ယခုဘဏ္ဍာနှစ်အစ ဧပြီလမှ ဇူလိုင်လ ပထမပတ်အထိ သဘာဝဓာတ်ငွေ့တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော် ရရှိထားပြီး ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန (စီးပွား/ကူးသန်း) မှ သိရှိရသည်။
စီးပွား/ကူးသန်း ကုန်သွယ်မှုမြှင့်တင်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းမြင့် က “ဂက်စ်က ရောင်းရငွေ ဒေါ်လာ ၁ ဘီလီယံ ကျော်သွားပြီ၊ တရုတ်ရော ထိုင်းရော ၂ နိုင်ငံပေါင်းပေါ့”ဟု ပြောသည်။
မြန်မာနိုင်ငံသည် ရေနံနှင့် သဘာဝဓာတ်ငွေ့ကို လက်ရှိ ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံသို့ တင်ပို့နေပြီး ထိုင်းနိုင်ငံသို့ တင်ပို့သည့် ပမာဏ က များပြားနေဆဲဖြစ်ကြောင်း သိရသည်။
ရေနံနှင့်သဘာဝဓာတ်ငွေ့ လုပ်ကွက်များမှ ထုတ်လုပ်တင်ပို့နေသည့် ပမာဏမှာ လက်ရှိအချိန်တွင် ထိုင်းနိုင်ငံသို့ နေ့စဉ် ကုဗပေ ၁.၄ ဘီလီယံနှင့် တရုတ်နိုင်ငံသို့ ကုဗပေ ဝ.၃ ဘီလီယံ ဖြစ်ပြီး ပြည်တွင်းသို့ ဖြန့်ဖြူးပေးနေသည့် ပမာဏသည် ကုဗပေ သန်း ၃၀၀ သာရှိကြောင်း စွမ်းအင်ဝန်ကြီးဌာန အချက်အလက်များတွင် ပါရှိသည်။
မြန်မာနိုင်ငံ၏ရေနံနှင့် သဘာဝဓာတ်ငွေ့ထုတ်လုပ်မှုသည် တင်ဒါမပေးရသေးဘဲ ကျန်ရှိနေသေးသော လုပ်ကွက်များနှင့် ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် နှင့် ၂၀၁၄ ခုနှစ်များတွင် ချထားပေးခဲ့သော လုပ်ကွက်များကြောင့် အလားအလာ ကောင်းသော်လည်း ကမ္ဘာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ ဈေးနှုန်း ကျဆင်းမှုကြောင့် ဆိုးကျိုး ကောင်းကျိုး ရိုက်ခတ် စေနိုင်ကြောင်း ပြောဆိုကြသည်များလည်း ရှိနေသည်။
မြန်မာနိုင်ငံကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်ကြီးများ အသင်းချုပ် ဒု ဥက္ကဋ္ဌ ဒေါက်တာ မျိုးသက်က“ဂက်စ် ထုတ်လုပ်မှုကတော့ အလားအလာ ရှိနေပါတယ်။ ဒါပေမယ့် ကမ္ဘာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ဈေးနှုန်း ကျဆင်းမှုပေါ် မူတည်ပြီး မြန်မာ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ငန်းဟာလည်း ဆိုးကျိုးနဲ့ ကောင်းကျိုးတွေ ရှိလာနိုင်မယ်လို့ ခန့်မှန်းမှုတွေရှိပါတယ်”ဟု ပြောသည်။
အစိုးရက ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်နှင့် ၂၀၁၄ ခုနှစ်များတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ ကုန်းတွင်းလုပ်ကွက် ၁၆ ကွက်နှင့် ကမ်းလွန် လုပ်ကွက် ၂၀ တို့ကို နိုင်ငံတကာ ကုမ္ပဏီများသို့ တင်ဒါခေါ်ယူ၍ လုပ်ပိုင်ခွင့်များ ချပေးခဲ့သည်။
အဆိုပါ လုပ်ပိုင်ခွင့်ရရှိခဲ့သော လုပ်ကွက်များအတွင်းမှ တချို့သော လုပ်ကွက်များသည် ၂၀၁၆ ခုနှစ်အတွင်း တူးဖော်ရေးလုပ်ငန်းများ စတင်လာနိုင်ရန်ရှိကြောင်း ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းများတွင် ဝန်ဆောင်မှုကဏ္ဍ လုပ်ကိုင်ကြသည့် ပြည်တွင်း ကုမ္ပဏီများထံမှ သိရသည်။
ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းသည် မြန်မာနိုင်ငံသို့ ဝင်ရောက်သည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွင် ပမာဏ အများဆုံးဖြစ်ပြီး လက်ရှိ ဝင်ရောက်လုပ်ကိုင်နေသည့် ရင်းနှီးမြှုပ်နှံမှု တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၁၈.၇၁၈ ဘီလီယံအထိ ရှိသည်။
လက်ရှိ ဝင်ရောက်လုပ်ကိုင်နေသည့် ရင်းနှီးမြှုပ်နှံမှု ပမာဏ အားလုံး၏ ၄၀.၄၀ ရာခိုင်နှုန်းအထိ ရှိကြောင်း ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီ များ ညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားသည်။