ပြည်တွင်းငွေလဲလှယ်ရောင်းဝယ်ရေးဈေးကွက်တွင် အမေရိကန်တဒေါ်လာ မြန်မာကျပ်ငွေ ၁၃၀၀ အထိဈေးနှုန်းများ ထပ်မံ မြင့်တက်လာပြီး အရောင်းအဝယ် ကောင်းမွန်လျက်ရှိကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ပြင်ပငွေလဲလှယ်ဈေးနှုန်းထက် နိမ့်ကျသော ငွေလဲလှယ်နှုန်းထားကို ရည်ညွှန်း ငွေလဲလှယ် နှုန်း အဖြစ်သတ်မှတ်ခဲ့နေရာမှာ ဇူလိုင် ၁၃ ရက်နေ့မှစတင်ပြီး ပြင်ပဈေးကွက်နှင့် ကွာဟမှု ကျဉ်းမြောင်းသော ငွေလဲနှုန်း ထားကို ရည်ညွှန်းငွေလဲလှယ်နှုန်းထားအဖြစ် သတ်မှတ်ခဲ့ကြောင်း၊ ယင်းသို့ သတ်မှတ်ပြီးနောက် ပြင်ပဈေးကွက်ပေါက် ဈေးမှာ တရိပ်ရိပ်မြင့်တက်လာပြီး ဇူလိုင်လ ၂၁ ရက်နေ့တွင် ပြင်ပပေါက်ဈေး တဒေါ်လာလျှင် မြန်မာကျပ်ငွေ ၁၂၉၀ အထိ မြင့်တက်လာကြောင်း သိရှိရသည်။
“ဒေါ်လာဈေးက ဒီနေ့ တော်တော်လေး တက်သွားခဲ့တယ်။ ရှေ့အလားအလာက တက်ဖို့ပဲရှိတယ်”ဟု ရန်ကုန်အခြေစိုက် ငွေလဲလှယ်ရောင်းဝယ်ရေးလုပ်ကိုင်သူတဦးက သုံးသပ်ပြောဆိုသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ဇူလိုင်လ ၂၁ ရက်နေ့ ရည်ညွှန်းငွေလဲလှယ်နှုန်းထားသည် အမေရိကန်တဒေါ်လာလျှင် ၁၂၄၀ သတ်မှတ်ထားသော်လည်း ပြင်ပဈေးကွက်နှင့် ကွာဟနေသည့်အတွက် တရားဝင်လိုင်စင်ရ ငွေလဲလှယ်ရောင်း ဝယ်ရေးစင်တာများတွင် လာရောက်ဒေါ်လာရောင်းချမှုသာလက်ခံပြီး ငွေလဲစင်တာများက ဒေါ်လာ ထုတ်မရောင်း၍ အလုပ်မဖြစ်ကြောင်း၊ ဒေါ်လာအရောင်းအဝယ်သည် တရားမဝင် ပြင်ပ ဈေးကွက်တွင်သာ အရောင်းအဝယ် ဖြစ်ထွန်းနေ ကြောင်း သိရှိရသည်။
“ဒီဈေးကွက်က အစိုးရနဲ့ ပြိုင်နေတဲ့ ဈေးကွက် ၊ဗဟိုဘဏ်က လိုက်ညှိပေမယ့် ကမ္ဘာ့ ဈေးကွက်မှာ အတက်အကျ ရှိတယ်၊ ဗဟိုဘဏ်က ဈေးတက်ချင်ရင် အစည်းအဝေး ထိုင်နေရသေးတယ်၊ ဒီမှာက အင်တာနက်က ကြည့်နေတာ၊ တနေ့တည်း ကို ၄၊ ၅ ကြိမ်လောက် ပြောင်းတက်တယ်။ များသောအားဖြင့်က ဗဟိုဘဏ်ပိတ်ချိန်မှာ ဈေးက တက်တယ်” ဟု ပြင်ပ ငွေကြေးဈေးကွက်မှ ငွေကြေးဆိုင်ရာကျွမ်းကျင်သူတဦးက သုံးသပ်ပြောဆိုသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ သတ်မှတ် ရည်ညွှန်းငွေလဲလှယ်နှုန်းထားသည် ပြင်ပဈေးကွက်ပေါက်ဈေးထက် နည်းသော်လည်း ဝယ်ယူရာတွင် အခက်အခဲများရှိနေကြောင်း၊ ဗဟိုဘဏ်သည် စက်သုံးဆီနှင့် စားအုန်းဆီ တင်သွင်းသည့် လုပ်ငန်းရှင်များကို ဒေါ်လာရောင်းချပေးနေသော်လည်း လုံလောက်မှုမရှိသည့်အတွက် ပြင်ပဈေးကွက်ကို အားကိုး ဝယ်ယူ နေရကြောင်း သိရှိရသည်။
ပြင်ပဈေးကွက်တွင် ပုဂ္ဂလိဘဏ်တချို့က အမေရိကန်ဒေါ်လာ သိမ်းကျုံးဝယ်ယူမှုများရှိနေသည့်အတွက် အမေရိကန် ဒေါ်လာ ငွေလဲလှယ်နှုန်းထား မြင့်တက်ခြင်းဖြစ်သည်ဟု ဈေးကျွမ်းကျင်သူတချို့က သုံးသပ်ပြောဆိုသည်။
မြန်မာနိုင်ငံသားများဘဏ်မှ အထွေထွေမန်နေဂျာ ဦးအောင်ကျော်လှိုင်က ငွေလဲလှယ်နှုန်းထား မြင့်တက်မှုကို အစိုးရ ကိုင်တွယ်ရာတွင် ပြည်ပ ပို့ကုန်တိုးမြှင့်ခြင်း၊ သွင်းကုန်များ ထိန်းချုပ်ခြင်းဖြင့် ပြန်လည်ကျဆင်းအောင် လုပ်ဆောင်ခဲ့သည့် သာဓကများရှိ၍ မကြာမီ သွင်းကုန်ထိန်းချုပ်မှုများရှိလာနိုင်ကြောင်း ပြောဆိုသည်။
“သွင်းကုန်အတွက်တော့ မကောင်းဘူးပေါ့၊ မြန်မာငွေပိုရှာရတာပေါ့။ ပို့ကုန်ကလည်း သိပ်မရှိဘူး။ နောက်ပိုင်းမှာ အရေး မကြီးတဲ့ ဇိမ်ခံပစ္စည်းလိုဟာတွေကို ကန့်သတ်လိုက်တာတို့ ဖြစ်လာမှာပေါ့။ ဒါမှ ပြည်တွင်းက နိုင်ငံခြားငွေ အပြင်ကို မထွက် မှာပေါ့၊ သိပ်အရေးကြီးလာရင် ဒါတွေက လုပ်လေ့ရှိပါတယ်”ဟု ဦးအောင်ကျော်လှိုင်က ဆိုသည်။
ပြည်တွင်းရွှေဈေးကွက်တွင် ကမ္ဘာရွှေဈေးသည် ကျဆင်းနေပြီး မြန်မာ့ဈေးကွက်တွင်မူ ဒေါ်လာတန်ဖိုးမြင့်တက်လာမှု ကြောင့် မြန်မာ့ရွှေဈေး အနည်းငယ်သာ ကျဆင်းကြောင်း၊ လတ်တလော အခေါက်ရွှေတကျပ်သားလျှင် ၇၃၉၀၀၀ အထိ ကျဆင်းလာကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။