတ်သန်းပြီး ထွက်ရှိလာသည့် မီးခိုးငွေ့များကို ပေ ၆၀ အမြင့်ရှိ မီးခိုးခေါင်းတိုင်မှ ထုတ်လွှတ်ခြင်းဖြစ်သည်။
ထို့ပြင် အလုပ်သမား ၁၃၀ ဖြင့်လည်ပတ်နေသောလုပ်ငန်းအတွက် မြေအောက်ရေသုံးစွဲမှုကို ချွေတာနိုင်သည့် နည်းပညာတခုကိုလည်း ကောင်းသန့် နှစ်ပြန်ကြော် လုပ်ငန်းက စတင်စမ်းသပ်နေသည်မှာ ၈ လခန့်ရှိပြီဖြစ်ပြီး တနှစ်ပြည့်ပါက စတင်အသုံးပြုသွားမည်ဟု ဆိုသည်။
ယခုစမ်းသပ်နေသည့် နည်းပညာအရ ပဲစိမ်ပြီးသားရေကို ကန်အလွတ်တွင် မီးသွေး၊ လွှစာနှင့် သဲတို့ဖြင့် စစ်ထုတ်လိုက်ပြီး ပဲမှော်များ ကျန်ခဲ့ကာ ရေကြည်ထွက်လာပြီဖြစ်သည်။
ထွက်ရှိလာသည့် ရေကြည်တွင် ကျန်ရစ်နေသေးသည့် ပဲအချဉ်ပေါက်အနံအတွက် ဓာတုဆေးဆပ်ပြာကြမ်းတစ်မျိုးဖြစ်သည့် ဆိုဒီယမ်မက်တာဘိုင် ဆာလဖိတ်ကို ထည့်လိုက်ပါက ပဲစိမ်ရေသည် မူလရေအတိုင်း အနံ့အသက် ကင်းသွားကာ နောက်တခါ ပဲစိမ်ရန်အတွက် အသုံးပြုနိုင်သည့် ရေဖြစ်လာသည်။
ထိုနည်းဖြင့် ပဲများကို ရေစိမ်ရာတွင် အသုံးပြုသည့် တရက်လျှင် ရေဂါလံ ၁၅၀၀ နီးပါးကို နှစ်ကြိမ်ပြန် အသုံးပြုနိုင်သည့်အပြင် ပဲစိမ်ရာမှ ထွက်သည့် အချဉ်နံ့ကိုလည်း ဖယ်ရှားနိုင်မည်ဖြစ်သည်။
“အရင်တုန်းက ပဲစိမ်ကန်က အနံ့ထွက်တာကြောင့် ပတ်ဝန်းကျင်က တိုင်တာ တောတာတွေတော့ ရှိခဲ့တယ်” ဟု စက်ရုံလုပ်သားတစ်ဦးက ပြောသည်။ ပုံမှန်လုပ်ငန်းစဉ်အရ ကြော်မည့် ပဲများကို အချိန်အတန်ကြာ ရေစိမ်ရပြီး ၎င်းပဲစိမ်ရည်များကို အသုံးပြုပြီးပါက စွန့်ပစ်ရသည်။
အဆိုပါနည်းပညာအတွက် ပြီးခဲ့သည့်နှစ်က ရန်ကုန်တွင် ပြုလုပ်ခဲ့သည့် ရေဆိုးသန့်စင်ပြပွဲကို တက်ရောက် လေ့လာရင်း စိတ်ကူးရခဲ့ကာ သားဖြစ်သူ အင်ဂျင်နီယာ ကိုဖြိုးနှင့် နည်းလမ်းရှာဖွေ စမ်းသပ်ထားကြောင်း ဦးလူမင်းက ပြုံးရင်း ပြောသည်။
အများအားဖြင့် ပဲလှော်ကြော်ဖို လုပ်ငန်းများတွင် ထင်းမီးသွေးအသုံးပြုပြီး လက်ဖြင့် ကြော်သည်။ ကောင်းသန့် ကမူ စက်ဖြင့်ကြော်သည့်အတွက် လောင်စာအတွက် ထင်းအသုံးပြုရမှု ထက်ဝက်ခန့် သက်သာသွားသည်ဟု ၎င်းက ပြောသည်။
မိုက္ကရိုဝေ့ဖ်ပုံံစံ အကြော်ဖိုတည်ဆောက်ရန်အတွက် အိန္ဒိယနိုင်ငံမှ စတီးလ်ကိုယ်ထည်များနှင့် တရုတ်နိုင်ငံမှ စက်ပစ္စည်းများ ဝယ်ယူ၍ တီထွင်လိုက်နိုင်ခြင်းဖြစ်သည်ဟု သူက ဆိုသည်။
