ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းရှိ ဂမုန်းပွင့်ကုန်တိုက် ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက ဖြစ်ပွားခဲ့သော မီးလောင်မှုအတွက် မီးအာမခံကြေး တောင်းဆိုရာတွင် အာမခံကြေးပေးရမည့် ကုမ္ပဏီနှင့် ဂမုန်းပွင့်ကုန်တိုက်တို့အကြား ညှိနှိုင်းမရ ဖြစ်နေကြောင်း သိရ သည်။
ဂမုန်းပွင့် ကုန်တိုက်သည် မီးလောင်မှု မဖြစ်ခင် ရှေ့တလဖြစ်သော ဇန်နဝါရီလအတွင်းက FNI (First National Insurance) ကုမ္ပဏီထံသို့ အဆောက်အအုံအတွက် မီးအာမခံထားခဲ့ခြင်းဖြစ်ပြီး ယခုအာမခံလျော်ကြေး တန်ဖိုး တွက်ချက်တောင်းခံချိန်တွင် နှစ် ဘက် ညှိနှိုင်းမရဖြစ်နေကြသည်ဟု ဂမုန်းပွင့်ဘက်မှ ပြောရေးဆိုခွင့်ရှိသူ တဦးက ပြောသည်။
၎င်းက “အာမခံကုမ္ပဏီဘက်က မီးလောင်တဲ့ အကြောင်းအရင်းကိုတော့ လက်ခံတယ်။ ဒါပေမယ့် ပစ္စည်းတန်ဖိုးတွေကို ပြန်လျော် တဲ့ အခါ ဒီဘက်က အမှန်အကန်ကုန်တဲ့ ဈေးနှုန်းတွေကိုပဲ တင်တယ်။ သူတို့က များတယ်ပေါ့။ နောက်တခါ ပမာဏ များတဲ့အတွက် သူတို့က တဆင့် အာမခံ ပြန်ဝယ်ရတာတွေရှိတယ်ပေါ့။ သူတို့မှာ နောက်က အကာကွယ်ယူထားတာပေါ့။ ဒါတွေကိုလည်း ပြန် ညှိရဦးမယ်တဲ့။ ဒါတွေက ကျနော်တို့နဲ့ မဆိုင်ဘူးလေ။ အခု သူတို့က အဲ့ဒါတွေနဲ့ ညှိနေရလို့လည်း ပြောတယ်”ဟု ပြောသည်။
ထို့အပြင် အာမခံကုမ္ပဏီ FNI ဘက်မှ Subrogation ဟုခေါ်သည့် ဖြစ်စဉ်နှင့်ပတ်သက်၍ အဓိကတာဝန်ရှိသူအပေါ် ၎င်းတို့ အာမခံ ကုမ္ပဏီက လုပ်ပိုင်ခွင့် အပြည့် လွှဲပြောင်းယူခွင့် ကိုပါတောင်းဆိုကြောင်း၊ အဆိုပါ လက်မှတ် ထိုးပေးမှသာ လျော်ကြေးညှိနှိုင်းရေး အဆင်ပြေမည်ဟု ဆိုကြောင်း သိရသည်။
ယင်း Subrogation ဟုခေါ်သည့် အချက်အရဆိုပါက ယခုဂမုန်းပွင့်မီးလောင်မှု ဖြစ်စဉ်တွင် အဓိကတာဝန်ရှိသော တရုတ် နိုင်ငံ သား ၂ဦးအပေါ် တရားစွဲဆိုခွင့်၊ အလျော်တောင်းပိုင်ခွင့် စသော လုပ်ပိုင်ခွင့်များကို အာမခံကုမ္ပဏီက ဂမုန်းပွင့်ထံမှ လွှဲပြောင်းရရှိသွားမည့်သဘော ဖြစ်သည်။
ထိုအချက်နှင့်ပတ်သက်၍ ဂမုန်းပွင့်မှ ပြောရေးဆိုခွင့်ရှိသူက “ဒီအချက်ကို ကျနော်တို့က ဘာလို့မထိုးပေးနိုင်လဲဆိုတော့ အခုဟာ တရုတ်တွေက တရားခံမို့ထားပါ။ နောင်ထပ်လောင်လို့ မန်နေဂျာကြောင့်များ ဖြစ်သွားရင်၊ ကိုယ်ကလည်း အာမခံလုပ်ထားပြီဆိုရင် ကိုယ့်မန်နေဂျာအပေါ် လုပ်ပိုင်ခွင့်တွေ သူတို့ကရမှာပေါ့။ အကျပ်ကိုင်ကုန်တော့မှာပေါ့။ မင်းလျော်မှ ရမယ်။ ထောင်ချမယ်။ တရားစွဲမယ်ဆိုတာမျိုး အကျပ်ကိုင်တာမျိုး ဒီလို လုပ်ပိုင်ခွင့်ကို သူတို့ကို ကျနော်တို့ ဘယ်ပေးလို့ရမလဲ”ဟု ပြောသည်။
အာမခံကုမ္ပဏီဘက်က ပြောဆိုသည်မှာ အဆောက်အအုံ ဆုံးရှုံးမှုတန်ဖိုးအတွက် နှစ်ဘက် အင်ဂျင်နီယာများနှင့် တန်ဖိုးဖြတ်ကြ သည်တွင် သူ့ဘက် ကိုယ့်ဘက် တန်ဖိုးဖြတ်ဈေး အနည်းငယ်ကွာသော်လည်း ဖြေရှင်းပေးနိုင်ကြောင်း၊ Subrogation လွှဲပြောင်း လက်မှတ် ထိုးပေးရေးတွင်လည်း ဂမုန်းပွင့်ကုန်တိုက်ဘက်မှ ၎င်းတို့ရှေ့နေနှင့် တိုင်ပင်ဦးမည်ဆို၍ ယခုအချိန်အထိ အကြောင်း မပြန်သေးကြောင်း သိရသည်။
ဂမုန်းပွင့်ကုန်တိုက်သည် အဆောက်အအုံ အတွက် FNI ကုမ္ပဏီတွင် အာမခံထားသော်လည်း အဝတ်အထည်များကို မြန်မာ့ အာမခံ တွင် ထားရှိရာ မြန်မာ့အာမခံက လျော်ကြေးပေးပြီးဖြစ်ကြောင်းနှင့် အဆိုပါ Subrogation လက်မှတ်ကိုလည်း မတောင်း ဆိုကြောင်း သိရသည်။
သို့သော် အဆိုပါ Subrogation လက်မှတ်သည် နိုင်ငံတကာ အာမခံကုမ္ပဏီများကြားတွင် လုပ်ရိုးလုပ်စဉ်တခုဖြစ်ပြီး မြန်မာနိုင်ငံတွင် ပုဂ္ဂလိက အာမခံလုပ်ငန်းများ ဖွံ့ဖြိုးမှုနောက်ကျပြီး အတွေ့အကြုံ နည်းပါးနေသေးသော ကာလဖြစ်သည့်အတွက် ယခုကဲ့သို့ ကြုံတွေ့ရခြင်းဖြစ်ကြောင်း FNI ဘက်က ပြောသည်။
FNI ကုမ္ပဏီမှ ဒုတိယအုပ်ချုပ်မှု ဒါရိုက်တာ ဒေါ်ခင်အေးသစ်က “ဒီ Subrogation right ကို ပုဂ္ဂလိက အာမခံကုမ္ပဏီတွေရယ်၊ မြန်မာ့ အာမခံ လုပ်ငန်းရယ် တွေ့ဆုံဆွေးနွေးခဲ့တာကတော့ သဘောတူဖို့ ဆုံးဖြတ်ထားပါတယ်”ဟု ပြောဆိုသည်။
FNI ကုမ္ပဏီ အနေဖြင့် Subrogation လွှဲပြောင်းရယူခွင့်ကို ဂမုန်းပွင့်ထံမှ ရယူမည်၊ မရယူမည် ဆိုသည့် အချက်အပေါ် ယခုအချိန်တွင် အတည်မပြုပေးနိုင်သေးဘဲ ဆက်လက်ညှိနှိုင်းမှုများ ရှိသွားဦးမည်ဟုလည်း ဆိုသည်။
မြန်မာနိုင်ငံတွင် ပုဂ္ဂလိက အာမခံလုပ်ငန်းများ လက်ရှိလုပ်ကိုင်နေသည်တွင် နိုင်ငံတကာကဲ့သို့ ကြားဝင် ညှိနိုင်းသတ်မှတ်ပေးသည့် တတိယအဖွဲ့အစည်း Adjuster licence မျိုးလည်း မရှိသေးကြောင်း၊လက်ရှိတွင် အဆိုပါ အဖွဲ့အစည်းမျိုးကို နိုင်ငံတကာ အသိအမှတ်ပြု အခြားနိုင်ငံမှ အဖွဲ့မျိုးနှင့် လုပ်ဆောင်နေရကြောင်း ဒေါ်ခင်အေးသစ် က ပြောသည်။
၎င်းက“မြန်မာပြည်မှာ ဒါမျိုးမရှိသေးဘူး။ အခုလုပ်နေရတာက ထိုင်းက အဖွဲ့နဲ့ လုပ်နေရတယ်။ Adjuster licence ပေးဖို့တော့ ပြော ထားတာ ရှိပါတယ်”ဟု ပြောသည်။
ယခုဖြစ်နေသော ဂမုန်းပွင့် ကုန်တိုက်နှင့် အာမခံ ကုမ္ပဏီကြားပြဿနာတွင် ဂမုန်းပွင့်ကုန်တိုက်ဘက်မှ အာမခံစတင်ထားရှိစဉ်က ယခုကဲ့သို့ဖြစ်လာလျှင် သူ့ဘက်ကိုယ့်ဘက် လုပ်ပိုင်ခွင့်ဆိုင်ရာများကို တိကျသေချာစွာ မသိရှိခြင်း၊ အာမခံကုမ္ပဏီဘက်မှ အချက် အလက်ဆိုင်ရာ လိုအပ်ချက်တို့ ရှိခြင်းနှင့် နှစ်ဘက်အလုပ်သဘော ဆက်ဆံမှုကို ကြားခံ အကျိုးဆောင်များက ဆောင်ရွက်ပေးခြင်း တို့ကြောင့် မသိရှိမှုများ ကျန်နေခဲ့ခြင်းတို့နှင့် ဆိုင်ကြောင်း နှစ်ဘက် ဖြေဆိုမှုများအရ သိရသည်။