မြန်မာနိုင်ငံ အနှံအပြား ရေကြီး၊ ရေနှစ်မြုပ်ခြင်းများ ဖြစ်ပေါ်နေချိန်တွင် ဆန်ဈေးနှုန်း တည်ငြိမ်စေရေးနှင့် ဆန်များ ပြည်တွင်း၌ လုံလောက်စွာ ရောင်းချပေးရန် ရည်ရွယ်ပြီး ပြည်ပသို့ ဆန်တင်ပို့ခြင်းအား စက်တင်ဘာလ ၁၅ ရက်နေ့အထိ ရက်ဆိုင်းထားရန် မြန်မာနိုင်ငံ ဆန်ကုန်သည်အသင်းနှင့် ဆန်ကုန်စည်ဒိုင်များ အစည်းအဝေး ပြုလုပ် ဆုံးဖြတ်လိုက်ကြောင်း သိရသည်။
“လိုအပ်ရင် ဆန်ဈေးတွေကို ထိန်းနိုင်ဖို့ ဆန်ကုန်စည်ဒိုင် အသင်းတွေနဲ့ မြန်မာနိုင်ငံ ဆန်ကုန်သည် အသင်းတို့ ပေါင်းပြီး ဈေးကွက်ထဲမှာ သက်သာလာဖို့ ကြိုးစားနေတယ်။ ဈေးကွက်ထဲကိုတော့ ပစ္စည်းတွေက ချက်ချင်း မရောက်နိုင်တော့ မြန်အောင် စဉ်းစားနေတယ်။ အခု နယ်စပ်ဒေသတွေကို ၄၅ ရက်ခန့် ဆန်တင်ပို့တာ ရပ်ဆိုင်းမယ်ဆိုတော့ ဆန်ဈေး ပြန်ငြိမ်သွားနိုင်ပါတယ်” ဟု ပြည်ပသို့ ဆန်တင်ပို့မှု ရပ်ဆိုင်းထားခြင်းနှင့် ပတ်သက်ပြီး မန္တလေး ဆန်ကုန်စည်ဒိုင် ဥက္ကဋ္ဌ ဦးသိန်းဇော်က ပြောသည်။
ရေကြီး၊ ရေနစ်မြုပ်မှုများ လတ်တလော ဖြစ်ပွားနေသည့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်နှင် ရခိုင်ပြည်နယ်တို့တွင် ဆန်ဈေးနှုန်းများ အဆမတန် မြင့်တက်နေပြီး၊ ရေကြီးနေသည့် မြန်မာနိုင်ငံ အနှံ့အပြားရှိ တချို့ဒေသများတွင် လိုအပ်သည့် ဆန်ပမာဏကို ဝယ်ယူရရှိရန် ခက်ခဲနေကြောင်း သိရသည်။
“ရေဘေးအတွက် ဆန်တွေလှူဖို့ ဝယ်နေတာရှိတယ်။ ရေဘေးဖြစ်ချိန်မှာ အဝယ်ကလည်းများတော့ ဆန်ဈေးက တအိတ်ကို ၂ ဆ၊ ၃ ဆ ပေး ဝယ်ရတယ်။ ပစ္စည်းတွေ ပြတ်တယ်ဆိုတာတွေ ဖြစ်တာပေါ့။ ကျနော်တို့ မန္တလေးဘက်က ဆန်တွေကို စစ်ကိုင်းတိုင်းတို့ ချင်းပြည်နယ်တို့က အဆွဲများတယ်။ ရန်ကုန်ဘက်က ဆန်ကို မကွေးဘက်က အဆွဲများတယ်။ အကြမ်းဆိုရင် တအိတ် တထောင်တက်တယ်။ ဆန်ချောဆိုရင် တအိတ်ကို ၁၅၀၀ တက်တယ်၊ ကျနော်တို့ဆီက တနေ့ကို ဆန်အိတ်ရေ ရာဂဏန်းလောက် ရောင်းနေရတယ်” ဟု မန္တလေးမြို့ အခြေစိုက် ဆန်ကုန်သည် တဦးက ဆိုသည်။
ယခုရက်ပိုင်း ဈေးကွက်အတွင်း ဖြစ်ပေါ်နေသည့် ဆန်ဈေးနှုန်းများမှာ ရွှေဘိုဈေးကွက်တွင် ဆန်ကြမ်း (ဧည့်မထ) တအိတ်လျှင် အနိမ့်ဆုံး ၂၁,၀၀၀ ကျပ်၊ ရွှေဘိုပေါ်ဆန်း တအိတ်လျှင် ၄၆,၀၀၀ မှ ၄၇,၀၀၀ ကျပ်တို့ ဖြစ်ပြီး၊ ဆန်ကြမ်း ဈေးနှုန်းသည် တအိတ်လျှင် ကျပ် ၁,၀၀၀ ခန့် ဈေးမြှင့်လာပြီး ပေါ်ဆန်းဈေးနှုန်းမှာ တအိတ်လျှင် ကျပ် ၂,၀၀၀ ဝန်းကျင်ခန့် မြှင့်တက်လာသည့်အပြင် စပါးဈေးနှုန်းများသည်လည်း တင်း ၁၀၀ လျှင် ကျပ် တသိန်း ဝန်းကျင် တက်လာကြောင်း ရွှေဘိုအခြေစိုက် ဆန်ကုန်သည် ဦးကျော်စိုးက ပြောသည်။
အလားတူ ရေကြီးနစ်မြုပ်မှုကို ခံစားလာရသည့် ပဲခူးတိုင်းဒေသကြီး ပြည်မြို့တွင် ပုသိမ်ပေါ်ဆန်း ဆန်ချောတအိတ်လျှင် ကျပ် ၃၃,၈၀၀၊ အနိမ့်ဆုံး ဆန်ကြမ်းအမျိုးအစား ဆန်ဈေးနှုန်းမှာ တအိတ်လျှင် ၂၂,၀၀၀ ကျပ် ဖြစ်နေပြီး ဆန်တအိတ်လျှင် အနည်းဆုံး တထောင်ခန့် ဈေးတက်နေကြောင်း ပြည်မြို့ခံ ကိုမင်းမင်းက ပြောသည်။
“ကျနော့်ဆီမှာက မြစ်ကမ်းနားက ရွာ ၁၄ ရွာလုံး ရေက မြုပ်သွားပြီ။ လယ်တွေကလည်း ရေမြုပ်၊ ရေဘေးအလှုရှင် တွေကလည်း ဆန်လာလှူကြတယ်။ ပွဲစားတွေကလည်း ဆန်တွေကို လှောင်နေတာရှိတယ်။ ဒီတော့ ဈေးကွက်ထဲမှာ အလွယ်တကူ ဝယ်လို့မရဘူး” ဟု ၎င်းက ပြောသည်။
ရေဘေးကူညီ ကယ်ဆယ်ရေး ဆောင်ရွက်နေသည့် မကွေးမြို့ ဒေသခံ ကိုအိုလာက “မနေ့ကနဲ့ ဒီနေ့ကိုပဲ ဆန်ဈေးက ၅,၀၀၀ လောက် တက်နေတယ်။ ရိုးရိုးဆန်ကိုနော်၊ ဒီမှာက ရေတွေကလည်း မြုပ်နေဆဲဆိုတော့ ဆန်တွေက တအားလိုနေတယ်။ ဆန်ဈေးတက်တော့ ကျနော်တို့လည်း မလွယ်ဘူးပေါ့ဗျာ၊ ပိုကုန်တာပေါ့” ဟု ပြောသည်။
ရန်ကုန် ဆန်ဈေးကွက်တွင် လတ်တလော ဖြစ်ပေါ်သည့် ဆန်ဈေးနှုန်းများမှာ ဧည့်မထဆန် အမျိုးအစားတွင် အနိမ့်ဆုံး ဆန်တအိတ် ကျပ် ၂၀,၀၀၀ မှ ကျပ် ၂၄,၀၀၀ ရှိပြီး ဆန်ချော အမျိုးအစားမှာ တအိတ်လျှင် ကျပ် ၂၈,၅၀၀၊ ရွှေဘိုပေါ်ဆန်း တအိတ်လျှင် ကျပ် ၄၈,၀၀၀၊ တခြားပေါ်ဆန်း အမျိုးအစားများမှာ ၄၅,၀၀၀ ကျပ်ရှိကြောင်း မြောက်ဥက္ကလာပ ဈေးအတွင်းရှိ ရောင်နီဦး ဆန်ဆိုင်မှ သိရသည်။