လက်ဖြင့် ကြော်ရသည့် အကြော်ဖိုက တနာရီကြာချိန်တွင် စက်က ၅ မိနစ်သာ ကြာတော့သည်။
စက်အကြော်ဖိုအတွက် လောင်စာအဖြစ် ထင်းနှင့်ရောစပ်၍ ထန်းသီးခြောက်နှင့် လွှစာမှုန့်များကို အသုံးပြုသည်။ ယခင်က တလကို ထင်းတန်ချိန် ၃၀ ကုန်ခဲ့ရာက ယခုအခါ ထင်းအသုံးပြုရမှုမှာ သုံးပုံနှစ်ပုံခန့် လျှော့ကျသွားပြီဟုဆိုသည်။
“ကျနော် ထင်းတွေကို မဖြစ်မနေသုံးနေရပေမယ့် သစ်ပင် ၁၅ ဧက လောက်ပြန်စိုက်ထားတယ်” ဟု ဦးလူမင်းက ပြောသည်။
ထို့ပြင် လုပ်ငန်းမှ ထွက်ရှိသည့် အကြော်ဆီများကိုလည်း စက်ရုံဝင်း အနောက်ဘက်ရှိ လေးပေပတ်လည် မြေကျင်းအတွင်း စွန့်ပစ်ကာ ကျင်းအပေါ်၌ မိုးကာဖျင်စဖြင့် အုပ်မိုးထားသည်။ ထိုသို့ စွန့်ပစ်ခြင်းကြောင့် ရေနုတ်မြောင်း ပိတ်ဆို့ခြင်း၊ စက်ရုံအတွင်း ညစ်ညမ်းမှုများ လျှော့ချနိုင်သည်ဟု ဦးလူမင်းက ရှင်းပြသည်။
ပဲလှော်ဖိုများနှင့် ပတ်သက်၍ ရေစကြိုမြို့ စိတ္တသုခရပ်ကွက်တွင် နေထိုင်သူ အမျိုးသမီးတစ်ဦးက “ပဲလှော်ဖိုတွေ ကြော်တဲ့အချိန်ဆို အဲနားအိမ်တွေက နေလို့မရဘူး၊ အရမ်းအနံ့ဆိုးတယ်၊ သူတို့က လောင်စာတွေ အမျိုးမျိုးသုံးတော့ ညှော်နံ့တွေ ရတယ်၊ ခေါင်းတိုင်တွေ မြှင့်လိုက်တော့ ကျမတို့အိမ်ဘက်တော့ ဆီညှော်နံတွေ မနံတော့ဘူး” ဟု ပြောသည်။ အချို့က တာယာအဟောင်းများကိုပင် လောင်စာအဖြစ် အသုံးပြုကြသည်ဟု သူမက ဆက်ပြောသည်။
၎င်းစက်ရုံနှင့် ပတ်သတ်၍ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း စောင့်ရှောက်ရေးအတွက် ဆောင်ရွက်နေသည့် ရန်ကုန်အခြေစိုက်အဖွဲ့အစည်းတခုဖြစ်သော မြန်မာအစိမ်းရောင်ကွန်ရက်မှ တာဝန်ခံဒေါ်ဒေဝီသန့်စင်က သဘာဝပတ်ဝန်းကျင်ကျွမ်းကျင်ပညာရှင်များ၏ အသိအမှတ်ပြုခြင်းထက် ၎င်းစက်ရုံပတ်ဝန်းကျင်တွင် နေထိုင်သူများ၏ ဆုံးဖြတ်ချက်သည်သာ အဓိကကျသည်ဟု ပြောသည်။
“ပတ်ဝန်းကျင်ကတိုင်လို့ ပြောင်းလဲတာဆိုရင် ကောင်းတယ်၊ အဲဒီပြောင်းလဲမူကိုလည်း ပတ်ဝန်းကျင်က လက်ခံတယ်၊ ပြောင်းလဲတယ်လို့ ခံစားရရင် ပြဿနာမရှိဘူး”ဟု သူမက ဆိုသည်။
ကောင်းသန့် အဆင့်မြင့်ပဲကြော်စုံလုပ်ငန်းအတွင်းရှိ ပဲကြော်စက်များတွင် ပဲများကြော်နေချိန်တွင် အလုပ်ရုံ၏ မီးခိုးခေါင်းတိုင်ကို ကြည့်လိုက်ပါက အဖြူရောင်မီးခိုးငွေ့များသာ ထွက်ရှိနေတော့သည်။
(MJI Magazine တွင် ဖော်ပြပါရှိထားသည့် ဆောင်းပါးဖြစ်ပါသည်။)