ပို့ကုန်တင်ပို့မှု အနည်းငယ် တက်လာသော်လည်း ကုန်သွယ်မှု ကျဆင်း
This article has been converted from Zawgyi One to Unicode
၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်စတင်သော ဧပြီလမှစတင်၍ ဇူလိုင်အထိ မြန်မာနိုင်ငံ၏ ပို့ကုန်တင်ပို့မှု ပမာဏသည် ယခင် ဘဏ္ဍာရေး နှစ်ထက် အနည်းငယ်တက်လာသော်လည်း ကုန်သွယ်မှုပိုင်းတွင်းမူ အနည်းငယ်ကျဆင်းသွားကြောင်း စီးပွား ရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ သတင်းအချက်အလက်များအရ သိရှိရသည်။
ဧပြီလမှစ၍ ဇူလိုင်လ ပထမအပတ်အထိ ၃ လကျော်ကြာ ကာလအတွင်း မြန်မာနိုင်ငံ၏ စုစုပေါင်းကုန်သွယ်မှုပမာဏမှာ အမေရိကန် ဒေါ်လာ ၆ ဒသမ ၂ ဘီလီယံ ရှိနေပြီး ယခင်နှစ်ဘဏ္ဍာရေးကာလ ဇူလိုင်လ ပထမပတ်တွင် ကုန်သွယ်မှု ပမာ ဏ ၆ ဒသမ ၄ ဘီလီယံထက် လျော့နည်းနေကြောင်း၊ သို့ရာတွင် ပို့ကုန်မှာမူ ဘဏ္ဍာရေးနှစ် အစမှစ၍ ဇူလိုင်လလယ် အထိ အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံတင်ပို့နိုင်သဖြင့် ယခင်နှစ်တင်ပို့မှု ပမာဏ အမေရိကန်ဒေါ်လာ ၂ ဒသမ ၄ ဘီလီယံ ထက် အနည်းငယ်မြင့်တက်လာကြောင်း အစိုးရ၏ သတင်းအချက်အလက်များအရ သိရှိရသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်မှုမြှင့်တင်ရေးနှင့်စားသုံးသူရေးရာ ဦးစီးဌာန ညွှန် ကြားရေးမှူး ဦးဝင်းမြင့်က “မနှစ်ကထက်စာရင် နည်းနည်းတော့ လျော့နေတယ်။ ဒါပေမယ့် ပို့ကုန်ကိုယှဉ်ရင် လက်ရှိကာလအထိဆို များနေတယ်” ဟု ပြောသည်။
လတ်တလော ရောက်ရှိနေသော ကုန်သွယ်မှုမာဏတန်ဖိုး အမေရိကန်ဒေါ်လာ ၆ ဒသမ ၂ ဘီလီယံ တွင် နယ်စပ် ကုန် သွယ်မှု ပမာဏသည် ၁ ဒသမ ၅ ဘီလီယံရှိကြောင်း၊ နယ်စပ်ကုန်သွယ်မှုတွင် တရုတ်နိုင်ငံနှင့် ကုန်သွယ်မှု တန်ဖိုး အမေရိ ကန် ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံ ဖြင့် အများဆုံးဖြစ်ကြောင်း၊ ထိုင်းနိုင်ငံနှင့် နယ်စပ် ကုန်သွယ်မှုသည် အမေရိကန် ဒေါ်လာ ၂၁၉ သန်း၊ ဘင်္ဂလားဒေရှ်နိုင်ငံနှင့် အမေရိကန်ဒေါ်လာ ၂သန်း၊ အိန္ဒိယနိုင်ငံနှင့် အမေရိကန်ဒေါ်လာ ၁၇သန်း အသီးသီးရှိကြောင်း သိရှိရသည်။
မြန်မာနိုင်ငံသည် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် နိုင်ငံတကာနှင့် ကုန်သွယ်မှုစုစုပေါင်း အမေရိကန်ဒေါ်လာ ၂၈ ဘီ လီယံခန့် ကုန်သွယ်မှုပြုနိုင်ခဲ့ပြီး ယခုဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုပမာဏ စုစုပေါင်း အမေရိကန်ဒေါ်လာ ၂၉ ဒသမ ၉ ဘီလီယံ အထိ တိုးမြှင့်ရန်လျာထားကြောင်း၊ သွင်းကုန်ပမာဏကို ၁၇ ဘီလီယံအထိ လျာထားပြီး ပို့ကုန်ကို ၁၂ ဒသမ ၉ ဘီလီယံ အထိ လျာထားကြောင်း သိရသည်။
ပို့ကုန်တင်ပို့မှုမှ ဝင်ငွေတိုးပွားလာရန် မျှော်မှန်းထားရာတွင် စက်မှုကုန်ချောပစ္စည်းတင် ပို့မှုမှ မှန်းထားသည့် ပို့ကုန်ဝင်ငွေ စုစုပေါင်းမှာ အမေရိကန်ဒေါ်လာ ၇ ဒသမ ၃ ဘီလီယံရရန် မျှော်မှန်းထားကြောင်း၊ လယ်ယာထွက်ကုန်ပစ္စည်းများ တင်ပို့မှု မှ အမေရိကန် ဒေါ်လာ ၂ ဒသမ ၉ ဘီလီယံနှင့် သတ္တုတွင်းထွက် ပစ္စည်းတင် ပို့မှုမှ အမေရိကန် ဒေါ် လာ ၁ဘီလီယံ ကျော် မျှော်မှန်းထားကြောင်း သိရှိရသည်။
“ရင်းနှီးမြှုပ်နှံမှုတွေ များ လာတာနဲ့အမျှ သွင်းကုန်ကလည်း များလာမယ်ပေါ့။ ဒါတွေအတွက် ကိုလည်း တိုးလာနိုင်တဲ့ အနေ အထားကို မှန်းပါတယ်။ အဓိကအများဆုံးတင်ပို့နိုင်မှာကတော့ စက်မှုကုန်ချော လုပ်ငန်း တွေပေါ့။ ဒီမှာလည်း CMP လုပ်ငန်းတွေနဲ့ သဘာဝဓာတ်ငွေ့ပါမှာပေါ့။ ဒါကတော့ အများဆုံးတင်ပို့မှုအဖြစ် မှန်းထားတယ်။ ဒီနှစ်မှာဆို သဘာ၀ ဓာတ် ငွေ့ က အရင် ထိုင်းတခုတည်းဆိုပေမယ့် အခု တရုတ်ကိုပါ တင်ပို့လာတာလည်းပါတယ်” ဟု ညွှန်ကြားရေးမှုး ဦးဝင်းမြင့်က ပြောသည်။