စီးပွားရေး

ဒေါ်လာဈေး ဆက်တက်ရန် အလားအလာရှိကြောင်း စီးပွားရေး လုပ်ငန်းရှင်များ ပြော

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ဗဟိုဘဏ်အနေဖြင့် ဒေါ်လာငွေလဲလှယ်နှုန်းကို ပြင်ပဈေးကွက်နှင့် လိုက်လျောညီထွေဖြစ်လာစေရန် ပြင်ဆင် ဆောင်ရွက် သော် လည်း ပြင်ပဈေးကွက်တွင် ဒေါ်လာငွေဈေး ဆက်လက် မြင့်တက်သွားမည့် အလားအလာရှိကြောင်း ပို့ကုန် သွင်းကုန် စီးပွားရေး လုပ်ငန်းရှင်များက ဆိုသည်။

အဓိကအားဖြင့် အမေရိကန် ဒေါ်လာငွေဈေး ဆက်လက်မြင့်နိုင်ရသည့် အကြောင်းအနေဖြင့် လက်ရှိတွင် ပြည်တွင်း ငွေတန်ဖိုး အဆမတန် ကျဆင်းနေခြင်း၊ ပြည်ပသို့တင်ပို့နိုင်သည့် ကုန်စည်ပမာဏနည်းခြင်း နှင့်အတူ ဘက်ဂျက်လိုငွေ၊ လစာတိုးမြင့်မှု၊ ငွေကျပ် တသောင်း တန် အသစ် ထပ်မံ ရိုက်ထုတ်ထားခြင်းများကြောင့် ဒေါ်လာဈေးကို ပြင်ပပေါက်ဈေးအတိုင်း လိုက်ညှိရန် လွယ်ကူမည် မဟုတ်ကြောင်း မြန်မာနိုင်ငံ မော်တော်ယာဉ် ထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း ဥက္ကဋ္ဌ ဒေါက်တာ စိုးထွန်းက ပြောသည်။

“အခု ဗဟိုဘဏ်က ပြင်ပပေါက်ဈေးအတိုင်း လိုက်လုပ်တာ၊ အရင်က သူက တော်တော်ရှုံးနေတာ၊ ဒီလိုလုပ်လည်း ဒေါ်လာ ဈေးက တက်ဖို့ပဲရှိတယ်”ဟုလည်း ၎င်းက ပြောဆိုသည်။

ဇူလိုင်လ ၁၃ ရက်နေ့တွင် ဗဟိုဘဏ်က ဒေါ်လာလဲလှယ်နှုန်းဈေးကို အပြင်ဈေးကွက်နှင့် ဗဟိုဘဏ်တို့အကြား အမျိုးမျိုး ဖြစ်ပေါ်နေခြင်း မရှိစေရန် ပြင်ပဈေးကွက်နှင့် လိုက်လျောညီထွေဖြစ်လာစေရန် ပြင်ဆင်ခဲ့ပြီး ငွေလဲနှုန်း တဒေါ်လာလျှင် ၁၂၀၀ ကျပ် သတ်မှတ် လိုက်သည်။

ထို့သို့ လိုက်လျောညီထွေ ဖြစ်လာစေရန် ပြင်ဆင်ခဲ့သည့် ငွေလဲနှုန်းသည် ပုံမှန်မြင့်တက်သည့် ပုံစံမျိုးမဟုတ်ဘဲ ရုတ်တရက် ခုန် တက်လိုက်သည့်အတွက် ငွေလဲကောင်တာများတွင် ဒေါ်လာ အရောင်းအဝယ် ပြုလုပ်ရန် စောင့်ကြည့်ရမည့် အခြေအနေ ဖြစ်နေ သည်ဟု သိရသည်။

ကမ်းနားလမ်းနှင့် ဗိုလ်အောင်ကျော်လမ်း ထောင့်တွင် ဖွင့်လှစ်ထားသည့် ငွေလဲကောင်တာမှ တာဝန်ရှိသူတဦးကလည်း “ပုံမှန်က ဈေးတက်ရင် ၁၀ ကျပ်၊ ၂၀ ကျပ်ပဲ၊ မနေ့က မြင့်လိုက်တာက တော်တော်ကို ခုန်တက်ပြီး လုပ်လိုက်တာ ဒီလို ဝုန်းခနဲ ခုန်တက်သွားတော့ လာရောင်းတဲ့သူဆီက မဝယ်ရဲတော့ဘူး။ အခုက အများရဲ့ အခြေအနေကို စောင့်ကြည့်နေတယ်”ဟု ပြောသည်။

ဗဟိုဘဏ်၏ ပြင်ပဈေးကွက်နှင့်အညီ မပြင်ဆင်ခင်အထိ ပြင်ပငွေလဲကောင်တာများတွင် ငွေလဲနှုန်းသည် တဒေါ်လာလျှင် ကျပ် ၁၁၀၀ ကျော် ဝန်းကျင်တွင်သာ ရှိခဲ့သည်။

ဇူလိုင်လ ၁၄ ရက်တွင် ဗဟိုဘဏ်အဖွင့်ဈေး တဒေါ်လာလျှင် ကျပ် ၁၂၀၅ ကျပ်ဖြင့် လိုင်စင်ရငွေလဲကောင်တာများက ကြေညာ ထားသော်လည်း အမှန်တကယ် ဝယ်ယူသူများအနေဖြင့် အဆိုပါဈေးနှုန်းထက်မြင့်ပြီး ဝယ်ယူရကြောင်း ပို့ကုန် သွင်းကုန် လုပ်ငန်း လုပ်ကိုင်သူ တဦးက ပြောသည်။

