ယခုသီတင်းပတ်အတွင်း နယ်စပ်လမ်းကြောင်းမှ တရုတ်နိုင်ငံသို့ ဆန်တင်ပို့မှုသည် လက်တလောတွင် ပုံမှန်ထက် ထက်ဝက်ကျော် လျော့ကျ နေကြောင်း သိရသည်။
တရုတ်နိုင်ငံဘက်သို့ နယ်စပ်မှ ဆန်တင်ပို့နေသည့်နှုန်းသည် ပုံမှန်အားဖြင့် တနေ့လျှင် ကားအစီး ၃၀၀ ကျော်မှ ၄၀၀ နီးပါး တင်ပို့လေ့ရှိရာ ယခုရက်များအတွင်း ကားအစီး ၁၀၀ ပင် ပို့ဆောင်မှု မရှိတော့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ကုန်သွယ်မှု မြှင့်တင်ရေးနှင့် စားသုံးသူ အကာအကွယ်ပေးရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းမြင့်က ဧရာဝတီကို ပြောသည်။
“တရုတ်က ပိုက်ဆံချက်ခြင်း မချေနိုင်ဘူး။ ၂ ပတ်နေရမယ် ဆိုတာမျိုး လုပ်တယ်။ အကြွေးစနစ် ပေးတယ်။ နောက်ပြီး တရုတ်ပြည် ထဲမှာ ဖမ်းနေတဲ့အခါကျတော့ ဒီဘက်က ဝယ်ရတဲ့သူ ခက်သွားတယ်။ နောက်ပြီး ဝယ်တဲ့ကုန်သည်ကလည်း သူတို့ခြင်းညှိပြီး ငါတို့ဘယ်ဈေးပေးမယ်ဆိုတဲ့အခါ ဗမာကုန်သည်ဘက်က မရောင်းနိုင်တဲ့ ဈေးတွေဖြစ်ကုန်ရော”ဟုလည်း ၎င်းက ပြောပြသည်။
ထိုသို့ မြန်မာ့ဆန်များ နယ်စပ်မှတဆင့် တရုတ်နိုင်ငံသို့ တင်ပို့နေမှုသည် လက်ရှိအချိန်အထိ တရားမဝင် တင်ပို့မှု ဖြစ်နေဆဲ ဖြစ်ကြောင်းလည်း သိရသည်။
မူဆယ်-နမ့်ခမ်း နယ်စပ်ကုန်သည်ကြီးများအသင်း ဒု ဥက္ကဌ ဦးဌေးဦးကလည်း“ဟိုဘက်က အဖမ်းအဆီးတွေ ရှိတယ်လေ။ အဲ့ဒါကြောင့်ပါ။ အခုအနေအထားအားဖြင့် ဆန်ကွဲတော့ ရောင်းရတယ်။ ဆန် ကတော့ လောလောဆယ် မရောင်းရဘူး။ မရောင်းရဘူး ဆိုတဲ့ အပိုင်းကလည်း ဈေးနှိမ်တယ်လေ။ ဈေးနှိမ်တော့ မရောင်း နိုင်ကြဘူး။ ဟိုဘက်က ဖမ်းတာဆီးတာတွေမှာ တရုတ်ကုန်သည် တွေကိုလည်း ဖမ်းထားတာတွေ ရှိတယ်”ဟု ပြောသည်။
ယင်းအခြေအနေများနှင့် ပတ်သက်ပြီး မြန်မာ့ဆန်များ တရုတ်နိုင်ငံသို့ တရားဝင် တင်ပို့ခွင့်ရရန် တရုတ်နိုင်ငံဘက်မှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် အပါအဝင် အစိုးရ ဌာနဆိုင်ရာများက ညှိနှိုင်းမှုများ လုပ်ဆောင်နေကြောင်း သိရသည်။
တရုတ်နိုင်ငံဘက်က ၎င်းတို့နိုင်ငံသို့ တင်ပို့မည့် ဆန်များကို စစ်ဆေးပေးမည့် အဖွဲ့အစည်းတခု မြန်မာနိုင်ငံတွင် ထားရှိရန် ပြောဆို ထားသော်လည်း ထိုအဖွဲ့ကို ယခုအချိန်အထိ မြန်မာနိုင်ငံသို့ စေလွှတ်ခြင်း မရှိသေးကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်၏ အလုပ်အမှုဆောင်တဦးက ပြောသည်။
တရုတ်နိုင်ငံဘက်မှ ကုန်ပစ္စည်း အရည်အသွေး စစ်ဆေးရေးနှင့် ပိုးမွှားကွပ်ကဲရေး အာဏပိုင် အဖွဲ့အစည်း(AQSIQ) နှင့် မြန်မာနိုင်ငံ ဘက်မှ ဆန်လုပ်ငန်းနှင့် သက်ဆိုင်သော ပုဂ္ဂလိကနှင့် အစိုးရဌာနများ ညှိနှိုင်း၍ မြန်မာကုမ္ပဏီများက ဆန်ကို တရားဝင် စတင်ပို့ရန် သဘောတူခဲ့ကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်က ပြောဆိုသည်။
တရုတ်နိုင်ငံဘက်သို့ တရားမဝင် ဆန်တင်ပို့မှု ရှိနေဆဲအချိန်တွင် တရုတ်အာဏာပိုင်များက ကုန်ပစ္စည်းအရည်အသွေး စစ်ဆေးရေး နှင့် ဆက်စပ်ပြီး ဖမ်းဆီးအရေးယူမှုများကို ရံဖန်ရံခါ လုပ်ဆောင်လေ့ရှိကြောင်း ဆန်ကုန်သည် တချို့ကလည်း ပြောသည်။
မြန်မာနိုင်ငံမှ တင်ပို့သော နှစ်အလိုက် စုစုပေါင်း ဆန်တန်ချိန် ပမာဏတွင် တရုတ်နိုင်ငံက အများဆုံး ဝယ်ယူနေသူ ဖြစ်ပြီး ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ဆန်တန်ချိန် ၈ သိန်းကျော်၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ဆန်တန်ချိန် ၇ သိန်းနီးပါးနှင့် ပြီးခဲ့သည့် ၂၀၁၄- ၂၀၁၅ ဘဏ္ဍာနှစ်တွင် ဆန်တန်ချိန် ၁ သန်းကျော် ဝယ်ယူထားကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် မှတ်တမ်းများအရ သိရသည်။