ယနေ့ မြန်မာ့စီးပွားရေးကို ကိန်းဂဏန်းများဖြင့် ချိန်ထိုး၍ မြင်သည့်အခါ စီးပွားရေး ဖွံ့ဖြိုးမှုနှုန်း GDP Growth Rate တနှစ်ထက်တနှစ် မြင့်လာသည်ကို တွေ့ရသည်။ ၂၀၁၁ – ၂၀၁၂ ဘဏ္ဍာနှစ်တွင် ၅ ဒသမ ၆ ရာခိုင်နှုန်းမှ တစတစ မြင့်တက်လာခဲ့ပြီး ပြီးခဲ့သည့် ဘဏ္ဍာနှစ်တွင် ၇ ဒသမ ၈ ရာခိုင်နှုန်းနှင့် ယခုဘဏ္ဍာနှစ်တွင် ၉ ဒသမ ၃ ရာခိုင်နှုန်းအထိ မှန်းထားသည်ကို ဘဏ္ဍာရေး ဝန်ကြီးဌာန ထုတ်ပြန်ချက်များတွင် တွေ့ရသည်။
သို့သော် ထိုစီးပွားရေး ဖွံ့ဖြိုးမှုနှုန်းနှင့် အတူ စိန်ခေါ်မှုများ အဖြစ် ဒွန်တွဲနေလျက်ရှိသည့် လက်ရှိ နိုင်ငံ၏ ပကတိ အခြေအနေများ ကိုလည်း ကိန်းဂဏန်းများက ထောက်ပြလျက်ရှိသည်။
ကိန်းဂဏန်းများ အရ အစိုးရသစ် သက်တမ်းတလျှောက် ဘတ်ဂျတ်လိုငွေပြမှု ဆက်တိုက် စုစုပေါင်း အမေရိကန် ဒေါ်လာ ၁၀ ဘီလီယံကျော် ရှိလာခြင်း၊ ပို့ကုန်မြှင့်တင်နိုင်ခြင်း မရှိဘဲ ကုန်သွယ်ရေး လိုငွေပြမှု နှစ်စဉ် များလာကာ ပြီးခဲ့သည့် ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၅ ဘီလီယံအထိ ရှိလာခြင်း၊ ယင်းကဲ့သို့ ဘဏ္ဍာရေးလိုငွေ၊ ကုန်သွယ်ရေး လိုငွေများကို ဖြေရှင်းရာတွင် ပြည်တွင်းပြည်ပ ချေးငွေများနှင့် ဖြေရှင်းနေရသဖြင့် နိုင်ငံအကြွေးတင်မှု များပြားလျက်ရှိပြီး လက်ရှိ နိုင်ငံ့အကြွေး ၂၅ ဘီလီယံဝန်းကျင် ရှိနေခြင်း၊ နိုင်ငံတော် အရံငွေကြေး (နိုင်ငံခြား အရန်ငွေ) အင်အားချည့်နဲ့ လာပြီး ပြီးခဲ့သည့် ဘဏ္ဍာနှစ်ကုန်တွင် အမေရိကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံသာ ရှိတော့ခြင်း၊ စီးပွားရေး အပြောင်းအလဲ စတင်ချိန်မှစ၍ ယခုအချိန်ထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှု အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံကျော်သာ ရှိသေးခြင်း၊ မြန်မာငွေကြေးတန်ဖိုး သိသာစွာ ကျဆင်းလာခြင်းနှင့် ငွေဖောင်းပွမှုနှုန်း တရိပ်ရိပ် မြင့်တက်လာကာ ယခင် ၆ ရာခိုင်နှုန်းကျော်မှ ယခုဘဏ္ဍာနှစ်တွင် ၈ ဒသမ ၁၁ ရာခိုင်နှုန်းအထိ မှန်းထားခြင်း၊ အိမ်ခြံမြေ အရောင်းအဝယ် လုပ်ငန်းများ တုံ့ဆိုင်းနေခြင်း စသည့်အချက်များက ပကတိ လက်ရှိ မြန်မာ့စီးပွားရေး၏ စိန်ခေါ်မှုများအဖြစ် ထောက်ပြနေကြသည်။
ယင်း အခြေအနေများနှင့် ပတ်သက်ပြီး ဘဏ်နှင့် ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ အကြံပေးတဦး ဖြစ်သည့် ဒေါက်တာ ဂျော့စ်စိုးဝင်းက “ဒီမှာ Macroeconomic အခြေခံက မကောင်းဘူးလေ။ ဒီအတွက် ကျနော်တို့နိုင်ငံက ရုတ်တရက်ကြီး ကောင်းလာစရာတော့ မရှိပါဘူး။ နောက်တခုက ဂျီဒီပီကိုပဲ အော်နေကြတာ။ GDP growth ဆိုတဲ့ criteria (စံနှုန်းသတ်မှတ်ချက်) နဲ့ တိုင်းလို့ မရဘူး။ ကျန်တာတွေ အများကြီးရှိသေးတာ” ဟု ပြောသည်။
စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဆီ သွားနေသော ဖွံ့ဖြိုးစနိုင်ငံ တနိုင်ငံအနေဖြင့် ဘတ်ဂျက်လိုငွေများ ရှိသည်မှာ မဆန်း သော်လည်း ထိုလိုငွေများ ဆက်တိုက် များပြားလာလျှင် မကောင်းဟု စီးပွားရေး ပညာရှင်များက ဆိုသည်။ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေ အဖွဲ့ (IMF) ကလည်း ၎င်းတို့၏ ပူးပေါင်းဆောင်ရွက်မှုများ အတွက် မြန်မာနိုင်ငံ ၏ ဘတ်ဂျတ်လိုငွေကို GPD ၏ ၅ ရာခိုင်နှုန်း အထက် မကျော်ရန် ညှိနှိုင်း အသိပေးထားသည်။ လက်ရှိ အစိုးရသစ် လက်ထက် ယခုနှစ် လျာထားချက် အပါအဝင်ဆိုလျှင် ဘတ်ဂျတ်လိုငွေပြမှုမှာ အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံကျော် ရှိနေပြီ ဖြစ်သည်။ ထိုလိုငွေများကို ပြည်တွင်းပြည်ပ ချေးငွေများနှင့် ဖြေရှင်း နေရသည် ဟု ဘဏ္ဍာရေးဝန်ကြီးဌာနက ပြောဆိုထားသည်။ ပြည်တွင်းပြည်ပ ကြွေးမြီက ယခုဆိုလျှင် ဘီလီယံ ၂၅ ဘီလီယံဝန်းကျင် ရှိနေပြီ ဖြစ်သည်။ ရေရှည်တွင် အကြွေးကို ဆပ်နိုင်သည့် အခံမရှိပါက ဝန်ပိလာမည်ဟု မြန်မာ့စီးပွားရေး လေ့လာသုံးသပ်သူတို့က ပြောဆိုထားသည်များ ရှိသည်။
ပြည်တွင်းပုဂ္ဂလိက ဘဏ်များတွင် အကြီးဆုံးဘဏ် တခု ဖြစ်သည့် ကမ္ဘောဇဘဏ်အကြံပေး ဦးသန်းလွင်က “အကြွေးက ဘယ်နိုင်ငံမှာ ဘယ်အတိုးနဲ့ ယူထားလဲ ပေါ့။ ကမ္ဘာ့ဘဏ် ဆိုရင် နှစ် ၅၀ ကြာ ပြန်ဆပ်ရတယ်လေ။ အေးအေးဆေးဆေး ပဲ။ ဂျပန်ဆိုရင် နှစ် ၄၀၊ နှစ် ၃၀ တို့ ရေရှည်ချေးငွေရှိတယ်။ ဒါကို ချက်ချင်းဆပ်ရတာမှ မဟုတ်ဘဲ။ စိုးရိမ်စရာ ရှိတာတခုပဲ။ တရုတ်ချေးငွေက နှစ်တို