“အပြင်မှာက သူတို့ကို သွားမေးရင် ဗဟိုဘဏ်ဈေးအတိုင်းပဲ ရောင်းနေတာပါဆိုပြီး ပြောနေပေမယ့် ကျနော်တို့ လုပ်ငန်းရှင်တွေက သွားလုပ်ရင်တော့ ဈေးက တခြားစီဖြစ်နေတယ်၊ အခုငွေလဲနှုန်းက တဒေါ်လာကို ၁၂၄၅ ကျပ် ၁၂၆၀ ကြား ပေးဝယ်နေရတယ်”ဟု လည်း ၎င်းက ပြောပြသည်။

ဒေါ်လာဈေးကွက် ထိန်းချုပ်သွားနိုင်ရန် ပြည်ပတွင် ရှိနေသော ငွေကြေးများကို ပြည်တွင်းသို့ စီးဝင်လာစေရေး လုပ်ဆောင် ရန်နှင့် ဗဟိုဘဏ်တွင် ရှိသည့် ငွေကြေးများကိုလည်း ရောင်းချပေးနိုင်ရန် လိုကြောင်း ဒေါက်တာ စိုးထွန်းက ပြောဆိုသည်။

ပြင်ပဈေးကွက်ပေါက်ဈေးနှင့် ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲလှယ်နှုန်းအကြား ကွာဟချက်သည် ၂၀၁၄ ခုနှစ် ဇန်နဝါရိလမှ အောက်တိုဘာ အထိ ပျမ်းမျှကွာဟချက် သုည ဒသမ ၁ ရာခိုင်နှုန်းသာ ရှိခဲ့သည်။

သို့သော် ၂၀၁၄ ခုနှစ် အောက်တိုဘာလမှ စတင်၍ အမေရိကန်ဒေါ်လာဈေး မြင့်တက်လာသည့် ဂယက် အပါအဝင် အခြားသော ပြည်တွင်း ဂယက်များကြောင့် ပြင်ပဈေးကွက် ပေါက်ဈေးသည် အလွန်အကျွံ ကျဆင်းလာပြီး ၂၀၁၅ ခုနှစ် ဇန်နဝါရီလမှ ဇွန်လအတွင်း ပျမ်းမျှ ကွာဟချက်သည်  ၃ ဒသမ ၁ ရာခိုင်နှုန်းသို့ ရောက်ရှိလာခဲ့ကြောင်း ဗဟိုဘဏ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ကြောင့် ဗဟိုဘဏ်အနေဖြင့် ပြင်ပဈေးကွက်နှင့်အညီ လိုက်လျောညီထွေဖြစ်လာစေရန် သတ်မှတ် ရည်ညွှန်းနှုန်းထားများကို ပြင်ဆင်ခြင်းအပြင် ဈေးကွက်အတွင်း ဒေါ်လာရှားပါးမှု မဖြစ်စေရန် စက်သုံးဆီနှင့် စားအုံးဆီတင်သွင်းသူများ လိုအပ်သည့် နိုင်ငံခြား ငွေများကို ဘဏ်များကတဆင့် ရောင်းချပေးနေခြင်းကို ရပ်တန့်ခြင်းမပြုဘဲ အခြားပစ္စည်းများ တင်သွင်းသူများ အားလုံးအတွက် လိုအပ်သော နိုင်ငံခြားငွေများကို နိုင်ငံခြားငွေကြေးလေလံ မှတဆင့် ဘဏ်များသို့ နေစဉ် ဆက်လက် ရောင်းချပေးသွားမည်ဖြစ် သည်ဟု ဆိုသည်။

ထိုအပြင် ငွေကြေးဖောင်းပွမှုနှုန်းနှင့် ယင်းကြောင့် ပြည်တွင်းကျပ်ငွေအပေါ် သက်ရောက်လာသည့် ဖိအားများကို လျော့ကျစေရန် အတွက် တင်းကျပ်သော ငွေကြေးမူဝါဒကို ကျင့်သုံး၍ ဈေးကွက်အတွင်းရှိ ကျပ်ငွေများကို ပိုမိုနုတ်ယူခြင်း၊ ဘဏ်များလိုက်နာရမည့် စည်းကမ်းများကို နိုင်ငံတကာထုံးစံနှင့်အညီ တင်းကျပ်၍ ချေးငွေအလွန် မြင့်တက်မှုနှုန်းကို ထိန်းချုပ်ခြင်း စသည့်တို့ကို ဗဟိုဘဏ် က ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဗဟိုဘဏ်၏ ထုတ်ပြန်ချက်၌ ပါရှိသည်။

ဗဟိုဘဏ်သည်၂၀၁၂ ခုနှစ်မှ စတင်၍ နိုင်ငံခြားငွေလေလံ Foreing Exchange Auction ကို နေ့စဉ် ပြုလုပ်၍ နှုန်းရှင် နိုင်ငံခြားငွေလဲနှုန်း စနစ် Managed Float Exchange Rate Regime ကို ကျင့်သုံးပြီး တရားဝင်ငွေလဲနှုန်း နှင့် တရားမဝင်ငွေလဲနှုန်း ဟူ၍ ကွာဟလျက်ရှိသည့် နိုင်ငံခြားငွေ လဲလှယ်နှုန်းများကို တပေါင်းတည်းဖြစ်ရန် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading