မြန်မာနိုင်ငံ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာနက ဗီယက်နမ်နိုင်ငံမှ သတင်းအချက် အလက်နည်းပညာ ကုမ္ပဏီ လုပ်ငန်းစုတခုဖြစ်သည့် FPT Group ကို မြန်မာနိုင်ငံ၏ အင်တာနက် အခြေခံအဆောက်အဦ ဖွံ့ဖြိုးရေးလုပ်ငန်းများ ၁၅ နှစ်ကြာ လုပ်ကိုင်နိုင်ရန် ခွင့်ပြုလိုက်ကြောင်း သိရသည်။
“ဒါက FPT Group အတွက် သမိုင်းဝင် အရွေ့တခုဖြစ်ပါတယ်။ ကျနော်တို့က ဗီယက်နမ်နိုင်ငံမှာ ကျနော်တို့ လုပ်နေတဲ့ အတိုင်းပဲ အရည်အသွေး ညီတူညီမျှ လုပ်ပေးချင်ပါတယ်” ဟု FPT ၏ ဥက္ကဋ္ဌ Truong Gia Binh က Nikkei သတင်းဌာနသို့ ပြောသည်။
ဗီယက်နမ်နိုင်ငံသည်လည်း မြန်မာနိုင်ငံကဲ့သို့ပင် ဆက်သွယ်ရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အလားတူ လမ်းကြောင်းအတိုင်း သွားခဲ့ရသည်ဟု သူက မှတ်ချက်ချသည်။
“မြန်မာနိုင်ငံဟာ ပြင်ပကမ္ဘာနဲ့ အဆက်အသွယ်ဖြတ်ပြီး ကာလကြာရှည်နေခဲ့ရပါတယ်။ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ခံခဲ့ရပါတယ်။ ဗီယက်နမ် အတိုင်းပါပဲ။ FPT က ဗီယက်နမ်နိုင်ငံမှာ ပိုမိုကောင်းမွန်တဲ့ သတင်းအချက်အလက် နည်းပညာဆိုင်ရာ အခြေခံ အဆောက်အဦတွေ တည်ဆောက်ရေးမှာ အရေးပါတဲ့ နေရာက ပါဝင်ခဲ့ပါတယ်” ဟု Truong Gia Binh က ဆိုသည်။
FPT က အင်တာနက် အခြေခံအဆောက်အဦများ ငှားရမ်းခွင့်နှင့် ပြုပြင်ထိန်းသိမ်းခွင့်များ ရရှိရန် ရည်ရွယ်ထားသည်။ တန်ဖိုးမြှင့် ဝန်ဆောင်မှုများပေးရန်လည်း မျှော်လင့်ထားသည်။ မြန်မာနိုင်ငံ၏ အဓိကမြို့ကြီးများတွင် ဖိုက်ဘာကွန်ရက် တခု တည်ဆောက်ရန် တည်ဆဲ လုပ်ထုံးလုပ်နည်းများ နှင့်အညီ အသေးစိတ် အစီအစဉ်များရေးဆွဲ နိုင်ရန် FPT မှ အဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့တဖွဲ့ သြဂုတ်လအတွင်း မြန်မာနိုင်ငံသို့ လာရောက်မည်ဟု သိရသည်။ FPT သည် အင်တာနက် တီဗီ၊ အွန်လိုင်း ဂိမ်း နှင့် e-commerce စသည့် ဝန်ဆောင်မှုများ ပေးနေသည့် ကုမ္ပဏီဖြစ်သည်။
မြန်မာနိုင်ငံမှ လူဦးရေ သန်း ၅၀ ကျော်သည် ပြည်ပမှ အရေးပါသည့် ဈေးကွက်တခု ဖြစ်သည်ကို သတိပြုမိခဲ့ ပြီးနောက် ၂၀၁၃ ခု နှင့်တွင် FPT Group က မြန်မာနိုင်ငံတွင် ရုံးခွဲတခု တရားဝင် လာရောက်ဖွင့်လှစ်ခဲ့သည်။ ထို့ကြောင့် ယခုကဲ့သို့ လိုင်စင် အသစ်ရရှိလိုက်ခြင်းက ၎င်းတို့အတွက် အရေးပါသည့် ခြေလှမ်းတရပ်ဖြစ်လာသည်။ ပြီးခဲ့သည့် နှစ်က FPT ၏ နိုင်ငံရပ်ခြားမှ ရရှိငွေ အမေရိကန်ဒေါ်လာ ၁၇၄ သန်းထဲတွင် မြန်မာနိုင်ငံမှ ဒေါ်လာ ၁၃ ဒသမ ၅ သန်းပါဝင်ခဲ့သည်။ ၂၀၂၀ ပြည့်နှစ် မရောက်မီ နိုင်ငံရပ်ခြားမှ ဝင်ငွေ တနှစ်လျှင် အမေရိကန်ဒေါ်လာ ၁ ဘီလီယံ ရရှိရန်လည်း FPT က ရည်ရွယ်ထားကြောင်း သိရသည်။
Source: Nikkei