ပုဂံဒေသတွင် အပျော်စီး မီးပုံးပျံများ ပျံသန်းမှုကြောင့် ရှေးဟောင်းဘုရားပုထိုးများ ထိခိုက်မှု ရှိ မရှိ နှင့် ပတ်သက်ပြီး ယခုနှစ် မီးပုံးပျံများ ပျံသန်းရာသီဖြစ်သည့် ပွင့်လင်းရာသီ ရောက်မှသာ ပြန်လည် ဆွေးနွေး ဆုံးဖြတ်နိုင်မည်ဟု သိရှိရသည်။
မီးပုံးပျံများ ပျံသန်းမှုကြောင့် ရှေးဟောင်းဘုရားပုထိုးများ ထိခိုက်ပျက်စီး နိုင်သဖြင့် ပြန်လည်သုံးသပ်နိုင်ရန် ယဉ်ကျေးမှု ဝန်ကြီးဌာန က သက်ဆိုင်ရာ ဌာနများသို့ ပြီးခဲ့သည့် ဇွန်လအတွင်းက ဆွေးနွေးတင်ပြခဲ့ပြီး ဖြစ်ကြောင်း၊ ယခုအချိန်သည် မီးပုံးပျံများ ပျံသန်းမှု နားထားသည့် ရာသီဖြစ်သဖြင့် ပွင့်လင်းရာသီမှသာ ပြန်လည်ဆွေးနွေး ဆုံးဖြတ်ကြမည် ဖြစ်ကြောင်း ယဉ်ကျေးမှု ဝန်ကြီးဌာန ရှေးဟောင်းသုတေသန အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးလွင်က ဧရာဝတီကို ပြောသည်။
ဦးကျော်ဦးလွင်က “ဒီရာသီက နားထားတယ်၊ အဲဒီတော့ ပွင့်လင်းရာသီ ရောက်တဲ့အချိန်ကျရင် စမပျံခင်မှာ ပြန်လုပ်ကြလိမ့်မယ်။ အခု လောလောဆယ်တော့ ဒီအတိုင်း ခဏ ရပ်ထားတယ်”ဟု ပြောပြသည်။
ယဉ်ကျေးမှု ဝန်ကြီးဌာနက ဆွေးနွေးတင်ပြခဲ့သည့် အဓိက အချက် ၂ ချက်သည် မီးပုံးပျံများ ပျံသန်းမှု လမ်းကြောင်းပြောင်းရန်နှင့် အရေအတွက် လျှော့ချနိုင်ရန်တို့ ဖြစ်သည်ဟုလည်း ဆိုသည်။
ဆက်လက်ပြီး ၎င်းက ယခုအချိန်အထိ ယင်းအပျော်စီး မီးပုံးပျံများ ပျက်ကျမှုနှင့် မတော်တဆ ထိခိုက်မှုများ မရှိသေးသော်လည်း ကြိုတင်ပြင်ဆင်နိုင်ရန် တင်ပြခြင်း ဖြစ်ကြောင်း ပြောဆိုသည်။
ဦးကျော်ဦးလွင်က“ပျက်ကျတာမျိုးတွေ ဘာတွေ ပေါ်လာလို့ တချိန်ကျမှ ယဉ်ကျေးမှုက ဘာမှမလုပ်ထားဘူးဆိုတဲ့ ကိစ္စတွေ ပေါ်လာမှာစိုးလို့ ကျနော်တို့က ကြိုပြီးတော့ ဆွေးနွေးပြီးတော့ လွတ်ကင်းတဲ့နေရာ မထိခိုက်တဲ့နေရာ သွားလို့ရအောင် လုပ်ကြတာပါ” ဟုလည်း ပြောသည်။
ယင်းအပျော်စီး မီးပုံးပျံများ ပျံသန်းမှုနှင့် ပတ်သက်နေသော ဌာနများဖြစ်သည့် လေကြောင်းဦးစီးဌာန၊ ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ဝန်ကြီးဌာနနှင့် မီးပုံးပျံ ပျံသန်းခြင်း ဝန်ဆောင်မှု ကုမ္ပဏီများ ညှိနှိုင်းခဲ့ကြရာတွင် မီးပုံးပျံများသည် လေဟုန်စီးပြီး ပျံသန်းရခြင်း ဖြစ်သည့်အတွက် လမ်းကြောင်း ကန့်သတ်ထားရန် အခက်အခဲ ရှိနိုင်ကြောင်း လေကြောင်း ဦးစီးဌာနနှင့် မီးပုံးပျံ ဝန်ဆောင်မှု ကုမ္ပဏီများက ဆွေးနွေးခဲ့ကြသည်ဟု သိရှိရသည်။
ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမျိုးဝင်းညွန့်က “Balloons တွေကလည်း လမ်းကြောင်းတိတိကျကျနဲ့ ပျံဖို့ဆိုတာ သူတို့က မလုပ်ချင်တာ မဟုတ်ဘူး။ သူတို့ရဲ့ သဘောသဘာဝအရ ခက်နေတာပေါ့လေ။ ဒီဟာကို စည်းကမ်းကြီး သတ်မှတ်ထားပြီး လိုက်နာဖို့ကျ တကယ်လို့ ကောင်းကင်ရောက်မှ လမ်းကြောင်းပြောင်းသွားရင် သူတို့လည်း လုပ်မရဘူးလေ”ဟု ဧရာဝတီကို ပြောသည်။
မီးပုံးပျံများ ပျံသန်းမှုကြောင့် ရှေးဟောင်းဘုရားပုထိုးများ ထိခိုက်ပျက်စီးစေမှု ရှိမရှိကို သုံးသပ်နိုင်ရန်အတွက် ဗိသုကာနှင့် အင်ဂျီနီ ယာ ပညာရှင်များကိုလည်း ပါဝင်ဆွေးနွေးရန် ဖိတ်ခေါ်ထားပြီး ပွင့်လင်းရာသီတွင် နောက်တကြိမ် ပြန်လည် ညှိနှိုင်း အဖြေရှာရန် ပြီးခဲ့သည့် အစည်းအဝေးက ဆုံးဖြတ်ထားကြောင်း သိရှိရသည်။
အပျော်စီး မီးပုံးပျံ လုပ်ငန်းသည် ပုဂံဒေသ ခရီးသွားလုပ်ငန်းအတွက် ဝင်ငွေများစွာ ရရှိနေသော လုပ်ငန်းတခုဖြစ်ပြီး ပျံသန်းမှု လမ်း ကြောင်းများ ကန့်သတ်ခြင်း ပြုလုပ်လိုက်ပါက ခရီးသွားလုပ်ငန်းများကို ထိခိုက်မှုရှိမည် စိုးရိမ်သောကြောင့် နှစ်ဘက်မျှသော အဖြေ တခု ရရှိနိုင်ရန် မျှော်လင့်ထားကြောင်း ဦးမျိုးဝင်းညွန့်က ဆိုသည်။
ဦးမျိုးဝင်းညွန့်က “ပုဂံဒေသရဲ့ ခရီးသွားလုပ်ငန်းကို မထိခိုက်စေချင်ဘူး။ ရှေးဟောင်းဘုရားတွေကိုလည်း မထိခိုက်စေချင်ဘူး။ အဲဒီကြားထဲကနေ အကောင်းဆုံးဖြစ်တဲ့ နည်းလမ်းကို လုပ်စေချင်ပါတယ်”ဟု ဧရာဝတီကို ပြောသည်။
ပုဂံဒေသတွင် အပျော်စီး မီးပုံးပျံများ ပျံသန်းပေးခြင်း ဝန်ဆောင်မှုကို Balloons Over Bagan ကုမ္ပဏီက ၁၉၉၉ ခုနှစ် ကတည်းက လည်းကောင်း၊ Oriental Ballooning က ၂၀၁၃ ခုနှစ်တွင် လည်းကောင်း၊ Golden Eagle Ballooning က ၂၀၁၄ ခုနှစ် နိုဝင်ဘာ လတွင် လည်းကောင်း အသီးသီး စတင်ခဲ့ခြင်း ဖြစ်ပြီး ယနေ့အထိ မတော်တဆထိခိုက်မှု ဖြစ်ပွားခြင်း မရှိသေးဟု ဆိုသည်။
ယင်းအပျော်စီး မီးပုံးပျံများ ပျံသန်းပေးခြင်းသည် တဦးလျှင် အမေရိကန်ဒေါ်လာ ၂၅၀ နှင့် ၃၀၀ ပတ်ဝန်းကျင် ရှိကြောင်း စုံစမ်းသိရှိရသည်။
ပုဂံမြို့နှင့် ရှေးဟောင်းစေတီပုထိုးများ၏ အလှကို ကောင်းကင်အပေါ်စီးမှ ကြည့်ရှုခံစားနိုင်သည့် ယင်းအပျော်စီး မီးပုံးပျံများ ပျံသန်း ပေးခြင်း ဝန်ဆောင်မှုသည် ပုဂံဒေသကို နိုင်ငံခြားသား ခရီးသွား ဧည့်သည်များ အထူးစိတ်ဝင်စားကြသည့် အချက်များစွာထဲမှ တခုဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာနက ပြောသည်။