ဖြစ်နေတာ။ အတိုးနှုန်းကလည်း များတယ်။ အရေးကြီးတာက ချေးငွေယူတိုင်း ယူတိုင်းမှာ တိုင်းပြည်အတွက် အကျိုးပြုတယ် ဆိုရင်တော့ ကောင်းတယ်။ ဂျီဒီပီတက်မယ်။ စီးပွားတက်မယ်။ အဲဒီလိုမဟုတ်ဘဲ ဒီတိုင်းပဲ ပျောက်ပျက်သွားမယ် ဆိုရင်တော့ သွားပြီပေါ့။ ကိုယ်က ပြန်ဆပ်ရတဲ့ အခါကျရင် ဝန်ပိပြီ” ဟု ပြောသည်။
လက်ရှိမြန်မာနိုင်ငံက ပေးရန်ရှိသည့် နိုင်ငံတကာ အကြွေးများထဲတွင် တရုတ်နိုင်ငံသို့ ပေးရန်ရှိသည့် အကြွေးက အများဆုံး ဖြစ်နေပြီး နှစ်တိုချေးငွေ ဖြစ်သည့်အပြင် အတိုးနှုန်းကလည်း အမြင့်ဆုံး ဖြစ်သည်။
ထိုသို့ အကြွေးတင်နေသည့် အခြေအနေများနှင့်အတူ တဖက်တွင် ပြန်ကြည့်စရာ ရှိသည်မှာ စုဆောင်းထားနိုင်သော နိုင်ငံ့အရံငွေ အင်အား ဖြစ်သည်။ သို့သော် မြန်မာ့အရံငွေအင်အားမှာ အားရစရာမရှိဘဲ ယခင်နဲ့ စာလျှင် ထက်ဝက်နီးပါးမျှ လျော့ကျလာခဲ့ပြီး ပြီးခဲ့သည့် ဘဏ္ဍာနှစ်ကုန် အထိ အမေရိကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံသာ ရှိတော့ကြောင်း အာရှဖွံ့ဖြိုးရေးဘဏ်က ထုတ်ပြန်ထားသည်။
ယင်းသို့ ဗဟိုဘဏ်တွင် နိုင်ငံခြား အရံငွေအင်အား နည်းနေသည့်အချိန်တွင် ကုန်သွယ်ရေး လိုငွေပြမှုနှင့် ထပ်တူလိုအပ်လာသည့် ဒေါ်လာလိုအပ်ချက် မြင့်တက်မှုကြောင့် ငွေလဲနှုန်းများ မတည်မငြိမ် ဖြစ်နေပြီး မြန်မာငွေ တန်ဖိုး သိသာစွာ ကျဆင်းနေသည့် ဒဏ်ကိုလည်း လက်ရှိခံနေရချိန် ဖြစ်သည်။ ဒေါ်လာတန်ဖိုးမြင့်တက်၍ မြန်မာငွေ တန်ဖိုး ကျဆင်းလာခြင်း၏ နောက်ဆက်တွဲအဖြစ် ဒေါ်လာဖြင့်သွင်းသော သွင်းကုန်ပစ္စည်များ ဈေးမြင့်တက်မှုကို ပြည်တွင်းစားသုံးသူများ ရင်ဆိုင်ကြရသည်။
ထို့အတူ ဝန်ထမ်းများ လစာတိုးသည့် ဖြစ်စဉ်နှင့် ငွေစက္ကူသစ်များ ရိုက်ထုတ်သည့် ဖြစ်စဉ်များ အပေါ် အခြေခံသည့် ဈေးကစားမှုများကြောင့် ပြည်တွင်း အခြေခံကုန်ဈေးနှုန်းများလည်း မြင့်တက်ခဲ့သည်။ ငွေဖောင်းပွမှုနှုန်းကို တိုင်းတာရာတွင် စားသောက်ကုန် ပစ္စည်းများနှင့် အစားအသောက် မဟုတ်သော အခြားပစ္စည်း စုစုပေါင်း ၁၅၀ ကျော်၏ ဈေးနှုန်း အပြောင်းအလဲပေါ်တွင် တိုင်းတာသည် ဖြစ်ရာ ယခု အခြေအနေများ အရ ငွေဖောင်းပွမှုနှုန်း ဆက်လက် မြင့်နေဦးမည့် သဘောဖြစ်သည်။ ဘဏ္ဍာရေးဝန်ကြီးဌာန မှန်းဆထားမှုတွင်လည်း ယခုနှစ်တွင် ၈ ဒသမ ၁၁ ရာခိုင်နှုန်းအထိဟု ဆိုထားသည်။ ယင်းအခြေအနေမှာ ပြီးခဲ့သည့်နှစ် ၇ ရာခိုင်နှုန်းမှ တက်လာမည်ဆိုသည့် သဘောဖြစ်သည်။
မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စီးဝင်သည့် အပိုင်းကို ကြည့်မည် ဆိုလျှင် ခွင့်ပြုဝင်ရောက်လာသည့် ပမာဏမှာ အမေရိကန်ဒေါ်လာ ၅၆ ဘီလီယံကျော် ဖြစ်သည်။ ထိုအထဲတွင် ယခုစီးပွားရေး အပြောင်းအလဲ စတင်သည့် နှစ်များတွင် ဝင်ရောက်သည့် ပမာဏမှာ ၁၀ ဘီလီယံကျော်သာ ဖြစ်သည်။ စုစုပေါင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏ ၅၆ ဘီလီယံတွင် ပြည်တွင်း အလုပ်အကိုင် ရရှိမှုမှာ ၁ သန်းနီးပါးသာ ရှိသည့်အတွက် ထိုနိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ သည် ပြည်တွင်းအကျိုးရှိမှုကို သိပ် မဖြစ်စေကြောင်း ဒေါက်တာ ဂျော့စ်စိုးဝင်းက ပြောသည်။
၎င်းက “နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု FDI ဆိုတာ သူတို့အကျိုးပဲ ရှိမယ် ဆိုရင်တော့ အဆင် မပြေဘူး။ ကိုယ့်နိုင်ငံ အတွက် အကျိုးရှိမယ့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ရောက်လာဖို့ အရေးကြီးတယ်။ အခုဟာတော့ သိပ်မရောက်သေးဘူးပေါ့။ သူတို့ အကျိုးပဲ လာတဲ့သူတွေ များတယ်။ ဘာဖြစ်လို့ ဒီလိုပြောလဲ ဆိုရင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ထုတ်ပြန်ထားတာ ရှိတယ်။ ရင်းနှီးမြှုပ်နှံမှုက US ဘီလီယံ ဘယ်လောက်ရှိပြီ၊ ဘာညာ ပြောတယ်။ ဒါပေမယ့် တဖက် ပြည်တွင်း အလုပ်အကိုင် ရရှိမှု ကျတော့ ၁ သန်းလောက်ပဲ ရှိတယ် ဆိုတော့ အရမ်းကို နည်းနေတယ်။ ၅၀ ဘီလီယံ ကျော်ဆို ဗမာပြည်က လူတွေ နိုင်ငံခြား အလုပ် ထွက်လုပ်စရာ မလိုတော့ဘူး။ အခုဟာ FDI တော့ လာတယ်။ ဗမာပြည်က လူတွေ အလုပ်အကိုင် အခွင့်အလမ်းက မရှိဘူး။ ရှိတဲ့အလုပ်အကိုင် အခွင့်အလမ်းကလည်း စွဲမက်လောက်တဲ့ လုပ်ခတွေ မရဘူး။ အဲ့လိုတွေ ဖြစ်နေတာ”ဟု ပြောသည်။
ထို့ပြင် မြန်မာ့စီးပွားရေး ဖွံ့ဖြိုးမှု၊ ကုန်ထုတ်လုပ်မှု တိုးတက်လာစေမှုတို့တွင် ခရာကျသည်ဟု စီးပွားရေးပညာရှင်များ၊ လုပ်ငန်းရှင်များပြောကြသော အသေးစားနှင့် အလတ်စား လုပ်ငန်းများမှာလည်း လက်ရှိ အချိန်အထိ ခိုင်မာတောင့်တင်းသော ငွေကြေးအရင်းအမြစ်များ ကင်းမဲ့နေဆဲ ဖြစ်သည်။
မြန်မာ့စီးပွားရေး လေ့လာသုံးသပ်နေသူ ဦးမြင့်စိုးက “ကုန်ထုတ်လုပ်မှု တက်လာဖို့က SME ကို အားပေးဖို့ သင့်တာ။ အခုဟာ ဘယ်လို အားပေးနေမှန်း မသိဘူး။ သိန်း ၅၀ဝ နဲ့ ထူထောင်နေတဲ့ SME ပဲ ထားပါတော့ဗျာ။ နောက်ထပ် သူတိုးချဲ့ချင်လို့ သိန်း ၁ ထောင်လိုတယ်။ ဘယ်မှာသွားရှာ မလဲ။ သူ့ကိုချေးမယ့် ငွေချေးမယ့် အဖွဲ့အစည်းက မရှိသေးဘူး။ ဘယ်သူက အာမခံပေးမှာလဲ ပေါ့။ ဒီတော့ ကြားထဲမှာ SME တွေကို တာဝန်ခံပေးမယ့်။ ငွေချေးမယ့် အဖွဲ့အစည်းတွေ လိုတယ်ဗျ” ဟု ပြောသည်။
သို့သော် မြန်မာနိုင်ငံတွင် တောင့်တင်းခိုင်မာသော ငွေကြေး အရင်းအမြစ် အဖွဲ့အစည်းများ မရှိသလောက် ရှားပါးနေဆဲ ဖြစ်ကြောင်း၊ အစိုးရက ဖွင့်လှစ်ခွင့်ပေးခဲ့သည့် နိုင်ငံခြားဘဏ်များမှာလည်း ပြည်တွင်းပုဂ္ဂလိက လုပ်ငန်းများ အတွက် အထောက်အပံ့ ပေးနိုင်မည့် လုပ်ပိုင်ခွင့် ရရှိ မထားခြင်းကြောင့် ပုဂ္ဂလိက လုပ်ငန်းများ ဖွံ့ဖြိုးမှု အတွက် ငွေကြေး လိုအပ်ချက်မှာ အလှမ်းဝေးနေဆဲ ဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များက ပြောဆိုကြသည်။
လက်ရှိဖြစ်နေသည့် အခြေအနေများကို ခြုံ၍ဆိုလျှင် မြန်မာ့စီးပွားရေး ဖွံ့ဖြိုးမှုနှုန်းသည် ရှေ့သို့ သွားနေသည်ဟု ဆိုလျှင်လည်း ထိုသွားနေသည့် ဖြစ်စဉ်မှာ နိုင်ငံ့လိုငွေ ပြဿနာများ၊ ငွေဖောင်းပွမှုနှုန်း မြင့်တက်လာသည့် ပြဿနာများ၊ နိုင်ငံတကာ အကြွေးနှင့် အတိုးနှုန်းများ၊ နိုင်ငံ့စုဆောင်းငွေကြေး လျော့ကျလာခြင်း၊ မြန်မာငွေတန်ဖိုး ဆက်တိုက် ကျလာသည်သာ ရှိပြီး ပို့ကုန်သိသာစွာ တက်မလာသော ပြဿနာ၊ နိုင်ငံအတွက် ပိုမိုအကျိုးရှိစေသော နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်မှုနည်းနေ သေးသည့် ပြဿနာ၊ ယနေ့အချိန်အထိ ပုဂ္ဂလိကကဏ္ဍ လုပ်ငန်းများကို အထောက်အကူ ကောင်းကောင်းပေးနိုင်မည့် ခိုင်မာသော ငွေကြေး အရင်းအမြစ်များ ရှိမလာသေးခြင်း စသော အခြေအနေအမျိုးမျိုးတို့နှင့် လူးလိမ့်၍ သွားနေရသည့် ပုံစံမျိုးသာ ဖြစ်၍နေတော့သည်။ ။