ဆက်သွယ်ရေး လုပ်ငန်းလိုင်စင် လုပ်ပိုင်ခွင့် ရရှိထားသည့် တယ်လီနောကုမ္ပဏီက ၎င်းတို့၏ ဆက်သွယ်ရေးကွန်ရက် ဖြန့်ကျက်နိုင် မှုကို မြန်မာနိုင်ငံအတွင်း ၅၀ ရာခိုင်နှုန်းသာ ဖြန့်ကျက်အသုံးပြုနိုင်သေးသည်ဟု ဇူလိုင် ၂၂ ရက်တွင် ထုတ်ပြန်ကြေညာသည်။
“ပထမဆုံး ၅၀ ရာခိုင်နှုန်း ကာဗာဖြစ်ပြီလို့ပြောတာက နောက်လာမယ့် ၅၀ ရာခိုင်နှုန်းနဲ့ ယှဉ်မယ်ဆို ပိုပြီးလွယ်တယ်။ အရင်ဆုံး မြို့တွေမှာ လုပ်ခဲ့တဲ့အတွက် မြို့တွေမှာ မိုဘိုင်းဖုန်း သုံးစွဲသူတွေက လွယ်လွယ်ကူကူ သုံးစွဲတယ်။ နောက်လာမယ့် ၅၀ ရာခိုင်နှုန်း အတွက်ကတော့ နည်းနည်း စိန်ခေါ်မှု ရှိပါတယ်”ဟု တယ်လီနောမြန်မာ၏ အမှုဆောင် အရာရှိချုပ် Mr Petter Furberg က ဇူလိုင်လ ၂၂ ရက်တွင် ပြုလုပ်သော တယ်လီနောကုမ္ပဏီနှင့် မီဒီယာများ တွေ့ဆုံပွဲ၌ ပြောဆိုသည်။
တယ်လီနော ကုမ္ပဏီက ၂၀၁၄ ခုနှစ် စက်တင်ဘာလ အတွင်းမှ စတင်ပြီး ၎င်းတို့၏ ဆက်သွယ်ရေး ကွန်ရက်များကို အသုံးပြုနိုင်ကြောင်း ကြေညာခဲ့ပြီးနောက် ယခုအချိန်အထိ ၉ လ ကျော် ကာလအတွင်း ၅၀ ရာခိုင်နှုန်း အသုံးပြုနိုင်သည့် ဆက်သွယ်ရေးကွန် ရက် ကို ဖြန့်ကျက်နိုင်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
ကျန်ရှိနေသေးသည့် ၅၀ ရာခိုင်နှုန်း အသုံးပြုနိုင်ရန်အတွက် မြို့ပြများထက် နယ်မြို့များတွင် ကွန်ရက်များ တည်ဆောက်မည်ဖြစ်ကြောင်းလည်း သိရသည်။
တယ်လီနော ကုမ္ပဏီက မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးလုပ်ငန်း လုပ်ပိုင်ခွင့် ၁၅ နှစ် လိုင်စင်ကို ၂၀၁၄ ခုနှစ် ဇန်နဝါရီလက ရရှိခဲ့ ချိန်မှစ၍ ၅ နှစ်အတွင်း ၉၀ ရာခိုင်နှုန်း အသုံးပြုနိုင်မည့် ကွန်ရက် ဖြန့်နိုင်မည်ဟု ပြောဆိုထားသည်။
လက်ရှိအချိန်တွင် တယ်လီနော ကုမ္ပဏီက တာဝါတိုင်ပေါင်း ၂၃၀၀ နှင့် 2G ၊ 3G ကွန်ရက်များ လွှင့်ပေးလျက်ရှိပြီး တယ်လီနော သုံးစွဲသူ အရေအတွက်သည် ယခုနှစ် ဇွန်လကုန်အထိ မှတ်တမ်း အချက်အလက်များအရ ၉.၅ သန်းအထိ ရှိလာကြောင်း ထုတ်ပြန် ကြေညာသည်။
တယ်လီနော ကုမ္ပဏီက မြန်မာအစိုးရနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအဖြစ် လုပ်ဆောင်ရာတွင် ၎င်းတို့ဘက်မှ ပေး ရန်ရှိသည့် ငွေပမာဏ၏ ၆၀ ရာခိုင်နှုန်းကို ပေးချေပြီးဖြစ်ကြောင်း သိရသည်။
တယ်လီနော ဖုန်းခေါ်ဆို အသုံးပြုခသည် လက်ရှိအချိန်တွင် ၁ မိနစ်လျှင် ၂၅ ကျပ်နှုန်း ကောက်ခံနေပြီး ထပ်မံလျှော့ချမည် မချမည် ဆိုသည်ကို အတည်ပြုပြောဆို ထုတ်ပြန်ခြင်း မရှိသေးသော်လည်း ၎င်း၏ပြိုင်ဘက် နိုင်ငံတကာ ဆက်သွယ်ရေး အော်ပရေ တာ ကုမ္ပဏီတခုဖြစ်သည့် အော်ရီဒူး ဖုန်းအသုံးပြုခေါ်ဆိုခသည် ၁ မိနစ်လျှင် ၂၀ ကျပ်ဖြင့် ကောက်ခံလျက် ရှိသည်။